Friday, January 16, 2015

မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ လျှောက်လွှာများရောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး

ကော်မတီမှ ရောင်းချ ပေးလျက်ရှိသော မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာဝယ်ယူခွင့်လျှောက် လွှာများအား တစ်စောင်လျှင် ကျပ် ၅၀၀ နှုန်းဖြင့် ဇန်နဝါရီ ၁၂ ရက်မှ စတင်၍ အဆိုပါ ရုံးဝင်းအတွင်း ရောင်းချပေးလျက်ရှိရာ လျှောက်ထားလိုသူများ ဖေဖော်ဝါရီ ၁၆ ရက်နောက်ဆုံးထား ပေးပို့လျှောက်ထား ရမည်ဖြစ်ကြောင်း သိရသည်။


ထိုသို့ရောင်းချရာတွင် မန္တလေး ခရိုင်အတွင်း နေထိုင်သည့် သက်ပြည့်၊ နှစ်ပြည့် အငြိမ်းစား ဝန်ထမ်းများ၊ လုပ်သက် ၂၅ နှစ်အထက်ရှိသော တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများ၊ တိုင်းပြည်အတွက် အသက် စွန့်လွှတ်ခဲ့သူများ၏ မိသားစုဝင်များနှင့် ကိုယ်အင်္ဂါစွန့်လွှတ် ခဲ့ရသူများအား ရောင်းချပေးမည်ဖြစ်ပြီး လျှောက်ထားသူ များသည် ကိုယ်ပိုင်အိမ်မရှိသူဖြစ်၍ အိမ်ထောင်စု တစ်စုလျှင် တစ်ဦးသာ လျှောက်ထားရမည် ဖြစ်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဝယ်ယူခွင့်လျှောက် လွှာတွေ စရောင်းတဲ့နေ့မှာပဲ အငြိမ်းစားဝန်ထမ်း ၁၂၆၄ ဦး၊ လုပ်သက် ၂၅ နှစ် အထက်ဝန်ထမ်း ၁၃၄၆ ဦးနှင့် တိုင်းပြည်အတွက် အသက်စွန့်ခဲ့သူ မိသားစုများနှင့် ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသူ ၄၅ ဦး စုစုပေါင်း ၂၆၅၅ ဦး ရောင်းချပေးခဲ့ပါတယ်။ သက်မှတ်ချက်တွေ ပြည့်စုံပေမယ့် အမှန်တကယ် အိမ်ပိုင်ဆိုင်မှုမရှိသူကိုသာ ရောင်းချပေးမှာပါ။
တချို့ မိသားစုဝင်တွေထဲမှာ သတ်မှတ်ချက် ပြည့်စုံသူတွေ အများကြီးပါနေပေမယ့်လည်း မိသားစုတစ်စုကို တစ်ဦးပဲ လျှောက် ခွင့်ရှိပါတယ်။ တစ်ဦးထက် ပိုမိုလျှောက်ထားကြောင်း စိစစ်တွေ့ရှိရလျှင် ပြန်လည် ပြင်ဆင်ပြီး တင်ပြလာ တဲ့ လျှောက် လွှာတွေကို ပယ်ဖျက်သွားမှာ ဖြစ်ပါတယ်။ ဒါကိုအထူးသတိပြု စေချင် ပါတယ်” ဟုပြောသည်။
လျှောက်လွှာများကို ဇန်နဝါရီ ၁၂ ရက်မှ ၃၀ ရက်ထိ ရုံးချိန်အတွင်း ရုံးဖွင့်ရက်တိုင်းတွင် ရောင်းချပေးမည်ဖြစ်ပြီး လျှောက်ထား လိုသည့် လျှောက်လွှာများကို ဖေဖော်ဝါရီ ၂ ရက်မှ ၁၆ ရက်အထိ ပြန်လည် စိစစ်လက်ခံ ပေးသွားမည်ဖြစ်၍ သတ်မှတ် ရက်ထက် နောက်ကျပြီး ရောက်ရှိလာသည့် လျှောက်လွှာများအား လက်ခံမည် မဟုတ်ကြောင်း သိရသည်။
မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ ၁၃၄၄ ခန်းကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ပထမအကြိမ်အဖြစ် ရောင်းမှားဝယ်မှားဖြစ်ခဲ့ကြသော ရပ်ကွက် နေပြည်သူများအတွက် ၃၇၇ ခန်းအား ဦးစားပေး ရောင်းချခဲ့ပြီး ယခုကျန်ရှိနေသည့် အခန်း ၉၀၀ ကျော်ကို ဒုတိယအကြိမ်အဖြစ် ရောင်းချပေးခြင်းဖြစ်ကာ တိုက်ခန်းဈေးနှုန်းများအဖြစ် ကျပ်သိန်း ၇၀ မှ ၁၃၀ အထိရှိကြောင်း သိရသည်။

No comments:

Post a Comment