Saturday, January 24, 2015

(၁၃) ကြိမ်မြောက် ဆရာဝန်တင်ရွှေ စာပေဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ



ရန်ကုန် ဇန်နဝါရီ ၂၄
(၁၃) ကြိမ်မြောက် ဆရာဝန်တင်ရွှေ စာပေဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ကိုယ်စား ဆရာဝန်တင်ရွှေ စာပေဆုရွေးချယ်ရေး အဖွဲ့ဝင်၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿကျော်ဝင်း) က နှုတ်ခွန်းဆက် စကားပြောကြားပြီး ဆရာဝန်တင်ရွှေ စာပေဆု ဆုရွေးချယ် ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က “တစ်သက်တာ စာပေဆုရ” စာရေးဆရာ ကြီး မောင်စူးစမ်း (ကိုယ်စား) ဇနီး ဒေါ်ခင်ချစ်အား ဆုပေးအပ် ချီးမြှင့်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က “စီးပွားရေး လုပ်ငန်းများနှင့် အဖွဲ့အစည်း ဆိုင်ရာ ဆောင်းပါးများ” စာအုပ်ဖြင့် ဆုရရှိသူ ဆရာမအေးဖြူနှင့် “သီတာမည်သားမှသည် ဘိုးဘိုး၏ အနှစ်များ ဆီသို့” ဝတ္ထုပေါင်းချုပ် စာအုပ်ဖြင့် ဆုရရှိသူ ယုယ (ဆေး-၁) တို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဆက်သွယ်ရေး သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က “Flowing waters:  Dipping into Myanmar History” စာအုပ်ဖြင့် ဆုရရှိသူ Tun Aung Chain နှင့် အလင်းစေတမန် တို့၏အောင်ပွဲ ပဲ့တင်သံများနှင့် အလင်းကမ္ဘာသစ်ဆီသို့ ဆောင်းပါးများ” စာအုပ်ဖြင့် ဆုရရှိသူ ဒေါက်တာနီလာသိန်း (လင်းရောင်သစ်) အား ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက်  ဆရာဝန်တင်ရွှေ၏ဇနီး ဒေါ်အေးသန့်က ဆုရွေးချယ်ရေးအဖွဲ့အား ဂုဏ်ပြုလက်ဆောင်နှင့် မြန်မာနိုင်ငံ စာရေး ဆရာ အသင်းသို့ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ဆုရရှိသူ စာရေးဆရာကြီးများက ကျေးဇူးတင်စကား ပြောကြားပြီး စာပေအလှူရှင် ဆရာဝန် တင်ရွှေ မိသားစု ကိုယ်စား သမီးဒေါ်သက်သက်ရွှေက ကျေးဇူးတင်စကား ပြောကြားသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းတို့မှ တာဝန်ရှိသူများ၊ ဆရာဝန် တင်ရွှေ စာပေဆု ရွေးချယ်ရေး အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


No comments:

Post a Comment