နေပြည်တော် ဇန်နဝါရီ ၂၄
စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများနှင့်
မြေဩဇာလုပ်ငန်း လုပ်ကိုင်သူများသိရှိရန် အသိပေးကြေညာချက်ကို လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန မြေဩဇာကော်မတီက ထုတ်ပြန်ထားကြောင်းသိရသည်။ ၎င်း ကြေညာချက် အပြည့်အစုံမှာ
မြေဩဇာကော်မတီသည် အရည်အသွေး ပြည့်ဝပြီး စံချိန်စံညွှန်းပြည့်မီသော မြေဩဇာများကို စိုက်ပျိုးရေးလုပ်ကိုင်သူများ
သုံးစွဲနိုင်ရန် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများ စနစ်တကျပြုလုပ်ပြီး မြေဩဇာမှတ်ပုံတင်
လက်မှတ်များ ထုတ်ပေးလျက်ရှိသည်။
ယခုအခါ ဈေးကွက်အတွင်း မြေဩဇာမှတ်ပုံတင်လက်မှတ်မရှိသော မြေဩဇာများ ရောင်းဝယ်ခြင်းများ မြေဩဇာ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်မရှိဘဲ
ဖြန့်ဖြူးရောင်းချ နေသည်ကို စစ်ဆေးတွေ့ရှိနေသည်။
အောက်ဖော်ပြပါ မြေဩဇာများမှာ မြေဩဇာကော်မတီတွင်
မှတ်ပုံတင်ထားခြင်း မရှိသဖြင့် အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီမှု အာမခံချက် မရှိကြောင်း
အသိပေး ဖော်ပြထားသည်။
ယင်းမြေဩဇာများကို ဝယ်ယူသုံးစွဲမိပါက
သီးနှံအထွက်နှုန်းများ ထိခိုက်လျော့နည်းပြီး သုံးစွဲသူများအတွက် စီးပွား ရေးတွက်ခြေမကိုက်ဘဲ
ဆုံးရှုံးနစ်နာမှုများ ဖြစ်နိုင်သဖြင့် မြေဩဇာကော်မတီတွင် မှတ်ပုံတင်ထားသော မြေဩဇာများကို
သာ ဝယ်ယူသုံးစွဲကြရန် တိုက်တွန်းထားသည်။
မြေဩဇာ ထုတ်လုပ်တင်သွင်းသည့် ကုမ္ပဏီလုပ်ငန်းများ
မြေဩဇာရောင်းချသည့် အရောင်းဆိုင်များသည် မြေဩဇာ ကော်မတီတွင် မှတ်ပုံတင်ထားခြင်းမရှိသော
မြေဩဇာများကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း များလုံးဝမပြုလုပ်ရန်နှင့်
လိုက်နာဆောင်ရွက်ခြင်း မရှိပါက မြေဩဇာဥပဒေပုဒ်မ (၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅)တို့အရ အရေးယူမည်ဖြစ်ကြောင်း
အသိပေးထားကြောင်း မြေဩဇာကော်မတီထံမှ သိရှိရသည်။

No comments:
Post a Comment