Sunday, January 25, 2015

တောင်သူလယ်သမား၊ အလုပ်သမားများရဲ့ လူမှုဘ၀ တိုးတက်ရေးဦးစားပေးဆောင်ရွက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ချီးမြှင့်ငွေတိုးမြှင့်ရေးကို ဒုတိယဦးစားပေးဆောင်ရွက်သင့်



နေပြည်တော် ဇန်နဝါရီ ၂၄
ဇန်နဝါရီ ၂၂ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးခဲ့သည့် ကောက်နုတ်ချက်များကို ဖော်ပြအပ်ပါသည် -

ဦးစောလှထွန်း(အတွင်းရေးမှူး၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ)
ကျွန်တော်တို့ ဥပဒေကြမ်းပူးပေါင်းကော်မတီအနေနဲ့ နောင်တွင် အဆိုပါဥပဒေဟု ရည်ညွှန်းသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေပုဒ်မ ၃ တွင် (က) ပုဒ်မခွဲ (က) တွင် ပါရှိသော ကျပ်သုံးသိန်းဆိုသည့် စကားရပ်ကို ကျပ်တစ်ဆယ်သိန်းဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။ (ခ) ပုဒ်မခွဲ(ခ)တွင်ပါရှိသော ကျပ်နှစ်သိန်းဆိုသည့် စကားရပ်ကို ကျပ်ငါးသိန်းဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။ (ဂ) ပုဒ်မခွဲ (ဂ)တွင် ပါရှိသော ကျပ်နှစ်သိန်းဆိုသည့် စကားရပ်ကို ကျပ်ငါးသိန်း ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။ (ဃ) ပုဒ်မခွဲ(ဃ) တွင် ပါရှိသော ကျပ်တစ်သိန်း ဆိုသည့် စကားရပ်ကို ကျပ်သုံးသိန်းဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဟူ၍ အတည်ပြုချက်အား လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။
ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး)
အချက်(၁) အနေနဲ့တင်ပြရရင် နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက် က နံပါတ်(၁) ပြောရရင်တော့ အကြောင်းအကျိုးဆီလျော်ပါတယ်။ ဘာလဲဆိုလို့ရှိရင် လွှတ်တော်ကိုယ်စားလှယ်အသီးသီးနဲ့ ဦးစီးအဖွဲ့ဝင် အရေအတွက်က ၁၃၄၉ ဦးရှိပါတယ်။ ဒီတစ်ထောင်ကျော်အတွက် ပိုမိုသုံးစွဲရမယ့်ငွေက ကျပ်သန်း ၉၁၄၅ သန်းဖြစ်ပါတယ်။ အဲဒီငွေဟာ အခုအချိန်မှာ ပြည်သူတစ်ထောင်ကျော်အတွက် ကျွန်တော်တို့သုံးစွဲမလား။ သမ္မတသဝဏ်လွှာမှာပါတဲ့အတိုင်းပဲ ကုန်ဈေးနှုန်း၊ ငွေကြေးဖောင်းပွမှုစတဲ့ အချက်အလက်များကိုလည်း အလေးအနက်စဉ်းစားရပါမယ်။ အထူးသဖြင့် တရားဝင်စာရင်းအရ ၂၆ ရာခိုင်နှုန်း ဆင်းရဲမွဲတေမှုအောက် ရောက်နေတဲ့နိုင်ငံ အဲဒီနိုင်ငံမှာမှတစ်ခါ အခု နောက်ဆုံး ပူပူနွေးနွေးပြဿနာဟာဆိုရင် အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲတဲ့လူတွေ သို့မဟုတ် သာမန်ပြည်သူတွေဟာ နေအိမ်ကနေ မောင်းထုတ်ခံနေရပြီးတော့ အခုလို ဆောင်းတွင်းမှာ အိုးမဲ့အိမ်မဲ့၊ အကာမဲ့ဘဝမှာ နေနေရ တာဟာ တကယ့်လက်တွေ့ဘဝပြဿနာပါ။ အဲဒီတော့ အခုဒီငွေတွေကို ဒီလွှတ်တော်ကိုယ်စားလှယ်တွေအတွက် သုံးစွဲမယ့်အစား တိုင်းပြည်မှာတကယ် လိုအပ်နေတဲ့ ဆင်းရဲမွဲတေမှုလုပ်ငန်းအတွက် ဒီကျပ်သန်းပေါင်း ၉၁၄၅ သန်းကို သုံးစွဲမယ်ဆိုရင် ပိုပြီးတော့ သင့်မြတ်မယ်လို့ ယူဆပါတယ်။
နောက် ဒုတိယအချက် ကျွန်တော်တင်ပြချင်တဲ့အချက်ကတော့ ဥပဒေကြမ်းအရ ဒီနေ့ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁ဝဝ(ခ)မှာ ဒီလို အဆောင်အယောင်လခပေးရမယ့်ကိစ္စတွေ၊ ချီးမြှင့်ငွေကိစ္စတွေဟာ ပြည်ထောင်စု အစိုးရအဖွဲ့ကသာ တင်သွင်းရမယ့် ဒီရသုံးခန့်မှန်းခြေငွေစာရင်းဥပဒေကြမ်းတို့နဲ့ ဆက်စပ်နေပါတယ်။ အဲဒီတော့ အဲဒီလို ဆက်စပ်နေတဲ့ဥပဒေတစ်ရပ်ကို ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော် ခုနက ဒီတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဥပဒေရေးဆွဲပြီးတော့ တင်ပြခဲ့ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒါ မေးခွန်း ထုတ်စရာ ဖြစ်နိုင်တယ်လို့ ကျွန်တော်ရိုးသားစွာယူဆပါတယ်။ အဲဒါကြောင့် ဒီလို ချီးမြှင့်ငွေကိစ္စတိုးမယ်၊ ပေးမယ်ဆိုရင်တောင် ပြည်ထောင်စုအစိုးရအဖွဲ့ကသာလျှင် ဒီလိုဥပဒေမျိုးနဲ့ပတ်သက်ပြီး စတင် တင်ပြပြီးတော့ လွှတ်တော်က ဆွေးနွေးဆုံးဖြတ်တာဟာ ပိုပြီးတော့ သင့်လျော်မယ်လို့ ယူဆပါတယ်။
နောက်တစ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ တစ်ချိန် ပါလီမန်ဒီမို ကရေစီခေတ်က ကျင့်သုံးခဲ့တဲ့ အစဉ်အလာတစ်ရပ်ပါ။ ၁၉၅၈-၆ဝ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ အခုလိုပဲ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ချီးမြှင့်ငွေတိုးမြှင့်ဖို့ကိစ္စ ပေါ်ပေါက်ပါတယ်။ အဲဒီအချိန်တုန်းက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ချီးမြှင့်ငွေဟာ ကျပ် ၂၅ဝ ပါ။ သို့သော် ရွှေဈေး က ကျပ် ၂ဝဝ ပဲ ရှိတဲ့အချိန်ပါ။ အဲဒီအချိန်မျိုးမှာ ကျပ် ၅ဝဝ အထိ တိုးမြှင့် ခဲ့တာကို အဲဒီခေတ်ပါလီမန်က ဆုံးဖြတ်ခဲ့တယ်။ သို့သော် အဲဒီပါလီမန်ကနေ မိမိတို့လက်ထက်မှာ ဒါကိုမခံစားပါဘူး။ ၁၉၆ဝ ပြည့်နှစ် ပေါ်ပေါက်လာမယ့် ပါလီမန်မှသာလျှင် ဒီခံစားခွင့်ပေးခဲ့တာ။ လေ့လာမှတ်သားရဖူးပါတယ်။ ဆိုလို တာကတော့ မိမိအခွင့်အာဏာရှိတဲ့အချိန်မှာ မိမိရဲ့ အကျိုးစီးပွားနဲ့ပတ်သက်ပြီး မိမိဘာသာ ရယူတဲ့ဖြစ်ရပ်မျိုးကို ကျင့်ဝတ်အရ မလုပ်ကောင်းဘူး။ မလုပ်သင့်ဘူး။ နောင်လူတွေအတွက်သာ လုပ်သင့်တယ်ဆိုပြီးတော့ ဆောင်ရွက်ခဲ့တာ ရှိပါတယ်။ အဲဒီတော့ ဒီနေ့ ကျွန်တော်တို့နိုင်ငံဟာ စင်ကာပူနိုင်ငံမျိုးလို အခြေ အနေမရောက်သေးပါဘူး။ ရေမမြင့်ဘဲနဲ့ ကြာမြင့်မယ်ဆိုရင် ပြည်သူတွေဘက်က မေးခွန်းထုတ်စရာအခြေအနေများ အများကြီးပေါ်ပေါက်နေပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်များက၊ ဦးစီးအဖွဲ့ဝင်များက တိုင်းပြည်အတွက် ဘာလုပ်ပေးသင့်သလဲဆိုတာပဲ ကျွန်တော်တို့ စဉ်းစားပြီးတော့ တိုင်းပြည်က ဘာရယူမယ်ဆိုတဲ့ကိစ္စဟာ အခုအချိန်မှာ မစဉ်းစားသင့် သေးပါဘူး။
အဲဒါကြောင့် ဒီနေ့ နိုင်ငံတော်သမ္မတကနေ သဘောထားမှတ်ချက်ပေးပို့ လာတဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းစဉ်များ ညီညွတ်စေရေးအတွက် ကြိုတင်ညှိနှိုင်းတွက်ချက်ပြီး ထိုက်သင့်တဲ့ပမာဏ တိုးမြှင့်ဆောင်ရွက်ပေးသင့်ပါတယ်ဆိုတဲ့ နိုင်ငံတော်သမ္မတရဲ့ သဘောထား မှတ်ချက်က ကျွန်တော်တို့ ဒီနေ့တိုင်းပြည်အပေါ်မှာထားတဲ့စေတနာကို ဖော်ပြနိုင်တဲ့အပြင် ကျွန်တော်တို့ လွှတ်တော်ရဲ့ဂုဏ်သိက္ခာကို မြင့်မားစေမှာဖြစ်တဲ့အတွက် သမ္မတကြီးရဲ့ သဘောထားမှတ်ချက်ကို ထောက်ခံကြောင်း နာယကကြီးမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ကို လေးလေးစားစား တင်ပြအပ်ပါတယ်။
နာယက
အဆိုပါအပိုဒ်နဲ့စပ်လျဉ်းပြီး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးမြင့်ဝင်းနဲ့ ဗိုလ်မှူးသိန်းထွန်းတို့က နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက်အတိုင်းအတည်ပြုသင့်ကြောင်း အဆိုတင်သွင်း ထားပါတယ်။ အဆိုတင်ထားသူ နှစ်ယောက်ကိုယ်စား တစ်ယောက်ဆွေးနွေးဖို့ ဖြစ်ပါတယ်။
ဒုတိယဗိုလ်မှူးကြီးမြင့်ဝင်း (တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်)
ကျွန်တော့်အနေနဲ့ ဥပဒေကြမ်းရဲ့ အပိုဒ် ၂ နဲ့စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက်အပေါ် ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များရဲ့ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ ကျပ်တစ်ဆယ်သိန်း၊ ကျပ်ငါးသိန်း၊ ကျပ်သုံးသိန်း အသီးသီးတိုးမြှင့်ပေးရန် အတည်ပြုခဲ့တဲ့အတွက် နိုင်ငံ့ဝန်ထမ်းများနှင့်ပင်စင်စားများက သူတို့အတွက်ရော ဘယ်လောက်တိုးမှာလဲ။ ဘယ်တော့တိုးမှာလဲ။ တိုးရောတိုးဦးမှာလားလို့ မေးမြန်းမှုများရှိခဲ့ပါတယ်။
လစာ၊ ချီးမြှင့်ငွေနှင့် စရိတ်များ တိုးမြှင့်ပေးရေးအဆိုနဲ့စပ်လျဉ်းပြီး ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း လစာတိုးဖို့အတွက် နိုင်ငံတော်ဘဏ္ဍာကနေ ပေးနိုင်တဲ့ပမာဏအပါအဝင် အခြားစဉ်းစားစရာတွေ အများကြီး ရှိကြောင်း၊ ယခုအခါ အသေးစိတ်တွက်ချက်နေကြောင်းနဲ့ ပြီးပြတ်မှုမရှိသေး ကြောင်း ပြောကြားခဲ့ပါတယ်။ ဤကဲ့သို့ လစာနှင့် ချီးမြှင့်ငွေတိုးမြှင့်နိုင်ရေး ဆောင်ရွက်နေဆဲကာလမှာပဲ ချီးမြှင့်ငွေနှင့်စရိတ်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတွင် တိုးမြှင့်ပြင်ဆင်အတည်ပြုခဲ့တဲ့အတွက် နိုင်ငံတော်ဘဏ္ဍာက ပေးနိုင်တဲ့ပမာဏရှိသည်ဖြစ်စေ၊ ပမာဏမရှိသည်ဖြစ်စေ ဥပဒေရေးဆွဲ ပြင်ဆင်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ဥပဒေအတိုင်းပေး၊ နိုင်ငံ့ဝန်ထမ်းများနဲ့ ပင်စင်စားများကတော့ ကျန်တဲ့ နိုင်ငံတော်ဘဏ္ဍာကနေ ပေးနိုင်တဲ့ အထဲကမှခွဲယူ၊ ပေးစရာငွေမကျန်ရင်လည်း ကိုယ့်ထိုက်နဲ့ကိုယ့်ကံဆိုတဲ့ သဘောသက်ရောက်နေတာကို ကိုယ်စားလှယ်တော်ကြီးများ သတိချပ်စဉ်းစား ပေးစေလိုပါတယ်။ ဆက်လက်တင်ပြလိုတာကတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တော် များဟာ တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးပိတ်ရက်မပါ မနက် ၁ဝ နာရီမှ ညနေ ၄ နာရီအထိ အလုပ်ချိန် ၆ နာရီကို Aircon အခန်းထဲမှာ အန္တရာယ်ကင်းကင်းနဲ့ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက် တပ်မတော်သားအများစုဟာ တောကြားတောင်ကြားမှာ ရုံးပိတ်ရက်မရှိ နေပူမရှောင်၊ မိုးရွာမရှောင် အသက်ကို ပဓာနမထား ကိုယ့်ရိက္ခာကိုယ်ထမ်း၊ ကိုယ့်လက်နက်ကိုယ်လွယ်ပြီး ၂၄ နာရီ တာဝန်ထမ်းဆောင်နေကြရပါတယ်။ ဒီလိုအခြေအနေမှာ ထုတ်ပေးတဲ့ ကိုယ့်ရိက္ခာကိုယ်စားပြီး ရရှိတဲ့လစာ တစ်သိန်းဝန်းကျင်လောက်ကို မိသားစုရဲ့ စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေးအတွက် ချန်ထားခဲ့ရပါတယ်။ တပ်သားမှသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အထိ လစာအပြင် နေ့တွက် နေ့စဉ်တစ်ကိုယ်ရေ ရိက္ခာနဲ့ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ်အဖြစ် တစ်လစာရတဲ့ငွေဟာ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ တစ်နေ့တာ နေ့တွက်စရိတ်ရဲ့ ထက်ဝက်သာရှိတဲ့ ကျပ် ၅ဝဝဝ သာ ခံစားခွင့်ရှိပါတယ်။ နောင်တစ်ခေတ်ရဲ့ နိုင်ငံ့သားကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးနေတဲ့ ပညာရေးဝန်ထမ်း ဆရာဆရာမများရဲ့ အခြေအနေကိုလည်း တင်ပြပါရစေ။ ဆရာဆရာမများဟာ စေတနာကို အရင်းခံပြီး မိသားစုရှိတဲ့နေရာမှာဖြစ်စေ၊ မိသားစုနဲ့ဝေးကွာတဲ့နေရာမှာဖြစ်စေ မိမိတာဝန်ကျရာဒေသကို သွားရောက် တာဝန်ထမ်းဆောင်နေကြရတာကို ကိုယ်စားလှယ်တော်ကြီးများလည်း အသိ ဖြစ်ပါတယ်။ သူတို့ရတဲ့လစာဟာ အင်မတန်နည်းပါးပါတယ်။ အခြေခံပညာအဆင့် ကျောင်းများဟာ သီတင်းကျွတ်တစ်ကြိမ်၊ ဒီဇင်ဘာတစ်ကြိမ်၊ နွေရာသီတစ်ကြိမ် ကျောင်းများပိတ်ထားလို့ ဆရာ ဆရာမများအနေနဲ့ မိမိရဲ့ မိသားစု ရှိရာ ဌာနေကိုပြန်ချင်သော်လည်း လမ်းပန်းဆက်သွယ်ရေးအရဖြစ်စေ၊ ခရီး စရိတ်ကြောင့်ဖြစ်စေ မပြန်နိုင်ပါဘူး။
နိဂုံးချုပ်အနေနဲ့တင်ပြရရင်တော့ ဥပဒေကြမ်းပါအတိုင်း ချီးမြှင့်ငွေတိုးပေးလို့ ပိုမိုသုံးစွဲရမယ့် ကျပ်သန်းပေါင်း ခြောက်ထောင်နီးပါးခန့်ကို တိုးယူမယ့်အစား ပြည်သူလူထုကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမယ့်၊ နိုင်ငံတော်မှာလည်း အမှန်တကယ်လိုအပ်နေသေးတဲ့ အခြေခံအဆောက်အအုံများကို တည်ဆောက်ပေး ခြင်းဖြင့် နိုင်ငံတော်အနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်သလို ပြည်သူလူထုရဲ့ လူနေမှုဘဝလည်း မြင့်မားလာမှာဖြစ်ပါတယ်။ နိုင်ငံတော်ဘဏ္ဍာကနေ ပေးနိုင်တဲ့ ပမာဏအပါအဝင် အခြားစဉ်းစားစရာတွေအပေါ် စဉ်းစားချင့်ချိန်ပြီး တောင်သူလယ်သမား၊ အလုပ်သမားများရဲ့ လူမှုဘဝတိုးတက်ရေးကို ပထမဦးစားပေးဆောင်ရွက်ပြီး လွှတ်တော်ကိုယ်စားလှယ်များရဲ့ ချီးမြှင့်ငွေတိုးမြှင့်ရေးကို ဒုတိယဦးစားပေးအနေဖြင့် ဆောင်ရွက်သင့်ပါတယ်။ ထိုသို့ဆောင်ရွက်ရာမှာ အုပ်ချုပ်ရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများက ကြိုတင်ညှိနှိုင်းတွက်ချက်ပြီးမှသာ ဥပဒေတွင် ပြင်ဆင်ပြဋ္ဌာန်းသင့်ပါကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှင့် စရိတ်၊ ဒေသစရိတ်၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများရဲ့ ပင်စင်လစာနဲ့ဆုကြေး စသည်တို့ကိုလည်း လိုက်လျောညီထွေ တိုးမြှင့်လာစေရန် တစ်ချိန်တည်း ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးတင်ပြအပ်ပါတယ်။
ဦးဝင်းသန်း (သာပေါင်းမဲဆန္ဒနယ်၊ ဧရာဝတီတိုင်းဒေသကြီး)
ကျွန်တော်၏ တင်ပြချက်ဟာ မိမိပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးရဲ့ ရပိုင်ခွင့်အခွင့်အရေးအရ တစ်ဦးချင်းသဘောထားကို တင်ပြခြင်းသာဖြစ်ကြောင်း ဦးစွာကြိုတင် အစီရင်ခံအပ်ပါတယ်။ ကျွန်တော် တင်ပြမယ့် အချက်ကတော့ ဒီအမှတ်စဉ် ၁၊ အပိုဒ်(၂) နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက်အတိုင်း မူလအတိုင်း ပြန်လည်ထားရှိဖို့ဘက်က ကျွန်တော်ထောက်ခံ ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဒီလိုဆွေးနွေးရာမှာ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် တိုင်းရင်းသား တောင်ပေါ်ဒေသတွေမှာ ခက်ခက်ခဲခဲ နယ်မြေဆင်းနေရတဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို ကိုယ်ချင်းမစာလို့ မဟုတ်ပါဘူး။ ကျွန်တော် သည်လည်းပဲ စတုရန်းမိုင် ပတ်လည် ၇ဝဝ ကျော်မှာ ကျယ်ဝန်းတဲ့ အနောက်ရိုးမက မဲဆန္ဒနယ်တစ်ခွင်ကို လှည့်လည် သွားလာနေတဲ့ ရွေးကောက်ခံပြည်သူ့ ကိုယ်စားလှယ်တစ်ဦးသာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေသာ တွေ့ဖူးကြုံဖူးတဲ့ခံစားရတဲ့ ကျောင်းဆရာ မခန့်ထားလို့ ရွာက အပြင်ကခန့်တဲ့ဆရာ လခမပေးနိုင်တဲ့အခါမှာ ထွက်ပြေးသွားတဲ့ ဆရာကို လိုက်ခေါ်ရတာတွေ၊ အဖွဲ့အစည်းအသီးသီးက အချိန်မီဖြေရှင်း မပေးလို့ ထောင်ထဲ၊ အချုပ်ထဲ ရောက်နေတဲ့ လယ်သိမ်းခံ တောင်သူလယ်သမားတွေကို တရားရုံးစရိတ်ကို လိုက်ဘယ် လိုစီစဉ်ရမယ် ဆိုတာတွေ၊ ရှေ့နေစရိတ် စီစဉ်ရတာတွေ၊ ထောင်ဝင်စာတွေ့ဖို့ စီစဉ်ရတာတွေဟာ ကျွန်တော်လည်းပဲ ခံစားဖူးတဲ့ ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်။
အခု ကျွန်တော်တင်ပြတာကတော့ လက်ငင်းအခြေအနေရယ်၊ ဥပဒေကြောင်း ရှုထောင့်နှစ်ခုကို အတိုချုံး တင်ပြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အပိုဒ်(၂)ရဲ့ ဘေးတိုက် တိုက်ရိုက်မှာ နိုင်ငံတော်သမ္မတမှတ်ချက်မှာ ပင်စင်လစာနှင့် ဆုကြေးစသည်တို့ကိုလည်း လိုက်လျောညီထွေ တိုးမြှင့်လာစေရန် တစ်ကြိမ်တည်း ဆောင်ရွက်သင့်ပါသည်ဆိုတဲ့အတွက် ကျွန်တော်တို့အခု ဒီချီးမြှင့်စရိတ်နဲ့ နိုင်ငံ့ဝန်ထမ်းရဲ့ ပင်စင်လစာ၊ ဆုကြေးဟာ တစ်ကြိမ်တည်း ဆောင်ရွက် နေတာမဟုတ်ဘူးဆိုတာ လက်ငင်းပေါ်လွင်နေတဲ့အချက်ဖြစ်ပါတယ်။ ဒါဆိုရင် နောက်ထပ် နောက်ရက်မှာ နောက်ကျပြီးတော့ ပြည်ထောင်စု လွှတ်တော်ကို တင်လာမယ့် ၂ဝ၁၅-၂ဝ၁၆ ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံး ဥပဒေကြမ်းမှာ ဝန်ထမ်းအတွက် ထိုက်သင့်တဲ့ တိုးမြှင့်လစာပါလာရင် ပါလာ နိုင်မလားဆိုတာ ကျွန်တော် ကြိုတင်ပြီးတော့ ခန့်မှန်းတင်ပြလိုပါတယ်။
ကျွန်တော်တို့အားလုံး လက်ထဲမှာ ပြီးခဲ့တဲ့ရက်က ရောက်ရှိနေတဲ့ ၂ဝ၁၅-၂ဝ၁၆ ရဲ့ နိုင်ငံတော် အခွန်ရငွေပေါင်းဟာ လျာထားနိုင်တာဟာ ဘီလီယံ ၆ဝ၂၅ ကျော်ကျော်ဖြစ်ပါတယ်။ ယမန်နှစ်က ပြုပြင်ပြီး စာရင်းအရ ၆ဝဝ၇ ဘီလီယံကျော်ကျော် ဖြစ်တဲ့အတွက် ပိုရမယ်လို့ ခန့်မှန်းတဲ့အခွန်ရငွေဟာ ၁၈ ဘီလီယံသာဖြစ်ပါတယ်။ လက်ရှိကျွန်တော်တို့ သိထားတဲ့ ဝန်ထမ်းဦးရေ ၁.၄ သန်းနဲ့ဆိုရင် တစ်ယောက်ကို ကျပ်တစ်သောင်းစီပဲ တိုးမြှင့်ပေးမယ်ဆိုရင် တောင် တစ်လထဲနဲ့ ၁၄ ဘီလီယံ ကုန်သွားမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ပေးနိုင်ခြေမရှိဘူးဆိုတဲ့အဖြေ ထွက်နေပါတယ်။
ဥပဒေကြောင်းအရလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂၁ မှာ ပြည်ထောင်စုအစိုးရဟာ ဘဏ္ဍာရေးကော်မရှင်နဲ့ ညှိနှိုင်းလို့ရရှိလာတဲ့ အရအသုံး ဥပဒေကြမ်းကိုသာ တင်သွင်းမှာဖြစ်တဲ့အတွက် အဲဒီညှိနှိုင်း၍ ရရှိသောဆိုတဲ့ ဘဏ္ဍာရေးကော်မရှင်ဆိုတာ အခြေခံဥပဒေပုဒ်မ ၂၂၉ အစအဆုံးမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ရင် ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ မပါပါဘူး။ ဒါကြောင့်မို့လို့ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် ကျွန်တော်တို့ရဲ့ ချီးမြှင့်စရိတ်ကို အဆိုပြုဖို့ သင့်ချင်မှသင့်လျော်မယ်ဆိုတဲ့အပိုင်းဖြစ်တဲ့အတွက် ဒါကို ပြန်ပြီးတော့ ဆက်စဉ်းစားရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ပို့မယ်ဆိုရင် အပို့ခံရ နိုင်တဲ့ အနေအထားလည်း ရှိပါတယ်လို့ ကျွန်တော့်အနေနဲ့ တင်ပြလိုခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကျွန်တော်တို့ ချီးမြှင့်စရိတ်တွေမှာတော့ အများကြီးသုံးနေရတဲ့အတွက် ဒုတိယအပိုင်းကျလို့ရှိရင် စရိတ်ကိုတော့ ကျွန်တော်တို့က ထောက်ခံထားပြီးတော့ လစာကတော့ ဝန်ထမ်းနဲ့အတူ စဉ်းစားနိုင်တဲ့နေ့မှာ စဉ်းစားရင် စဉ်းစား၊ မစဉ်းစားရင် ဆိုင်းငံ့ထားလို့မရရင်တော့ ဒီနေ့ အာဂျင်ဒါမှာ ထည့်မယ်ဆိုရင်တော့ မူလအတိုင်းပဲ ထားရှိသင့်ပါတယ်။ တစ်နည်းအားဖြင့် နာယကကြီးခင်ဗျား။ ကျွန်တော်တို့ အရပ်စကား သုံးခွင့်ပြုပါ။ ကျွန်တော်တို့ရဲ့ ပြည်သူတွေ၊ ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေ၊ ကျွန်တော်တို့အဆို တင်ခဲ့ပြီး ဖြစ်စေချင်တဲ့အတိုင်း ထိုက်ထိုက်တန်တန် မရသေးဘဲနဲ့တော့ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်များကရော ဒီရလာတဲ့ချီးမြှင့်စရိတ်တွေကို ကျွန်တော်တို့ စိတ်ဖြောင့်ဖြောင့်နဲ့ သုံးလို့စွဲလို့မှ ဖြစ်ပါ့မလားဆိုတာ ဒီနေ့ ညနေမှာ ဆုံးဖြတ်ပြီးရင် တနုံ့နုံ့နဲ့ တွေးရမယ့်အနေအထားကနေ ကျွန်တော် အားလုံးကို လွတ်မြောက်စေချင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအပိုဒ်မှာတော့ အမှတ်စဉ် ၁၊ အပိုဒ် ၂ မှာ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ကျွန်တော်တို့ရဲ့ ချီးမြှင့်ငွေ၊ လစဉ်ချီးမြှင့်ငွေများကို မူလအတိုင်းထားရှိသင့်သေး ပါကြောင်း အဆိုတင်သွင်းအပ်ပါတယ်။
ဦးဇုန်လှယ်ထန်း (မဲဆန္ဒနယ်အမှတ်-၂၊ ချင်းပြည်နယ်)
ကျွန်တော် ပထမဆုံးပြောလိုတာကတော့ ဒီဥပဒေအယူအဆလွဲမှားတဲ့ဟာပါ။ ဒီအခြေခံဥပဒေပုဒ်မ ၁ဝဝ (ခ)ကို ကြည့်မယ်ဆိုရင် ဒါ ကျွန်တော် အလွယ်ကူဆုံး ရှင်းပြချင်တာကတော့ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ကို ရှင်းပြ ချင်ပါတယ်။ ဒါကျွန်တော်တို့ ဒီအမျိုးသားစီမံကိန်းတွေ၊ နှစ်စဉ်အရအသုံး ဆိုတာတွေက ဧရာဝတီမြစ်ပေါ့။ ဒါကျွန်တော်တို့ လစာ၊ စရိတ်တွေက ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ထဲမှာ ချင်းတွင်းမြစ် ဝင်သလားဆိုတာတော့ ဝင်တယ်။ သို့သော် ချင်းတွင်းမြစ်က ချင်းတွင်းမြစ်ပဲ။ ဧရာဝတီမြစ်က ဧရာဝတီမြစ်ပဲ။ အခု ကျွန်တော်တို့ ဒါက ပုဒ်မ ၁ဝဝ (ခ) မဟုတ်လို့ ပြည်သူ့လွှတ်တော်က စဆွေးနွေးတယ်။ အမျိုးသားလွှတ်တော်က စဆွေးနွေးတယ်။ ဒါတွေလုပ်နေတာ။ ဒါကျွန်တော်တို့ အဲဒီလိုမျိုးဒီစီမံကိန်းတွေ၊ ၁ဝဝ(ခ)ဖြစ်တယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်မှာပဲ တန်းတင်ရမယ့် ကိစ္စဖြစ်တယ်။ ဒါဥပဒေအယူအဆ လွဲမှားတဲ့ ဟာပါ။
ပြီးတော့ ပုဒ်မ ၁ဝ၃ မှာ ဒီလိုဖြစ်နေတဲ့အတွက်ကြောင့် ဒါကျွန်တော်တို့ လစာစရိတ်တွေဟာ အဲလိုမျိုးပေါ့ ဒီစီမံကိန်းထဲမှာ ပြီးတော့ရသုံးမှန်းခြေထဲမှာ ပါပေမယ့် ဒါကလည်း တစ်ခုတည်းမဟုတ်တဲ့အတွက်ကြောင့် ပုဒ်မ ၁ဝ၃ မှာ ဘယ်လိုရှင်းပြသလဲဆိုတော့ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပါရှိသောဆိုတဲ့ စကားလုံးပေါ့နော်။ ဒါကြောင့် လစာစရိတ်ဟာ ဒီဧရာဝတီမြစ်ထဲမှာတော့ ပါဝင်တယ်။ သို့သော် ချင်းတွင်းမြစ် မဟုတ်ဘူး ဆိုတာလည်း ပုဒ်မ ၁ဝ၃ က ထပ်ရှင်းပြခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ ဒါကဥပဒေအလွဲအမှားဖြစ်တယ်။ အယူအဆလွဲတာဖြစ်တာ။ ဒါကြောင့် အခုလွှတ်တော်က တင်ပြတဲ့ အတည်ပြုတဲ့ဟာက ဥပဒေနဲ့ကိုက်ညီပါတယ် ဆိုတာကို ကျွန်တော် ပြည်ထောင်စုလွှတ်တော်ကြီးမှာ တင်ပြချင်ပါတယ်။
ဒုတိယအချက်မှာ ကျွန်တော်တို့ ချီးမြှင့်ငွေတွေ၊ ပြီးတော့ ဝန်ထမ်းလစာတွေ တိုးမြှင့်လိုက်တာနဲ့ ကျွန်တော်တို့ စီမံကိန်းသည် ထိခိုက်သွားမလားဆိုတော့ မထိခိုက်ဘူးဆိုတော့ Consuming မြှင့်တဲ့အချိန်မှာ လယ်သမားတွေ၊ ကျွန်တော်တို့ ကျေးလက်မှာနေတဲ့ လူတွေရဲ့ဘဝကို မြှင့်တင်တာနဲ့အတူတူပါပဲ။ ဒါကို ကျွန်တော်တို့ စဉ်းစားဖို့လိုတယ်။ အဲဒီမှာ ကုန်ဈေးနှုန်းတွေတွက်တဲ့အချိန်မှာ ဘာကို ဆက်စဉ်းစားဖို့လိုသလဲဆိုတော့ Free Trade ပါ။ ကျွန်တော်တို့ သွင်းကုန်။ သွင်းကုန်တွေ ပို့ကုန်တွေလည်း လွတ်လပ်ခွင့်ပေးရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဒီအချိန်မှာ ထပ်ပြီးတော့ ထိန်းချုပ်ဖို့လိုတာ တစ်ခုထဲက ဆိုတာ ဒေါ်လာဈေးကွက်ပဲ ကျွန်တော်တို့ထိန်းရမယ်။ ဟုတ်ပြီ။ ကျွန်တော်တို့ အိန္ဒိယမှာ ထမင်းစားရင် တစ်နပ်စာစားဖို့ ဘယ်လောက်ကုန်သလဲ။ တရုတ်မှာ ဘယ်လောက်ကုန်သလဲ။ ထိုင်းမှာ ဘယ်လောက်ကုန်သလဲ။
ကျွန်တော်တို့ နိုင်ငံတစ်ခုတည်းမှာပဲ အခုခေတ်မှာ ဈေးနိမ့်နေလို့မရဘူး။ အိမ်နီးနားချင်းနိုင်ငံတွေ လောက်နဲ့၊ ဒေါ်လာဈေးကွက်လောက်နဲ့ ကြည့်ပြီးတော့ တစ်ပြေးညီထဲဖြစ်မှ ကျွန်တော်တို့နိုင်ငံ အခြေအနေက တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အရှိန်မြှင့်သင့်တဲ့အချိန်မှာ အရှိန်မြှင့်ကို မြှင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အခုဒီသဘောထားမှတ်ချက်မှာ အဓိကနှစ်ခု ပါတာ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ချီးမြှင့်ငွေနဲ့ လစာတွေရယ်၊ စရိတ်တွေရယ်။ ဝန်ထမ်းတွေရဲ့ လစာရယ်၊ စရိတ်တွေရယ်ပေါ့နော်။ ကျွန်တော်တို့ ဒီအချိန်မှာ မြှင့်သင့်တဲ့ အသင့်တော်ဆုံးအချိန် ဖြစ်တယ်ဆိုတာကို တင်ပြရင်းနဲ့ နိဂုံးချုပ်ပါတယ်။
နာယက
အဆိုပါအပိုဒ်နဲ့စပ်လျဉ်းပြီး ဒေါ်နန်းဝါနု၊ ဒေါ်ဇာတလဲမ်း၊ ဦးသိန်းထွန်းဦး၊ ဦးမောင်တိုး၊ ဒေါ်လဲ့လဲ့ဝင်းဆွေ၊ ဦးစောလှထွန်း၊ ဒေါက်တာစိုးမိုးအောင်၊ ဦးစိုးရယ်၊ ဦးခင်မောင်ရွှေနဲ့ ဦးကျော်ညွန့်တို့က ပြည်ထောင်စုလွှတ်တော်ရဲ့ မူလအတည်ပြုချက်အတိုင်း အတည်ပြုသင့်ကြောင်း အဆိုတင်သွင်းထားပါတယ်။ အဆိုတင်သွင်းသူ ၁ဝ ယောက်ကိုယ်စား နှစ်ယောက် ဆွေးနွေးဖို့ဖြစ်ပါတယ်။
ဒေါ်ဇာတလဲမ်း (ထန်တလန်မဲဆန္ဒနယ်၊ ချင်းပြည်နယ်)
ကျွန်မ ဥပဒေပူးပေါင်းကော်မတီရဲ့ သဘောထားမှတ်ချက်ကို၊ ပြင်ဆင်ချက်ကို ထောက်ခံဆွေးနွေးမှာဖြစ်ပါတယ်။ အပိုဒ် (က)၊ (ခ)၊ (ဂ)၊ (ဃ)အားလုံး ကို ဒီအတိုင်းအတည်ပြုပေးနိုင်ဖို့ ထောက်ခံဆွေးနွေးမှာဖြစ်ပါတယ်။
ကျွန်မတို့ လွှတ်တော်ဥက္ကဋ္ဌရဲ့လစာနဲ့ ကျွန်မတို့လစာမှာ အင်မတန်မှ ကွာခြားပါတယ်။ ၁ဝ ဆလောက်ကွာခြားနေရခြင်းမှာ မသင့်ပါ။ ငွေကြေးကို ပထမ အဓိကထားခြင်းမဟုတ်ဘဲ လုပ်ထုံးလုပ်နည်းနဲ့ နည်းစနစ်မကျခြင်းကို ကျွန်မတို့ ကန့်ကွက်တင်ပြခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ် များ၏ ချီးမြှင့်ငွေသည် နိုင်ငံတကာနှင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဝန်ကြီးလစာ တစ်ဝက်ထက် မနည်းဖြစ်ပါတယ်။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်များဟာ ကိုယ့်မိသားစု၊ ကိုယ့်စီးပွားရေးကို ထားခဲ့ပြီးတော့ ငွေကြေးများစွာ အကုန်ခံပြီးမှ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ရှေးရှုကာ လွှတ်တော်ထဲသို့ ဝင်ရောက်လာသူများ ဖြစ်ပါတယ်။
ယခုဆိုရင် ကျွန်မတို့ ချင်းပြည်နယ်မှာ ဝန်ထမ်းလစာများ နှစ်ဆတိုးပေး တဲ့အခါ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရဲ့ ချီးမြှင့်ငွေထက် မူလတန်းပြ ဆရာလစာက ပိုများလာပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေထက် မြို့နယ်အုပ်ချုပ်ရေးမှူးလစာက ပိုများလာသဖြင့် ကျွန်မတို့ အလုပ်လုပ်ရတာခက်ခဲပါတယ်။ လစာဖြင့် အာဏာနှင့် လုပ်ပိုင်ခွင့်ကို တိုင်းကြည့်တဲ့အခါမှာ ကျွန်မတို့ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်များဟာ လစာအပြင် အခြားအဆောင် အယောင်များလည်း လုံးဝမရခဲ့ပါ။ ကျွန်မတို့ လွှတ်တော်ရပ်နားတဲ့အချိန်မှာ လည်း အတွေ့အကြုံရှင်းလင်းပွဲများ သွားတဲ့အခါမှာ ၁ဝ သိန်းကနေ ၁၅ သိန်းအကြား ကုန်ကျပါတယ်။ ကျွန်မတို့ရဲ့ လစာ သုံးသိန်းနှင့် ဘယ်လိုနည်းနဲ့မျှ ပြည်သူ့ဆီကို ရောက်နိုင်မလဲဆိုတာလည်း နားလည်ပေးစေလိုပါတယ်။
ပြည်ထောင်စုလွှတ်တော်အားလုံးရဲ့ ခံစားချက်တွေ အခက်အခဲတွေကို ကျွန်မတင်ပြတောင်းဆိုခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်အားလုံးရဲ့ကိုယ်စား သင့်တင့်မျှတသော လစာချီးမြှင့်ငွေကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ပြီးသည့်အတိုင်း ထပ်မံအတည်ပြုပေးနိုင်ပါရန် ထောက်ခံဆွေးနွေးရင်း နိဂုံးချုပ်အပ်ပါတယ်ရှင်။
ဒေါ်နန်းဝါနု (ကွန်ဟိန်းမဲဆန္ဒနယ်၊ ရှမ်းပြည်နယ်)
ကျွန်မကဒီမှာ အချက် ၄ ချက်နဲ့ ကျွန်မ ဆွေးနွေးချင်ပါတယ်။ ဒီမြန်မာနိုင်ငံမှာ ကြုံတွေ့ရတဲ့ကိစ္စနဲ့ နိုင်ငံခြားမှာ ကျွန်မတို့ မြန်မာနိုင်ငံကိုယ်စားလှယ်တွေ ကြုံတွေ့ရတဲ့ကိစ္စ နှစ်မျိုးစလုံးတင်ပြချင်ပါတယ်ရှင့်။ ပထမအချက်အနေနဲ့ ဆိုလို့ရှိရင် ကျွန်မတို့တွေက ဒီအဆင့် Rank ကို ဝန်ထမ်းတွေ ပုံစံအရဆိုလို့ရှိရင် Rank တွေကို လစာချီးမြှင့်ငွေတွေနဲ့ တိုင်းတာကြပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့က ကျွန်မတို့ ဒီပြည်ထောင်စုအဆင့်ဆိုတဲ့ အုပ်ချုပ်ရေးအပိုင်း၊ တရားစီရင်ရေးအပိုင်း ဒါတွေကို ကျွန်မတို့က Check and Balance လုပ်ရပါတယ်။ Check and Balance အောင်မြင်ဖို့အတွက်က ကျွန်မတို့ MP တွေကို ပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ် စတာတွေကို အခု Rank နဲ့တူညီတဲ့၊ ပြည်ထောင်စုအဆင့်နဲ့ညီတဲ့ ချီးမြှင့်ငွေကို ပေးအပ်ဖို့သင့်ပါတယ်။
နံပါတ် ၂ အချက်ကကျတော့ အခုအခြေအနေမှာ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးများက သမ္မတရဲ့ အသက် ၁ဝဝ နှစ်အထက် သက်ကြီးဘိုးဘွားများကို ထောက်ပံ့ရေးအစီအစဉ်လှူဒါန်းငွေဆိုတဲ့ ခေါင်းစဉ်နဲ့ လစဉ်လစာငွေရဲ့ ၂၅ ရာခိုင်နှုန်းကို လစဉ်လှူဒါန်းပါတယ်။ ၂၅ ရာခိုင်နှုန်းကို တွက်ကြည့်လိုက်တဲ့ အချိန်မှာ လစဉ်၊ လစဉ် ၇ သိန်း၊ ဒါမှမဟုတ်ရင် ၇ သိန်းခွဲ လစဉ် လှူနိုင်တယ် ဆိုတာကို တွေ့ရတဲ့အနေအထားအရ ကျွန်မတို့နိုင်ငံမှာ ငွေရေး၊ ကြေးရေးရော၊ စီးပွားရေးရော ဖွံ့ဖြိုးတိုးတက်လာတယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်နေပါတယ်။ ဒါ ၂ အချက်ပါ။ နံပါတ် ၃ အချက်အရ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေက လူထုထဲကို ကွင်းဆင်းသွားပါတယ်။ ကွင်းဆင်းသွားတဲ့အချိန်မှာ ကျွန်မတို့ လစာက သုံးသိန်းပဲရတဲ့အတွက်ကြောင့် ကျွန်မတို့ စရိတ်လည်းမတတ်နိုင်ဘူး။ တကယ့် ဒီဆိုင်ကယ်ငှားခတွေ၊ ကားငှားခတွေလည်း မတတ်နိုင်တဲ့အချိန်မှာ ပြည်သူလူထုက သူတို့ဘာသာသူတို့ ငွေတွေစုပြီးတော့ ကျွန်မတို့ကို ထောက်ပံ့ပါတယ်။ ကိုယ်စားလှယ်တွေကို ပြည်သူလူထုက ပြန်ပြီးထောက်ပံ့နေရပါတယ်။
အဲဒီကိုယ်စားလှယ်တွေက ထောက်ပံ့တာက သူတို့က သူတို့အတွက် ပိုပြီးတော့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ကျွန်မတို့က မထောက်ပံ့ပါနဲ့လို့ပြော ပေမယ့်လည်း သူတို့က မိမိစိတ်ဆန္ဒအရ ထောက်ပံ့လာခြင်းကို ကျွန်မတို့လည်း ကန့်ကွက်ဖို့မတတ်နိုင်ခဲ့ပါဘူး။ သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးကို အစိုးရက ယူပေးသင့်ပါတယ်။ ဒါ ၃ အချက်ပါ။ ၄ အချက်က ကျွန်မတို့ နိုင်ငံခြားသွားတဲ့အချိန်မှာ များသောအားဖြင့် အာဆီယံနိုင်ငံတွေမှာ ကျွန်မတို့ သွားတဲ့အချိန်မှာ ဆွေးနွေးရပါတယ်။ ဆွေးနွေးတဲ့အချိန်မှာ ဘာတွေပြောလဲဆိုရင် သူ့နိုင်ငံရဲ့ MP၊ ကိုယ့်နိုင်ငံရဲ့ MP တွေရဲ့လစာတွေကို မေးကြပါတယ်။ မေးတဲ့အချိန်မှာ ကျွန်မတို့ က ကျွန်မတို့နိုင်ငံ MP က ပြည်ထောင်စုအဆင့်က ဒေါ်လာ ၃ဝဝ ရပါတယ်လို့ ပြောတော့ အကုန်အော်ရယ်ကြပါတယ်။ ကျွန်မတို့ ပြက်ရယ်ပြုခြင်းခံရပါတယ်။ အဲဒီတော့ ပြက်ရယ်ပြုခြင်းခံရတဲ့အပြင်မှာ ကျွန်မတို့ကို ဘယ်လိုပြောသလဲ ဆိုလို့ရှိရင် နိုင်ငံတော်အစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ဖော်ဆောင်မှု မပြုချင်တဲ့ လက္ခဏာပါပဲ ဆိုပြီးတော့ ကျွန်မကို အဲဒီလိုမျိုးပြန်ပြောပါတယ်။ အဲဒီအပြင် ကျွန်မတို့နဲ့အနီးဆုံးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက MP က သူတို့ နိုင်ငံကတော့ MP တွေက ချီးမြှင့်ငွေကို ဝန်ကြီးတွေနဲ့ တန်းတူနီးပါးပေးသလို Staff နဲ့ အထွေထွေစရိတ်ကိုလည်း ပြည့်စုံစွာပေးခဲ့တဲ့အတွက်ကြောင့် ဒီမိုကရေစီစနစ်အောင်မြင်ရတာပါဆိုပြီးတော့ ကျွန်မကိုပြောခဲ့ပါတယ်။ အဲဒီကိစ္စက ကျွန်မကို တော်တော်လေးကို ရင်နာရပါတယ်။ ကျွန်မတို့ကိုယ်စားလှယ်တွေရဲ့ အဖြစ်အပျက်က၊ ကျွန်မတို့ကိုယ်စားလှယ်တွေရဲ့အနေအထားက ဒီနိုင်ငံမှာ ဒီလောက်အဆင့်ပဲရှိပါလားဆိုပြီးတော့ နိုင်ငံခြားရောက်မှ ကျွန်မ ကိုယ်တွေ့ သိရပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်အတိုင်း အမှတ်စဉ် (၁) နဲ့ (၂) ကို အတည်ပြုပေးပါလို့ တင်ပြ တောင်းခံအပ်ပါတယ်ရှင့်။
နာယက
ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ အဆိုဖြစ်ပါတယ်။ အဆိုကို ထောက်ခံမဲ (၃၂၃)မဲ၊ ကန့်ကွက်မဲ (၁၇၅)မဲ၊ ကြားနေမဲ (၁၅)မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲများတဲ့အတွက် ဥပဒေကြမ်း၏ အပိုဒ် ၂ သည် ပြည်ထောင်စုလွှတ်တော်၏ မူလအတည်ပြုချက်အတိုင်း အတည်ပြုကြောင်းကြေညာပါတယ်။
နာယက
ဥပဒေကြမ်း၏ အပိုဒ် ၃ နှင့် ၄ တို့နဲ့ စပ်လျဉ်းပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီက အဆိုပြုတင်ပြထားပါတယ်။
ဦးစောလှထွန်း (အတွင်းရေးမှူး၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ)
အမှတ်စဉ်(၂) ပုဒ်မ ၃ အဆိုပါဥပဒေပုဒ်မ ၆ တွင်ပါရှိသော ကျပ်နှစ်ထောင်ဆိုသည့်စကားရပ်နှင့် ကျပ်သုံးထောင်ဆိုသည့် စကားရပ်ကို ကျပ်ငါးထောင် ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။ အပိုဒ် ၄ အဆိုပါဥပဒေပုဒ်မ ၈ တွင် ပါရှိသော ကျပ်ငါးထောင်ဆိုသည့် စကားရပ်ကို ကျပ်တစ်သောင်းဆို သည့်စကားရပ်ဖြင့် အစားထိုးရမည်ဟု ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။ ယင်းပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အတိုင်း လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။
ဒုတိယဗိုလ်မှူးကြီးဇော်မိုး (တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်)
ကျွန်တော်တို့ နိုင်ငံတော်သမ္မတသဘောထားမှတ်ချက်သဝဏ်လွှာမှာ ကြည့်လိုက်လို့ရှိရင် အပိုဒ် ၄ ပိုဒ် ပါရှိပါတယ်။ အပိုဒ် ၃ ကတော့ သဘောထား မှတ်ချက်တွေကို ပေါင်းပြီးရေးထားတာ ၁ဝ ချက်ရှိပါတယ်။ အပိုဒ် ၄ ကတော့ ဖြစ်သင့်တာကို နိုင်ငံတော်သမ္မတက တင်ပြထားတာရှိပါတယ်။ အဲဒါလေးကို တင်ပြလို့ရှိရင် အပိုဒ် ၃ ယင်းဥပဒေကို လက်ရှိတွင် အတည်ပြုပြဋ္ဌာန်းရန် မသင့်သေးဘဲ နိုင်ငံ့ဝန်ထမ်းများအတွက် လစာနှင့်စရိတ်များ တိုးမြှင့်ပေးနိုင်ရန် စိစစ်တွက်ချက်မှုများအပါအဝင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရ အသုံးခန့်မှန်းခြေစာရင်းများ၏ ရငွေ၊ သုံးငွေနှင့် လိုငွေပေါ်ပေါက်မှုအခြေ အနေတို့အပေါ် စိစစ်တွက်ချက်ပြီး၊ သုံးသပ်ပြီးမှသာ ချီးမြှင့်ငွေနဲ့ စရိတ်များကို ပြင်ဆင်မှုများကို အတည်ပြုပြဋ္ဌာန်းသင့်ပါတယ်ဆိုပြီးတော့ ဖော်ပြထားပါတယ်။ ဒါက သမ္မတက လုံးလုံးမတိုးပေးဘူးလို့ ပြောတာမဟုတ်ပါဘူး။ လတ်တလောမှာ မလုပ်ပါနဲ့ဦး။ ဒီ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်ရဲ့ ရသုံးလေးတွေ တွက်ပြီးလို့ ရှိရင် ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ သဘောထားဖြစ်ပါတယ်။ ဒီဟာလေးတစ်ခုကို လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး သိရှိဖို့ အတွက်ကို ကျွန်တော်ဖြည့် စွက်တင်ပြခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဥပဒေပြုကြတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဥပဒေကို သူများတွေထက်ပိုပြီးတော့ လေးစားလိုက်နာကြတဲ့သူတွေလည်းဖြစ်ပါတယ်။ အခုဥပဒေကြမ်းဟာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့၊ ဦးစီးအဖွဲ့ဝင်တွေရဲ့ စရိတ်နဲ့ချီးမြှင့်ငွေကို တိုးမြှင့်ရန်ကိစ္စ ဖြစ်တဲ့အတွက် ပြည်ထောင်စုဘဏ္ဍာရသုံးထဲက ဖြစ်ပါတယ်။ [ပိုမိုရှင်းလင်းစေရန် Power Point အသုံးပြုခွင့်ပြုပါခင်ဗျား။] ဒီပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ စာရင်းထဲက ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါ ပြည်ထောင်စုအစိုးရအဖွဲ့ကသာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၂၁ အရ ဆောင်ရွက်ပြီးတော့မှ ပုဒ်မ ၁ဝဝ ပုဒ်မခွဲ(ခ)နဲ့အညီ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းပေးရမှာဖြစ်ပါတယ်။ အဲဒီ တင်သွင်းလာတဲ့ဟာကို ကျွန်တော်တို့ ပုဒ်မ ၁ဝ၃ (ဂ)နဲ့အညီ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့မှ အသုံးစရိတ်တွေကို သဘောတူ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့ချခြင်း၊ လျှော့ချ၍ ခွင့်ပြုခြင်းတွေကို အများဆန္ဒနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဒါကတော့ ဘဏ္ဍာရေးကျင့်စဉ်ဖြစ်ပါတယ်။ အဲဒီအပြင်ကို ကျွန်တော်တို့ ဒီတင်ပြပါ ဘဏ္ဍာရေးကျင့်စဉ် ၅ ရပ်ရှိပါတယ်။ အထူးသဖြင့် (ခ)၊ (ဂ)၊ (ဃ)၊ (င) အဲဒါတွေ အဓိက ဖြစ်ပါတယ်။ (ဂ)မှာဆိုလို့ရှိရင် လုပ်ပိုင်ခွင့်ရှိသူတစ်ဦးအား မိမိရဲ့လုပ်ပိုင်ခွင့်အရ အမိန့်တစ်ရပ် ချမှတ်တဲ့အခါမှာ မိမိကိုတိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကျိုးဖြစ်ထွန်းစေမယ့်အမိန့်ကို မချမှတ်ရဆိုပြီးတော့ ပေးထားတာရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီဘဏ္ဍာရေး ကျင့်စဉ်တွေကိုလည်း လိုက်နာဖို့ လိုအပ်ပါတယ်။
ဒီအဆင့်ဆင့်သော ပုဂ္ဂိုလ်များနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဦးစီးအဖွဲ့ ဝင်များရဲ့ ချီးမြှင့်ငွေနဲ့ စရိတ်တွေကို တစ်ကြိမ်တည်း မြင့်မားစွာတိုးမြှင့်ပေးခြင်းထက် နိုင်ငံတော်ရဲ့ စီးပွားရေးအခြေအနေ တိုးတက်ကောင်းမွန်လာသည်နဲ့အမျှ သင့်တင့်မျှတစွာ တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပါ မယ်ဆိုပြီးတော့ နိုင်ငံတော်သမ္မတက ၁၇-၁-၂ဝ၁၅ ရက်မှာ ပြည်ထောင်စု လွှတ်တော်နာယကထံကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ အဲဒီသဝဏ်လွှာကိုပဲ ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်က ၁၉-၁-၂ဝ၁၅ ရက်မှာ မှတ်တမ်း တင်ထားရှိပြီးဖြစ်ပါတယ်။ လက်ရှိနိုင်ငံတော်ရဲ့ လစာစရိတ်နဲ့ ချီးမြှင့်ငွေခံစား သူတွေရဲ့ နှုန်းထားကို တစ်ကြိမ်တည်းနဲ့ လျင်မြန်စွာတိုးပေးမယ်ဆိုလို့ရှိရင် နိုင်ငံတော်မှာ သာမန်အသုံးစရိတ်တွေပိုလာပြီး လိုငွေတွေများလာမှာဖြစ်ပါတယ်။ တစ်ဖန် ပုဂ္ဂလိကကုမ္ပဏီများ၊ လုပ်ငန်းများက ဝန်ထမ်းတွေကို သက်ဆိုင်ရာအလိုက် လစာတိုးပေးမယ် ဆိုလို့ရှိရင်လည်း ဒါဟာကုန်ဈေးနှုန်းတွေ တက်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံရဲ့ သန်း ၅ဝ ပဲရှိတဲ့ ပြည်သူတွေကို အမှန်တကယ် စေတနာရှိတယ်ဆိုလို့ရှိရင် လွှတ်တော်ကိုယ်စားလှယ်နဲ့ ဦးစီးအဖွဲ့တွေ ချီးမြှင့်ငွေနဲ့စရိတ်တွေကို တစ်ကြိမ်တည်း များစွာတိုးပေးခြင်းထက်ကို လတ်တလောအခြေအနေမှာ နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက်အတိုင်း ထားရှိဖို့တင်ပြရင်း နိဂုံးချုပ်ပါတယ်။
ဦးဇုန်လှယ်ထန်း (မဲဆန္ဒနယ်အမှတ်-၂၊ ချင်းပြည်နယ်)
ကျွန်တော်တို့ စရိတ်တွေ၊ လစာတွေ မြှင့်သင့်တဲ့အချိန်မှာ မြှင့်ဖို့လိုအပ်တဲ့ အကြောင်းပါ။ ကျွန်တော်တို့ ဒီဥရောပမှာဆိုရင် သူတို့လွှတ်တော် ကိုယ်စားလှယ် တွေရဲ့လစာကို တစ်တိုက်လုံး သူက အတူတူပဲ။ ဒီလိုပဲ EU က သတ်မှတ်ထားပါတယ်။ ဒီလိုပုံစံမျိုး ကျွန်တော်တို့ ဒီခေတ်နဲ့ ညီအောင်ပါ။ ကျွန်တော်တို့ တိုင်းပြည်ကိုမြှင့်ချင်တယ်ဆိုရင် အခု ဒီအာဆီယံ၊ တရုတ်၊ အိန္ဒိယကို ကျွန်တော်တို့ ချိန်ညှိပြီးတော့ ဒါလုပ်သင့်တဲ့အကြောင်းတွေ နည်းနည်းဆက်ပြောချင်ပါတယ်။ အခုကျွန်တော်တို့နိုင်ငံဘေးမှာ ကမ္ဘာ့လူဦးရေအကြီးဆုံး၊ အများဆုံး အိန္ဒိယနဲ့ ထိုင်းရှိတယ်။ တရုတ်နဲ့ ထိုင်းတို့ အာဆီယံရှိတယ်။ ကျွန်တော်တို့ နိုင်ငံကပေါ့နော်။ လုပ်လိုက်လို့ သူတို့ရဲ့ ကုန်ဈေးနှုန်းသွားမမြင့်သွားနိုင်ဘူး။
ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့အဆိုတွေ၊ ပြီးတော့ အခုလစာ စရိတ်၊ လွှတ်တော်ကိုယ်စားလှယ်ချီးမြှင့်ငွေတွေ မြှင့်ရန်လုပ်တဲ့ဟာတွေက ကျွန်တော်တို့ဒီခေတ်နဲ့ အရမ်းလိုအပ်လာတဲ့အချိန်ဖြစ်တယ်။ တကယ်သင့်တော်တဲ့ အချိန်လည်းဖြစ်တယ်။ အခု ဒီလိုစလုပ်လာပြီဆိုရင် ကျွန်တော်တို့ ကုန်ဈေးနှုန်း ကလည်း တည်ငြိမ်လာမယ်။
ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာ။ ဘာဖြစ်လို့လဲဆိုတော့ လိုအပ်တဲ့ ကုန်ဈေးနှုန်းတွေဆိုရင် သူ့ဟာသူ ဘေးနားကနေ ဝင်လာမှာပဲ။
ကျွန်တော်တို့နိုင်ငံမှာ ဆက်ပြီးတော့ စဉ်းစားလို့ရတဲ့ဟာကတော့ ကျန်တဲ့ကိစ္စတွေမှာ ဘယ်ကဏ္ဍမှာ တိုးတက်လာနိုင်မလဲဆိုတာကို ကျွန်တော်တို့ နောက်မှာဆိုရင် စစဉ်းစားလို့ရပြီ။ ကုန်ဈေးနှုန်းကြီးမြင့် ဖို့ရန်အတွက် ကျွန်တော်တို့ ဂရုစိုက်စရာ မလိုတော့ဘူး။ အခုကတည်းကနေ လုပ်ရင်ပေါ့နော်။ ဘာဖြစ်လို့ နောက်မှ အခုကတည်းကနေလုပ်လည်း မလုပ်ဘူးဆိုရင် ကျွန်တော်တို့နောက်မှာ လုပ်ရင်လဲဟ ကုန်ဈေးနှုန်းတက်မလား။ ကုန်ဈေးနှုန်းတက်မလား။ စိုးရိမ်နေရမှာပဲ။ ဒီအချိန်မှာ လုပ်လိုက်လို့ရှိရင် အခု Free Trade Policy နဲ့ပေါ့နော်။ Market Economic Policy ပေါ့။ ဒီဈေးကွက်စီးပွားရေးစနစ် ပေါ်လစီနဲ့ ဒီအချိန်မှာ လုပ်သင့်တဲ့ဟာ လုပ်လိုက်လို့ရှိရင် ကျွန်တော်တို့နောင်မှာ စဉ်းစားရတာ၊ စီမံကိန်း ဆွဲရတာတွေ ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာလုပ်ပြီးတော့ ကျွန်တော်တို့ ဒီအချိန်မှာလုပ်တဲ့ဟာတွေသည် အရမ်းသင့်တော်တဲ့ဟာ ဖြစ်ပါတယ်ဆိုတာကို တင်ပြချင်ပါတယ်။

ပြီးတော့ သဘောထားမှတ်ချက်မှာ ဒီပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်တွေနဲ့ ချင့်ချိန်ပြီးတော့ လုပ်ဆောင်သင့်တဲ့အကြောင်းကို ကျွန်တော် နည်းနည်း ဆက်ဆွေးနွေးပါမယ်။ အမှန်ဆိုရင် ကျွန်တော်တို့ အခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်တွေပါပဲ။ ပုဒ်မ ၁ဝ၃(ခ)မှာပါတဲ့ အတိုင်းပေါ့။ ခုနက စောစောတုန်းက ကျွန်တော်ရှင်းပြပြီးပြီ။ သို့သော် ဒီလိုဖြစ်ရဲ့သားနဲ့ ကျွန်တော်တို့က အမှန်ဆိုရင် ဒုဝန်ကြီးအဆင့်လောက်တော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက လစာရသင့်တယ်။ အမှန်ဆိုရင်၊ ဥပဒေအတိုင်းဆိုရင်၊ အခြေခံဥပဒေအတိုင်းဆိုရင် ဒါ မှန်ကန်တဲ့ အကြောင်းအရာတွေပဲ။ သို့သော် ကျွန်တော်တို့ လျှော့ပြီးတော့ ၁ဝ သိန်းလောက်နဲ့ လုပ်တယ်ဆိုတာတောင်မှ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာ ကို ကျွန်တော်တို့ရဲ့ အမှန်၊ ကျွန်တော်တို့ရဲ့ Status ကို နှိမ့်ချပြီးတော့ တိုင်းပြည်အတွက် ဆောင်ရွက်တာဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ တစ်နိုင်ငံလုံးကလည်း သိသင့်တယ်။ ဥပဒေအရ ကျွန်တော်တို့ အမှန်အကန်လုပ်မယ်ဆိုရင် ဒုဝန်ကြီးရဲ့အဆင့်လောက်တော့ ကျွန်တော်တို့ လစာဖြစ်ရမယ်။ ဒါတွေလည်း ကျွန်တော်တို့ မှန်ကန်တဲ့အကြောင်းအရာတွေပဲ။ ဒါကြောင့် အခုကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ကြီးက ဆောင်ရွက်နေတဲ့အရာတွေသည် တကယ်သင့်တော်တဲ့ ဆောင်ရွက်ချက် ဖြစ်တယ်ဆိုတာကို တင်ပြရင်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။
နာယက
ဒေါ်ဇာတလဲမ်း၊ ဒေါ်နန်းဝါနု အစုအဖွဲ့က နှစ်ဦး ဆွေးနွေးခွင့်ရှိပါတယ်။ တစ်ဦးဆွေးနွေးလို့ရပါပြီ။ အမည်စာရင်းတင်သွင်းတဲ့သူပဲ ဖြစ်ရပါမယ်။ အမည်စာရင်းတင်သွားတဲ့ ၁ဝ ဦးအနက် နှစ်ဦး ဆွေးနွေးခွင့် ရှိပါတယ်။
ဦးမောင်တိုး (မင်းလှမဲဆန္ဒနယ်၊ ပဲခူးတိုင်းဒေသကြီး)
ကျွန်တော် ဒီမှာ တစ်ချက်ထဲပဲ တင်ပြချင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ချီးမြှင့်ငွေတိုးပေးတာကို ကြည့်တဲ့၊ မြင်တဲ့ Point of View က လိုပါတယ်ခင်ဗျာ့။ ဒါလွှတ်တော်ကိုယ်စားလှယ်တွေကို ပေးတာမဟုတ်ပါဘူးခင်ဗျာ။ ဒါဟာပြည်သူတွေကို ပေးတာပါ။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူ့ကိုယ်စားလှယ်ပါ။ ပြည်သူတွေ အတွက်ကို တာဝန်ကို သေသေချာချာ ထမ်းဆောင်နိုင်အောင်လို့ သူ့ကို ကျွန်တော်တို့က လက်နက်ကိရိယာလိုဟာမျိုးတွေ တပ်ဆင်ပေးတာ ဖြစ်ပါ တယ်။ အဲတော့ ဒီလိုမျိုး ပြည်သူ့ကိုယ်စား လုပ်နေတဲ့သူတွေကို ချို့ချို့ငဲ့ငဲ့၊ ချို့ချို့တဲ့တဲ့ ထားမယ်ဆိုလို့ရှိရင် ပြည်သူတွေအတွက်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်းပဲ ဟိုးအရင်ခေတ်တုန်းက ဟုတ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်တော်တို့နိုင်ငံမှာ လွတ်လပ်ရေးရခါစတုန်းက ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ဟာ ၃ဝဝ ပဲပေးတယ်။ ဒီဝန်ကြီးတစ်ယာက်ကို ၁၈ဝဝ ပေးတယ်။ အဲဒီတော့ ဒါပေမယ့် နောက်ပိုင်းမှာပြောင်းလာတယ်။ အတွေးအခေါ်က ပြောင်းလာတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေဟာ အရေးကြီးတယ်ဆိုတာ အခုအချိန်မှာ အမေရိကန်နိုင်ငံမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ တစ်နှစ်ကို ဒေါ်လာ ၁၇၄,ဝဝဝ ရပါတယ်။ ၁၇၄,ဝဝဝ ဟာ အမေရိကန်နိုင်ငံသမ္မတက ၄ဝဝ,ဝဝဝ ရပါတယ်။ အမေရိကန်နိုင်ငံသမ္မတက ၄ဝဝ,ဝဝဝ ဆိုတာ ကမ္ဘာမှာ အင်မတန်များတဲ့ဟာပါ။ အမေရိကန်နိုင်ငံသမ္မတရဲ့ ၄ဝဝ,ဝဝဝ နဲ့ ၁၇၄,ဝဝဝ နဲ့ယှဉ်ကြည့်လို့ရှိရင် ဒါသိပါတယ်။ အဲတော့ ဘာကြောင့် ပေးတာလဲဆိုတော့ ဒီမိုကရေစီထွန်းကားလာတယ်။ နောက်တစ်ခါ လွှတ်တော်တွေရဲ့ အခန်းကဏ္ဍ ပိုမြင့်လာတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေကို၊ ဘတ်ဂျက်တွေကို သုံးတာစွဲတာတွေ၊ ဝန်ထမ်းတွေရဲ့ လုပ်တာကိုင်တာ မဟုတ်တာတွေ ဒါတွေကို ပြည်သူတွေရဲ့ ကိုယ်စားပြောဖို့၊ ပြည်သူတွေရဲ့ ကိုယ်စားလုပ်ဖို့ဆိုတာ လွှတ်တော်ကိုယ်စားလှယ်ပဲရှိပါတယ်ခင်ဗျာ့။

အဲလိုရှိတဲ့အတွက် ဒီလူတွေကိုမှ ကျွန်တော်တို့က ထမင်းအငတ်ထား၊ သွားစရာ စရိတ်ကမရှိ၊ အဲဒီ့လိုမျိုးလုပ်မယ် ဆိုလို့ရှိရင်တော့ ဒါဟာ ဒီမိုကရေစီကိုထွန်းကားဖို့ကို ကန့်ကွက်နေတာ။ ဒါဟာလွှတ်တော်ကိုယ်စားလှယ်တွေကို ပေးတာမဟုတ်ပါဘူး။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကြည့်ပါ။ ဒီ ၃ သိန်းလေးနဲ့ ဘယ်လိုလုပ်မလဲ။ ၃ သိန်းနဲ့ ဘာမှလုပ်လို့ မရဘူး။ ဘာမှလုပ်လို့မရတဲ့အတွက် ကျွန်တော်တို့က ပြည်သူတွေအတွက်ကို လုပ်ဖို့လိုတာ ဖြစ်တဲ့အတွက် ဒီလိုလုပ်ပေးတဲ့ဥစ္စာဟာ ပြည်သူတွေအတွက်ကို လုပ်ပေးတယ်လို့မြင်ရမှာဖြစ်ပါတယ်။
နာယက
အဆိုကို ထောက်ခံမဲ (၃၃၃)မဲ၊ ကန့်ကွက်မဲ (၁၆၈)မဲ၊ ကြားနေမဲ (၅)မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲများတဲ့အတွက် ဥပဒေကြမ်း၏ အပိုဒ် ၃ နဲ့ ၄ တို့သည် ပြည်ထောင်စုလွှတ်တော်၏ မူလအတည်ပြုချက်အတိုင်း အတည်ပြုကြောင်း ကြေညာပါတယ်။

No comments:

Post a Comment