Sunday, January 25, 2015

ပြည်တွင်းဆက်သွယ်ရေးပြေးလမ်းပေါ်တွင် အမ်ပီတီ-အမ်အီးစီ-အော်ရီဒူးနှင့်တယ်လီနော


ရန်ကုန်မြို့၏ မြို့တွင်းလမ်းဘေးပလက်ဖောင်း ဆိုင်လေးများပေါ်၌ အမ်ပီတီ၊ အမ်အီးစီ၊ အော်ရီဒူးနှင့် တယ်လီနော ဖုန်းကတ်လေးများကို ကြိုက်ရာရွေး၍ အလွယ်တကူဝယ်ယူလာနိုင်ပြီကို တွေ့မြင်နေရပြီ ဖြစ်သည်။

လွန်ခဲ့သောဆယ်စုနှစ် နှစ်စုနီးပါးခန့်က ပြည်တွင်းမိုဘိုင်းဖုန်း ရာဇဝင်အစမှာ ကိန်းခန်းကြီးလှပေသည်။ လူတိုင်းစေ့ ဖုန်းကိုင်ဆောင်သူ နည်းပါးလှပေသည်။ ဟန်းဆက်များဆိုလျှင် မှန်ဗီရိုအတွင်း နေရယူထားကြသည်။ ယခု လမ်းဘေးပလက်ဖောင်းဈေးများပေါ်၌ ကြိုက်ရာရွေးဝယ်ယူနိုင်ကြပြီဖြစ်သည်။
GSM, WCDMA, CDMA များကို တစ်လလျှင် အရေအတွက်၁၅ဝဝဝဝ ခန့်ဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များသို့ ဖြန့်ဝေပေးခဲ့သည်။ အရေအတွက်နည်းသဖြင့် မဲနှိုက်၍ ချထားပေးခဲ့ရသည်။ ထိုအချိန်က အိမ်ထောင်စု တစ်စုတွင် ဖုန်းကတ်တစ်ကတ်မျှ မဲပေါက်ခြင်းမရှိသကဲ့သို့ အိမ်ထောင်စုတစ်စုတည်းတွင် နှစ်ကတ်မှ သုံးကတ် အထိ မဲပေါက်သွားသူများ ရှိခဲ့သည်။
ထိုစဉ်က ငွေကျပ် ၁၅ဝဝ ဖုန်းကတ်တစ်ကတ်လျှင် ပြင်ပပေါက်ဈေး ငွေကျပ်တစ်သိန်းကျော်ဈေးရှိခဲ့သည်။ နောက်ဆုံး ထုတ်ပေးချိန်၌ တစ်ကတ်လျှင် ပြင်ပပေါက်ဈေး ငွေကျပ် ၁၅ဝဝဝ ဝန်းကျင်ဈေးရှိနေခဲ့သည်။
ထိုအချိန်၌ ဖုန်းကတ်တစ်ကတ်လျှင် ငွေကျပ် ၁၅ဝဝ နှုန်း၊ သူတို့ဖုန်းအချင်းချင်း ခေါ်ဆိုခတစ်မိနစ်လျှင် ငွေကျပ် ၂၅ ကျပ်နှုန်းဖြင့် အော်ရီဒူး အော်ပရေတာတစ်ခု မြန်မာ့ဆက်သွယ်ရေးပြေးလမ်းအတွင်းသို့ ဝင်ရောက်လာ ခဲ့သည်။ ဝင်ဝင်ချင်းကံမကောင်းခဲ့ပေ၊ သုံးစွဲသူတို့ထဲမှ ဘဝင်မကျသော တုံ့ပြန်သံများကြားရသည့်နောက် မည်သည့် ဖုန်းသို့ခေါ်ခေါ်တစ်မိနစ်လျှင် ၂၅ ကျပ် ဖြင့် ချပြီးအခြားဝန်ဆောင်မှု ကောင်းများပေးလာသည့် အတွက် ယခုအခါ အခြေအနေကောင်းများဖြင့် ဆက်လက်ပြေးလျက်ရှိသည်။
နောက်တစ်ကြိမ် ပြေးလမ်းအတွင်းသို့ ထပ်မံဝင်ရောက်ယှဉ်ပြိုင်လာသည့် အော်ပရေတာမှာ တယ်လီနောဖြစ် သည်။ ဖုန်းကတ်တစ်ကတ်လျှင်ငွေကျပ် ၁၅ဝဝ နှုန်းနှင့်ပင်ဖြစ်ပြီး ခေါ်ဆိုမှုနှုန်းမှာလည်း မည်သည့်ဖုန်းသို့ ခေါ်ခေါ် ၂၅ ကျပ်ပင်ဖြစ်သည်။ ပြည်တွင်းဒေသအတော်များများနှင့်ချိတ်ဆက်မမိ သေးသည့်အတွက် ကြိုးစား လျက်ရှိနေသည်။ မြို့တွင်းခေါ်ဆိုမှုမှာပင် တစ်ခါတစ်ရံ ဆက်နေရင်းမှ မကြာခဏပြုတ်ပြုတ်ကျနေသည်ဟု ဆိုကြသည်။ လစဉ်၊ ခေါ်ဆိုမှု အပိုကြေးများပေးလျက် ရှိနေသည်။
လက်ရှိဖုန်းခေါ်ဆိုမှု နှုန်းထားများကို ပြန်လည်ဆန်းစစ်ကြည့်ပါက ပြည်တွင်းဖြစ် အမ်ပီတီနှင့် MEC ထုတ် CDMA ဖုန်းကတ်တို့မှာ အခြားသော အော်ပရေတာများနှင့် နှိုင်းယှဉ်ပါက များပြားနေသည်။
မြန်မာ့ဆက်သွယ်ရေးဌာနနှင့် ဂျပန်နိုင်ငံကုမ္ပဏီတို့ ပူးပေါင်းဆောင် ရွက်လာမှုကြောင့် ဖုန်းခေါ်ဆိုမှုနှုန်းထား လျော့ကျလာရေးကို ဖုန်းကိုင်ဆောင်သူ အားလုံးကမျှော်လင့်နေကြသည်။ ဇန်နဝါရီ ၁၂ ရက်က ပြင်ပ၌ အသံများကြားလာရသည်။ ဖုန်းခေါ်ဆိုခများ ကျတော့မည်။ မီဒီယာများနှင့်မြန်မာ့ဆက်သွယ် ရေးမှ တာဝန်ရှိသူများ တွေ့ဆုံနေကြပြီဆိုသည့်သတင်းပင်ဖြစ်သည်။
ထိုနေ့က ပလက်ဖောင်းပေါ်မှ ဖုန်းကတ်ဈေးမှာ ခုန်တက်သွားခဲ့သည်။ အမ်ပီတီတစ်ကတ်လျှင် နံပါတ်ကောင်း (အပူး) ဆိုပါက ငွေကျပ် ၁ဝဝဝဝ ဖြစ်ပြီး နံပါတ်ဘောက်ဖြစ်ပါက ငွေကျပ် ၆ဝဝဝ အထိဖြစ်ခဲ့သည်။ တယ်လီနော တစ်ကတ်လျှင်ငွေကျပ် ၅ဝဝဝ ဖြစ်၍ အော်ရီဒူးကမူ မူရင်းဈေးအတိုင်း ငွေကျပ် ၁၅ဝဝ သာရှိနေသည်။
နောက်တစ်နေ့တွင် အသံများငြိမ်သွားပြီး အမ်ပီတီ၏ 'ဆွေသဟာ'စနစ်အပေါ် သုံးစွဲသူများက နှစ်သက်မှု အားနည်းခဲ့သည်။ အမ်ပီတီ ဈေးနှုန်းများ အေးသွားခဲ့သည်။ ထို့အတူ တယ်လီနောလည်း ရောယောင်၍ ဈေးကျလာခဲ့သည်။
အမ်ပီတီတစ်ကတ်လျှင်ရောင်းဈေး နံပါတ်ဘောက်တစ်ကတ်လျှင်ငွေကျပ် ၃၅ဝဝ ဖြစ်၍ နံပါတ်အပူးဆိုပါက ငွေကျပ် ၅ဝဝဝ ဖြစ်သည်။ တယ်လီနော တစ်ကတ်လျှင် ငွေကျပ် ၃ဝဝဝ ဖြစ်ပြီး အော်ရီဒူးမှာ မူရင်းဈေးအတိုင်း ငွေကျပ် ၁၅ဝဝ ပင်ဖြစ်သည်။ ထိုအထဲတွင် MEC ထုတ် CDMAမှာ ဈေးအကောင်းဆုံး ဖြစ်သည်။ နယ်ဈေးကွက်ရှိသည့်အတွက် တစ်ကတ်လျှင် ငွေကျပ် ၇ဝဝဝ မှ ၁ဝဝဝဝ အကြား ဈေးခေါ်ရောင်းနေကြသည်။
လက်ရှိတွင်မူ မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းကတ်ပေါင်း ၁၁ သန်းခန့် အသုံးပြုလျက်ရှိနေပြီး ထပ်မံ၍ ကတ်တစ်သန်းထုတ် သွားဦးမည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ အရာရှိတစ်ဦးထံမှ သိရသည်။

ယနေ့ မြန်မာ့ဆက်သွယ်ရေးမှ ဖြန့်ဝေမှုမှာ ဝေစုအများဆုံးဖြစ်ပြီး ပြေးလမ်းပေါ်၌ ပြေးအားအကောင်းဆုံး အော်ပရေတာ တစ်ခုဖြစ်သည်။ အခြားအော်ရီဒူးနှင့် တယ်လီနောအော်ပရေတာ များကလည်း ကြော်ငြာအား ကောင်း၊ ဝန်ဆောင်မှု မက်လုံးကောင်းများဖြင့် ကြိုးစားပြေးလျက်ရှိနေသည်။ မည်သူပန်းဝင် အကောင်းဆုံး ဖြစ်မည်နည်း။ အချိန်ကစကားပြောလာ မည်ဖြစ်သည်။ သုံးစွဲသူပြည်သူ ''ဒိုင်'' များက အဆုံးအဖြတ်ပေးမည်သာ ဖြစ်ပေသည်။

No comments:

Post a Comment