Monday, January 19, 2015

ကုန်သွယ်ခွန်အတွက် ဈေးဝယ်တိုင်း ပေးဆောင်ရာရောက်ပြီလား



ကိုရီးယားခရီးစဉ် သွားရောက်စဉ် မိတ်ဆွေ သူငယ်ချင်းနဲ့ မိသားစု အတွက် လက်ဆောင် အနည်းငယ် ဝယ်ယူခဲ့ပါတယ်။ ဈေးဝယ် ကုန်တိုက်ရော၊ လမ်းဘေးက ဆိုင်အသေးလေး တွေမှာပါ အဆင်ပြေသလို ဝယ်ခဲ့ပြီး ဆိုင်တိုင်း အခွန် ၁ဝရာခိုင်နှုန်း ဖြတ်တာခံရတော့ အတော်ကလေးစိတ် အခန့်မသင့် ဖြစ်ရပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ငါးရာခိုင်နှုန်းကိုသာ ကုန်သွယ်ခွန် သတ်မှတ်တာ သိထားလို့ပါ။


သို့သော် ရန်ကုန်မှာ စားသောက် ဆိုင်တွေ ရောက်တဲ့အခါ ပြေစာပေါ် ကပ်ပေးတဲ့ တံဆိပ်ခေါင်းတွေ အချို့ ဆိုင်က စနစ်တကျ ကပ်ပေးသလို အချို့ဆိုင်က ကပ်မပေးပါဘူး။ ကပ်ပေးတဲ့ ဆိုင်ကလည်း နောက် တစ်ခါသွားရင် ကပ်ပေးချင်မှ ကပ်တော့တာ ကြုံရပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတော်အစိုးရ သစ်လက်ထက် အခွန်ကောက်ခံရရှိမှုဟာ ၂ဝ၁၄ခုနှစ်အတွင်း အမြင့်ဆုံး စံချိန်တင် ရရှိခဲ့ တယ်လို့ သိရသော်လည်း အခွန်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို အခွန်ဆောင်ရမယ့် ပြည်သူ လူထုထံထိ ရောက်အောင် မဖြန့်ဖြူး နိုင်သေးဘူးဆိုတာ အသေအချာပါပဲ။
၁၉၇၆-၇၇ခုနှစ်ကတည်းက အခွန် ကောက်ခံမှုကို ပြည်တွင်းအခွန်များ ဦးစီးဌာနက တာဝန်ယူခဲ့ပြီး ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်ကနေ စတင်လို့ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်းခွန်နဲ့ အောင်ဘာလေ သိန်းဆုခွန် တွေကို ကောက်ခံခဲ့ရာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်ရဲ့ ပထမ ခြောက်လပတ်အတွင်း ငွေကျပ်သန်း ပေါင်း ၂၅၂၉ဝဝ၉ ဒသမ ၉၂၉ အထိ ရရှိခဲ့တာကို ကျေနပ်အားရဖွယ် တွေ့ရှိရတယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်း ထွဋ်က ပြောပြပါတယ်။
နိုင်ငံသားတိုင်း မည်သူမဆို လစာ၊ အသက်မွေးဝမ်းကျောင်း ပညာ လုပ်ငန်း၊ ပစ္စည်း၊ စီးပွားရေး လုပ်ငန်းနဲ့ အခြားဝင်ငွေရ လမ်းများမှ ဝင်ငွေ များအပေါ် အခွန်ပေးဆောင်ကြရမှာ ဖြစ်ပြီး တစ်နှစ်ဝင်ငွေ ကျပ်သိန်း ငါးဆယ်အထက် ငါးရာခိုင်နှုန်း၊ ငွေ ကျပ်သိန်း ၃ဝဝဝအထက် ၂၅ရာခိုင် နှုန်းကို အခွန်ပေးဆောင်ရမယ်လို့ သိရပေမယ့် လုပ်ငန်းရှင်ကြီးတွေမှာ အခွန် ဆောင်သူ နှစ်သိန်းသာရှိနေတာကို ပြည်တွင်းအခွန်များဦးစီးဌာန ရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။
စားသုံးသူများထံက အခွန်ငါးရာ ခိုင်နှုန်းကို ကုန်သွယ်ခွန်အဖြစ်ရောင်း ချသူက တာဝန်ယူကောက်ခံလို့ အခွန် ရုံးကို ပေးသွင်း နေကြတယ်လို့ သိရသော်လည်း အချို့ဆိုင်တွေက အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးခြင်း မရှိဘဲ ကုန်သွယ်ခွန်တော့ ကောက်ခံပါတယ်။ အခွန်ရုံးကိုရော အမှန်တကယ် ရောက်ရှိသလား ဆိုတာတွေကို အဖြေ ရှာဖို့ အတွက် ၂ဝ၁၄ခုနှစ် နိုဝင်ဘာ ၁ရက်ကတည်းက အခွန်တံဆိပ်ခေါင်း စနစ်ကို ထုတ်ပြန်ထားပြီးသားဖြစ် ကြောင်း အခွန်ဦးစီးမှူးများ ထံက သိရ ပါတယ်။
''ရန်ကုန်က စားသောက်ဆိုင်တွေ အသုံးပြုနေတာပါ။ အခွန်တံဆိပ် ခေါင်းတွေကို ရန်ကုန်မြို့က ဆိုင် တစ်ထောင် ကျော်မှာသာ ဖြန့်ဝေပေး ရသေးတော့ဆိုင်တိုင်း အသုံးပြုမှုက တိတိကျကျအရေးယူစုံစမ်းမှုဆိုတာ ထက် စနစ်တစ်ခု ခိုင်မာအောင် တည်ဆောက်နေတဲ့ အချိန်သာဖြစ်လို့ အခက်အခဲနဲ့ ကြန့်ကြာမှုတချို့ ဆက်လက် ရှိနေနိုင်သေးတယ်'' လို့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အခွန်ဦးစီးမှူးတစ်ဦးက သုံး သပ်ပါတယ်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၃၃မြို့နယ်တွင် စားသောက်ဆိုင်လုပ်ငန်း တစ်ထောင် ကျော်ကို အခွန်တံဆိပ်ခေါင်းတွေ ဖြန့်ဝေထားပြီး ပြေစာများတွင် တန်ဖိုးအလိုက် အခွန်အမှတ်တံဆိပ် များ ပြန်လည် ကပ်ပေးရမှာ ဖြစ်တယ်လို့ အိုးရှင်းစူပါစင်တာ အတွင်းမှ စားသောက်ကုန် လုပ်ငန်းကြီး တစ်ခုရဲ့ မန်နေဂျာက ဆိုပါတယ်။
''လက်ရှိအသုံးပြုနေတဲ့ အခွန် တံဆိပ်ခေါင်းတွေက နိုင်ငံခြားကနေ မှာယူထားတာ ဖြစ်တာမို့ ပြည်တွင်း အတွက် ရေရှည် အသုံးပြုနိုင်ဖို့ လုပ်ဆောင်နေပါပြီ။ အခွန်တံဆိပ် ခေါင်းစနစ်သာ ခိုင်မာသွားပြီဆိုရင် ကုန်သွယ် လုပ်ငန်းခွန်အားလုံး အခွန် စတင် ကောက်ခံနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နည်းစနစ်တစ်ခုကို အခြေကျနိုင်အောင် စတင်လေ့ကျင့် နေတယ်။ အခွန်ဆိုတာ ပြည်သူတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိစေရေးကို ဆတိုး လုပ်ဆောင်မယ်''လို့ ဦးမင်းထွဋ်က ပြောပါတယ်။
အခွန်တံဆိပ်ခေါင်းတွေကို ကျပ်ငါးဆယ်ကနေ နှစ်သောင်းတန်အထိ ထုတ်လုပ်ထားပြီး စူပါမားကတ်တွေနဲ့ ဈေးဝယ် စင်တာတွေ၊ ရောင်းကုန် အကြီးစားတွေမှာ ကွန်ပျူတာစနစ်နဲ့ ရေးဆွဲမယ့် ဆော့ဖ်ဝဲလ်တပ်ဆင်ပြီး ကောက်ခံသွားဖို့ စမ်းသပ်လုပ်ကိုင် နေတဲ့အတွက် အခွန်တိမ်းရှောင်မှု ကို စားသုံးသူတွေရော ရောင်းချသူ တွေပါ ရှောင်လွှဲလို့မရနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမင်းထွဋ်ထံက သိရပါ တယ်။
ပြည်တွင်း အခွန်အရပ်ရပ် ကောက်ခံရရှိမှုတွေကို လေ့လာတဲ့ အခါ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ကောက်ခံရရှိမှုမှာ ကျပ် ၁၅၃၈ ဒသမ ၇၆၆ ဘီလျံ၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ နှစ်မှာ ကျပ် ၂၇၁ဝ ဒသမ ၉ဝ၆ ဘီလျံ၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှာ ကျပ် ၃၅၈၂ ဒသမ ၃၆ဝ ဘီလျံ ရရှိခဲ့တာတွေ့ရပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်မှာတင် အခွန်ကောက်ခံရရှိမှု ကျပ်သန်း ပေါင်း ၂၅၂၉ဝဝ၉ ဒသမ ၉၂၉ ရှိလာ တဲ့အတွက် လျာထားပမာဏထက် ပိုမိုရရှိတာကို ပြည်ထောင်စု၏ အခွန် ရငွေအစီရင်ခံစာကနေ သိရှိရပါတယ်။
အခွန်ကနေ တိုင်းပြည်ရဲ့ ဝင်ငွေကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်း ပေးနေခြင်းဖြစ်ပြီး အကယ်၍ပြည်သူ များ အသိစိတ်အပြည့်နဲ့ ပူးပေါင်း ပါဝင်လာပါက တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးနဲ့ ပြည်သူဗဟိုပြု လုပ်ငန်းတွေ ပိုမို လုပ်ကိုင် လာနိုင်တော့မှာမို့ အခွန်ဗဟုသုတ လူတိုင်းရစေဖို့နဲ့ စနစ်ကျနတဲ့ အခွန်ကောက်ခံမှုစနစ် ဖော်ဆောင်ဖို့အတွက် လိုအပ်နေပြီ ဖြစ်ကြောင်း ကျွမ်းကျင်သူများက မျှော်လင့်ကြပါတယ်။

No comments:

Post a Comment