ရန်ကုန် ဇန်နဝါရီ ၁၈
မြန်မာနိုင်ငံ၌သာတွေ့ရသည့် ဒေသရင်းငှက်မျိုးစိတ် ခြောက်မျိုးအနက်
မြန်မာနိုင်ငံအလယ်ပိုင်း၊ တောင်ပိုင်း၊ အနောက်ပိုင်း တို့တွင် တွေ့ရသည့်
နဖားကြူးအမြီးဝိုင်း မျိုးစိတ်နှင့် ချင်းပြည်နယ် နတ်မတောင် ဒေသတွင် တွေ့ရသည့်
မျက်ခုံးဖြူ ငှက်ပြာခြောက်မျိုးစိတ်တို့မှာ ယခုအခါ မျိုးသုဉ်းမှု ခြိမ်းခြောက်ခံရလုနီး
အန္တရာယ်ရှိနေကြောင်း သိရသည်။
''အင်းဆက်စား ငှက်မျိုးစိတ်တစ်မျိုး ပျောက်ကွယ်သွားရင် သူ့ပတ်ဝန်း
ကျင်မှာရှိနေတဲ့ ပိုးမွှားတိရစ္ဆာန်တွေကို နှိမ်နင်းမပေး နိုင်တော့တဲ့အတွက်
သစ်ပင်သီးနှံပင်တွေပေါ်မှာ ကျရောက်မယ့် မလိုလားအပ်တဲ့ အင်းဆက်တွေ ပွားလာတဲ့အတွက်
လူတွေရဲ့ စားသောက်ရေး ပမာဏနည်းပါးသွားတာ၊ ထိခိုက်သွားတာတွေ ဖြစ်လာစေတယ်။
ကမ္ဘာပေါ်မှာ မျိုးသုဉ်းပျောက်ကွယ်ဖို့ ခြိမ်းခြောက်ခံနေရတဲ့ ငှက်မျိုးစိတ်တွေကို
သုံးမျိုးခွဲခြားပြောရရင် နောင် ငါးနှစ်အတွင်း မျိုးသုဉ်း ပျောက်ကွယ်ဖို့ ၅ဝ ရာခိုင်နှုန်း
သေချာတဲ့ ငှက်မျိုးစိတ် ကိုးမျိုး၊ နောင်နှစ် ၂ဝ အတွင်း မျိုးသုဉ်းပျောက်ကွယ်ဖို့
၂ဝ ရာခိုင်နှုန်း သေချာတဲ့ ငှက်မျိုးစိတ် ၁၂ မျိုး၊ နောင်နှစ် ၁ဝဝ အတွင်း
မျိုးသုဉ်းပျောက် ကွယ်ဖို့ ၁ဝ ရာခိုင်နှုန်း သေချာတဲ့ငှက်မျိုးစိတ် ၂၈
မျိုးခန့်ရှိနေပါတယ်။ ဒါကိုထိန်းသိမ်းဖို့ လိုအပ်လျက်ရှိပါတယ်''ဟု ငှက်သုတေသနနှင့်
ထိန်းသိမ်း ရေး စီမံကိန်းမန်နေဂျာ ဇီဝမျိုးစုံနှင့် မျိုးကွဲသဘာဝ ထိန်းသိမ်းရေးဌာနမှ
ဒေါက်တာသီရိဒေဝီအောင်က ပြောကြားသည်။
မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲများ ပေါများသည့်အလျောက်
ဟိမဝန္တာမျိုးစိတ်များ၊ မလေးရှားမျိုးစိတ်များ၊ အိန္ဒိယနှင့် အင်ဒိုချိုင်းနား
မျိုးစိတ်များ ကျက်စားနေထိုင်ကြကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အမျိုးသားပန်းအဖြစ်
မြန်မာသော်ကကြီးပန်းကို သတ်မှတ်ထားပြီးဖြစ်ရာ ယခုအခါတွင် အမျိုးသားငှက်အဖြစ်
ဒေါင်းစိမ်း၊ ဥဒေါင်း (Green Peafowl) ကို ရွေးချယ်ရန်အတွက် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး
ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း များမှ ပညာရှင်များ၊ သတ္တဗေဒဌာနမှ ဆရာ
ဆရာမများက လျာထားပြီး သစ်တောဦးစီးဌာန၊ သဘာဝပတ် ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်
ထိန်းသိမ်းရေးဌာနသို့ တင်ပြပြီး အတည်ပြုချက်ရရှိအောင် ဆောင်ရွက်ထားကြောင်း၊
ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသိန်းအောင်က ပြောကြားသည်။
''ဘာကြောင့် ဒေါင်းစိမ်းကိုရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ကြသလဲဆိုတော့
ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ငွေဒင်္ဂါးပြား တွေမှာ ဒေါင်းတံဆိပ် ရိုက်နှိပ်ကြတယ်။
''အခုအချိန်မှာလည်း ဒေါင်းစိမ်းက မြန်မာနိုင်ငံမှာ မျိုးသုဉ်းမှု
အန္တရာယ်ရှိတဲ့ ငှက်မျိုးမှာပါဝင် နေတယ်။
''မြန်မာနိုင်ငံက ကောင်းမွန်တဲ့ ဂေဟစနစ်နဲ့ သဘာဝအလှအပတွေ ကျန်ရှိနေသေးတဲ့အတွက်
ဇီဝမျိုးစုံ မျိုးကွဲတွေ မပျောက်ပျက်စေဖို့ ဒေသအချို့မှာ တောရိုင်းတိရစ္ဆာန်
မျိုးစိတ်တွေမှီခိုပြီး အသက်မွေး ဝမ်းကျောင်းပြုတဲ့ သူတွေကို ပညာပေးလုပ်ငန်းတွေ
လုပ်ပြီး အသက်မွေးဝမ်းကျောင်း နည်းလမ်းတွေ ရှာဖွေပေးနိုင်အောင် ဖန်တီး
ပေးဖို့လိုအပ်ပါတယ်'' ဟု နိုင်ငံတကာတွင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနှင့် ပတ်သက်သည့်
သုတေသနပညာရှင် ဒေါက်တာဂျွန်ဆေးက ပြောကြားသည်။

No comments:
Post a Comment