ပြည်ပသို့ သစ်အလုံးလိုက်
တင်ပို့ခွင့်ရပ်ဆိုင်းလိုက်ခြင်းနှင့် ပုဂ္ဂလိကစိုက်ခင်းများ တည်ထောင်ခွင့်ပြုခြင်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများရရှိလာပြီး
အလုပ်အကိုင် အခွင့်အလမ်းများပါ ရရှိလာမည်ဖြစ်ကြောင်း သဘာဝတော နှင့် စိုက်ခင်း လုပ်ငန်းဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်ထံမှ သိရသည်။
“သစ်အလုံးလိုက် ပြည်ပသို့တင်ပို့မှု
ရပ်ဆိုင်းလိုက်တဲ့အတွက် သစ်ကိုအလုံးလိုက် တင်ပို့မယ့်အစား သစ်ကိုခွဲခြမ်းပြီး အချောထည်ပြုလုပ်တဲ့အတွက်
ရင်းနှီးမြှုပ်နှံမှုသစ်စက်တွေ ဝင်လာမယ်၊
ပြည်ပသို့ တင်ပို့တဲ့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေရလာမယ်၊ အလုပ်အကိုင်
အခွင့်အလမ်းတွေလည်းရလာမယ်။
ဒီ့အပြင် ရေရှည်ထုတ်မယ့်
ကုန်ကြမ်းအတွက်က စိုက်ခင်းထောင်မှ မိမိပိုင်စိုက်ခင်းကနေ ထုတ်ယူသုံးစွဲရမှာ ဖြစ်တယ်။ အဲဒါကြောင့် စိုက်ခင်းတွေ တည်ထောင်ရန် တင်ဒါခေါ်ယူတဲ့အခါမှာ ပါဝင်ပြီးတော့ အခု ၂၀၁၅
မှာ ပြည်ပရင်းနှီး မြှုပ်နှံမှုများ က စိုက်ခင်းတွေ
တည်ထောင်ပြီး သစ်စက်တွေ ပါတည်ထောင်လာကြမယ်။ ဒါကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ပါတိုးတက်လာမှာဖြစ်ပါတယ်
” ဟု ဦးကျော်ကျော်လွင်က ဆက်လက်ပြော သည်။
သစ်တောလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၁၅ မိုးရာသီတွင် ဧကတစ်ထောင်အထက် အကြီးစား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခြင်းကို သတင်းစာမှတစ်ဆင့်
အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့သည်။ တင်ဒါခေါ်ယူရာ
လုပ်ကွက် ၉၇ ကွက် (ဧကနှစ်သိန်းငါးသောင်းကျော်) တွင် တင်ဒါအောင်မြင်ခဲ့သည့် လုပ်ကွက်
၃၇ ကွက် (ဧကရှစ်သောင်းကျော်) ကို ဝန်ကြီးရုံးမှ ပြန်လည်စိစစ်ရွေးချယ်လျက်ရှိကြောင်း
သိရသည်။
“လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်ကဆို
သစ်တောဌာနအနေနဲ့ သစ်တောစိုက်ခင်း ဧကရှစ်သောင်းကျော် အထိ တည်ထောင်ခဲ့တယ်။ အဲဒီနောက်လည်း
ကျွန်းနဲ့သစ်မာပင်တွေကို သောင်းနဲ့ချီပြီး တည်ထောင်ခဲ့ပါတယ်၊ အဲဒီက မှ တဖြည်းဖြည်း
ပြန်လည်သုံးသပ်လိုက်တဲ့အခါ ဈေးကွက်စီးပွားရေးခေတ်ကာလမှာ နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှု
တွေ အများကြီးနဲ့ တည်ထောင်မယ့်အစား ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေကို တည်ထောင်ခွင့်
ပေးလိုက်ခြင်းဖြင့် နိုင်ငံတော် အနေနဲ့ တခြားကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံ နိုင်အောင်လို့
စိုက်ခင်းတွေ အများကြီးတည်ခြင်းကို လျှော့လိုက်ပါတယ်။ အဓိက ကတော့ မြန်မာနိုင်ငံပေါ်မှာရှိတဲ့
မြေတွေပေါ်မှာ တောတွေ၊ အပင်တွေရှိနေဖို့ပါပဲ။ ပုဂ္ဂလိကကပဲစိုက်စိုက်၊ ပြည်သူတွေက ပဲစိုက်စိုက်
စိုက်ခင်းတွေရှိနေဖို့ပါပဲ။ အခုပြန်လည် စိုက်ပျိုးတဲ့အထဲမှာ ကျွန်းနဲ့ သစ်မာပင်တွေကို
ပဲပြန်လည်စိုက်ပျိုးပါတယ်၊ တန်ဖိုးရှိသစ်တွေကိုပဲ ပြန်လည်စိုက်နေပါတယ်” ဟု ဦးကျော်ကျော်လွင်
ကထပ်မံပြောပြသည်။
ပုဂ္ဂလိက သစ်တောစိုက်ခင်းများကို
၂၀၀၆ ခုနှစ်ကစပြီး တည်ထောင်ခွင့်ပေးခဲ့ပြီး ယခု ၂၀၁၄ မိုးရာသီအထိ ကျွန်းပင် တစ်သိန်းတစ်သောင်းကျော်နှင့်
သစ်မာပင် ခြောက်သောင်းခုနစ်ထောင်ကျော် စိုက်ပျိုးထားပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ
အပင်အရေအတွက် အားလုံးမှာ ပုဂ္ဂလိကစိုက်ခင်းများနှင့် နိုင်ငံသူနိုင်ငံသား အားလုံးမှ
စိုက်ပျိုးထားသော အပင်များဖြစ်သည်။ သစ်တောများ အဆင့်ပြန်လည် မြင့်မားလာစေရန် အဖိုးတန်
သစ်များဖြစ်သည့် ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုးစသည်တို့ကို အများဆုံး ပြန်လည်စိုက်ပျိုး
လျက်ရှိကြောင်း သိရသည်။
“သစ်ပင်စိုက်လို့ရတဲ့
နေရာတွေအားလုံးမှာ စိုက်ပျိုးသွားမှာပါ။ နောက်ထပ်ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော
တွေမှာလည်း တောင်ပေါ်မှာ အဖိုးတန်တဲ့ကျွန်းပေါက်တယ်၊ တချို့နေရာတွေဆို ထင်းရှူးပေါက်တဲ့အတွက်
မြေနေရာနဲ့ ဂေဟစနစ်ကို လိုက်ပြီး စိုက်ပျိုးမှုတွေပြုလုပ်နေပါတယ်။ အခု တိုင်းဒေသကြီး/ပြည်နယ်ရှစ်ခုက
စပြီးစိုက်ပျိုးနေပါတယ်။ နေပြည်တော် ကောင်စီ သစ်တောနယ်မြေရှိတဲ့ နေရာတွေမှာလည်း စိုက်ပျိုးနေပါတယ်”
ဟု ၎င်းကထည့်သွင်းပြောကြားသည်။
သစ်တောများ ပြန်လည်
အဆင့်မြင့်မား လာစေရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့်
ပုဂ္ဂလိကသစ်တော စိုက်ခင်းများမှ ကျွန်းနှင့်သစ်မာများကို အဓိကပြန်လည် အစားထိုး စိုက်ပျိုးလျက်
ရှိကြောင်း သိရသည်။

No comments:
Post a Comment