ပထမအကြိမ်အမျိုးသားလွှတ်တော်
(၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ
လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ် လျဉ်း၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်
အမှတ် (၆) မှ ဦးခင်မောင်လတ်က ဘာသာကူးပြောင်း သူများအခွင့်အရေးမဆုံးရှုံးစေရန်နှင့်
ရှုပ်ထွေး မှုများ မဖြစ်ပေါ်လာနိုင်စေရန် ဥပဒေများ ကြိုတင်ပြဌာန်းရန်လိုအပ်ကြောင်း၊ ကိုးကွယ်ရာ
ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာဥပဒေ ပြဌာန်းခြင်းဖြင့် ယုံကြည်မှုဆိုင်ရာပဋိပက္ခများလျော့
နည်းလာပြီး အေးချမ်း တည်ငြိမ်မှုနှင့် အမျိုးသားအကျိုးစီးပွားကို အထောက်အကူပြု ကာကွယ်နိုင်မည်ဟု
ယုံကြည်ပါကြောင်း ဖြင့် ဆွေးနွေးသည်။
မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၇)
မှ ဒေါက်တာဗညားအောင်မိုး က ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းသည် လွတ်လပ်စွာကိုးကွယ်ခြင်း၊
လွတ်လပ်စွာဘာသာကူးပြောင်းခွင့်ကိုလည်းမထိခိုက်ပါကြောင်း၊ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေပြဌာန်းနိုင်ရန်ဆောင်ရွက်ခြင်းဖြင့်
ပဋိပက္ခများကို လျော့နည်း စေပါကြောင်း၊ ဘာသာပေါင်းစုံအေးချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးကိုလည်း
အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း ၊ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း
ပုဒ်မ(၃)(စ)တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနကို ထည့်သွင်းဖွဲ့စည်းသင့် ပါကြောင်းဖြင့်
ဆွေးနွေးသည်။
မကွေးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့် က စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး စသည်တို့ကြောင့်
တစ်ဦး၏ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ကာ ကွယ်စောင့်ရှောက်နိုင်သည့် ဥပဒေဖြစ်ရမည့် နေရာတွင်
ပြဋ္ဌာန်းလိုက်သည့် ဥပဒေကြောင့် ဘာသာကူးပြောင်းစေရန် တွန်းအားပေးရာဖြစ်စေမည့် ဘေးထွက်
ဆိုးကျိုးသက် ရောက်စေမှုကိုလည်း အထူးဂရုပြုချင့်ချိန်ရန်လိုအပ်ပါကြောင်း၊ ကိုးကွယ်ရာဘာသာ
ကွဲပြားသည့် တိုင်းရင်း သားများ၏ စိုးရိမ်ပူပန်မှုများကိုလည်း အလေးအနက်ထား ထည့်သွင်း
စဉ်းစားရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ အဂတိတရားကင်းရှင်းပြီး အနှစ်သာရ ပြည့်ဝသည့် ဥပဒေတစ်ရပ်ဖြစ်စေရန်
အလျင်စ လိုဆောင်ရွက်ခြင်းထက် ကျယ်ပြန့်စွာ ညှိနှိုင်းသုံးသပ် ရေးဆွဲပြီးမှသာ အတည်ပြုသင့်ပါကြောင်းဖြင့်
ဆွေးနွေးသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်
ဒုတိယဗိုလ်မှူးကြီးသိန်းလွင်က ကိုးကွယ်ရာ ဘာသာ
ကူးပြောင်းခြင်း ဆိုင်ရာဥပဒေသည် လူသားတိုင်းလွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်၊ လွတ်လပ်စွာရွေး
ချယ်ပိုင်ခွင့်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အပြည် ပြည်ဆိုင်ရာ ဥပဒေစံနှုန်းများနှင့်
ကိုက်ညီပါကြောင်း၊ ဥပဒေကြမ်း ကို အသေးစိတ်လေ့လာ မည်ဆိုလျှင် ကိုးကွယ်ရာဘာသာတစ်ခုမှ
တစ်ခုသို့ လွတ်လပ်စွာ ကူးပြောင်းခွင့်ရှိသည့် အပြင် ကူးပြောင်းမှုအရေအတွက်ကိုလည်း ကန့်သတ်ထားခြင်းမရှိပါကြောင်း၊
ကိုးကွယ် ရာဘာသာကူးပြောင်းမှုအား ဟန့်တားခြင်း၊ ပိတ်ပင်ခြင်း၊ နှောင့်ယှက်ခြင်းတို့အား
တားမြစ် ထားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ဥပဒေကြမ်းသည် ဘာသာကူးပြောင်းမှုအတွက် တစ်ခုနှင့်
တစ်ခုအကြား အထင်အမြင် လွဲမှားပြီး မလိုလားအပ်သည့် ပြဿနာများ မပေါ် ပေါက်စေရေးအတွက် ကူးပြောင်းမှုကို
စနစ်တကျ စီစဉ်ဆောင်ရွက်ပေးသည့် ဥပဒေကြမ်း ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီး
မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဥာဏ်လင်းက ဥပဒေမူကြမ်း အချို့အား ပြင်ဆင်ပြဋ္ဌာန်း သင့်ကြောင်းဆွေးနွေးပြီး
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) မှ ဦးဖုန်းမြင့်အောင် က ကိုးကွယ်ရာ ဘာသာ
ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ မူကြမ်းအား ပြုပြင်ပြောင်းလဲရေးဆွဲသင့်ပါကြောင်းဖြင့်
ဆွေးနွေးသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ
ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း နှင့် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၂) မှ ဦးဂျေယောဝူ
တို့ က ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း ဥပဒေမူကြမ်း အားကန့်ကွက်ကြောင်း ဆွေးနွေး ခဲ့ကြသည်။
ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍
ဇန်န၀ါရီ(၂၇)ရက်တွင် ပြုလုပ်မည့်အစည်းအဝေး သတ္တမနေ့တွင် ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း
သိရသည်။

No comments:
Post a Comment