နေပြည်တော်
ဇန်န၀ါရီ ၂၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်
ရွှေသိမ်တော် ဘုရားကွင်း၌ ကျင်းပသည့် မန္တလေး တိုင်းဒေသကြီး ကျေးလက် ဖွံ့ဖြိုးရေးနှင့်
လူမှုစီးပွား ဘ၀မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊
ဦးမောင်မြင့်၊ ဦးရဲထွဋ်၊ မန္တလေး တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ ကာကွယ်ရေး
ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်
တိုင်းမှူး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်
ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဋ္ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး အတွင်းရှိ
သမ၀ါယမ အသင်းများမှ အသင်းဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများ
တက်ရောက်ကြသည်။
အခမ်းအနားတွင် သမ၀ါယမ ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး
ဦးကျော်ဆန်းက နိုင်ငံတော် အစိုးရသည် ပြည်သူများ၏ လိုအပ်ချက်ဖြစ်သည့် တည်ငြိမ် အေးချမ်းရေး၊
တိုင်းပြည် စီးပွား ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် ပြုပြင် ပြောင်းလဲရေး မူဝါဒများ
ချမှတ်ပြီး ကျယ်ကျယ် ပြန့်ပြန့် ပြုပြင် ပြောင်းလဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အတူ
ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အတွက်ကိုလည်း လုပ်ငန်းစဉ် (၈)ရပ် ချမှတ် အကောင် အထည်ဖော်
ဆောင်ရွက်လျက် ရှိပါကြောင်း၊ သမ၀ါယမ ၀န်ကြီးဌာန အနေဖြင့်လည်း နိုင်ငံတော်၏ လုပ်ငန်းစဉ်များနှင့်
အညီ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လူမှုစီးပွားဘ၀ မြှင့်တင်ရေးနှင့် ဆင်းရဲမှု လျှော့ချရေးတို့
အတွက် ဦးတည်ချက် (၂)ရပ်နှင့် လုပ်ငန်းစဉ် (၅)ရပ် ချမှတ် အကောင် အထည်ဖော် ဆောင်ရွက်လျက်
ရှိပါကြောင်း၊ ယနေ့ အခမ်းအနားတွင် ပြည်သူများ လိုအပ်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
အိမ်တွင်း လုပ်ငန်းများ အတွက် အသေးစား အရင်းအနှီး ချေးငွေ ထုတ်ပေးခြင်း၊ လယ်ယာနှင့်
အခြား လုပ်ငန်းသုံး ပစ္စည်းများကို အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးခြင်းနှင့် သမ၀ါယမ
အသင်းများ အဆင့် မြှင့်တင်ခြင်း စသည့် လုပ်ငန်းစဉ် (၃)ရပ်ကို မန္တလေး တိုင်းဒေသကြီးတွင်
အကောင် အထည်ဖော် ဆောင်ရွက်သည့် တတိယ အကြိမ်မြောက် အခမ်းအနား ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်များသည်
အခြေခံ ပြည်သူများ၏ ဆင်းရဲမှုကို လျော့ကျနိုင်ရေး အတွက် အခြေခံ ဖြစ်ခြင်း၊ အခြေခံ ပြည်သူများ
ငွေချေးစရာ မလိုတော့ဘဲ မိမိဘာသာ ရပ်တည်နိုင်ရေး အတွက် အခြေခံ ဖြစ်ခြင်း၊ တိုင်းပြည်
စီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြေခံဖြစ်ခြင်း တို့ကြောင့် အောင်အောင် မြင်မြင်
ဆောင်ရွက်နိုင်ရန် အရေးကြီး ပါကြောင်း၊ ထိုသို့ အောင်မြင်ရေး အတွက် ယုံကြည်မှု တည်ဆောက်ရန်
လိုအပ်ပါကြောင်း။
ယနေ့ အခမ်းအနားတွင် မန္တလေး တိုင်းဒေသကြီး အတွင်းရှိ
ကျေးလက်နှင့် မြို့ပြနေ အခြေခံ ပြည်သူများ အတွက် ၂၀၁၅ ခုနှစ် ဆောင်းသီးနှံ ချေးငွေ
ကျပ်သန်းပေါင်း (၄၅၈၄၅ ဒသမ ၈၃၀၈) သန်းကို ထုတ်ပေးမည် ဖြစ်ပြီး လာမည့် မေလနှင့် ဇွန်လအတွင်းတွင်
ချေးငွေ မရကြသေးသည့် ကျေးရွာပေါင်း (၁၅၉၉)မှ အသင်းသား အသစ် (၁၄၄၅၂၄)ဦး အတွက် ကျပ်သန်းပေါင်း
(၁၁၉၈၆ ဒသမ ၃၆)သန်းကို ထုတ်ချေးပေးမည် ဖြစ်ပါကြောင်း၊ ပြည်သူများ အနေဖြင့် မိမိတို့၏
လုပ်ငန်းများကို ပိုမို ထိရောက်စွာ ရင်းနှီး လုပ်ကိုင်နိုင်ရေး အတွက် ချေးငွေရရှိပြီး
ကျေးရွာ (၁၀၉၆)ရွာမှ သတ်မှတ် စံနှုန်းများနှင့် ညီညွတ်သည့် အသင်းသားဟောင်း (၄၇၄၈၅)ဦးကိုလည်း
တိုးမြှင့်ချေးငွေ ကျပ်သန်းပေါင်း (၈၀၁၁ ဒသမ ၇) သန်းကို ထုတ်ချေး ပေးသွားမည် ဖြစ်ပါကြောင်း။
အခမ်းအနားတွင် မန္တလေး တိုင်းဒေသကြီးမှ ပြည်သူများက
အဆိုပြုထားသည့် တန်ဖိုးငွေ ကျပ်သန်းပေါင်း(၄၅၄၀ ဒသမ ၃၆၇)သန်းရှိ ဒေဒုံကုမ္မဏီထုတ် လက်တွန်း
ထွန်စက်(၅၃)စီး၊ ထွန်စက်အမျိုးမျိုး (၁၆၆)စီးနှင့် ရိတ်သိမ်း ခြွေလှေ့စက် (၆)စီးတို့ကို
အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်သူများ ၀ယ်လိုသည့်
ဈေးကွက် အတွင်းရှိ တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံထုတ် လယ်ယာသုံး စက်ကိရိယာပေါင်း
(၂၂၁)စီး၊ တန်ဖိုးကျပ်သန်း (၁၁၃၁ ဒသမ ၇၄၃) သန်းကိုလည်း အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချ
ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်သူများ အလိုရှိသည့် အပ်ချုပ်စက်၊ ဆိုင်ကယ်၊ သုံးဘီး
ဆိုင်ကယ်နှင့် လယ်ယာသုံးကား စသည့် လုပ်ငန်းသုံး ပစ္စည်း(၁၆၀)ခု၊ တန်ဖိုးကျပ်သန်း (၅၀၁
ဒသမ ၃၉)သန်းကိုလည်း အရစ်ကျ ငွေချေစနစ်ဖြင့် တစ်ပါတည်း ရောင်းချ ပေးသွားမည် ဖြစ်ပါကြောင်း။
မန္တလေး တိုင်းဒေသကြီးအတွင်း ယခင် အရစ်ကျ ငွေချေစနစ်ဖြင့်
ရောင်းချ ပေးထားသည်မှာ (၂၀၆)စီးသာ ဖြစ်ပြီး ယခုအခါ အရေအတွက် များစွာတိုးတက်ပြီး လုပ်ငန်းများ
ပိုမိုတိုးတက် အကျိုး ဖြစ်ထွန်းလာမည် ဖြစ်ပါကြောင်း၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ
ပြည်သူများ အတွက်လည်း ၂၀၁၅ ခုနှစ် ဆောင်းသီးနှံချေးငွေ ကျပ်သန်းပေါင်း (၉၇၆၇၈ ဒသမ ၈၃၃)
သန်းကို ပြန်လည်ထုတ်ချေး သွားမည် ဖြစ်ပါကြောင်း၊ လာမည့် မေလနှင့် ဇွန်လ အတွင်းတွင်လည်း
အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ချေးငွေ မရရှိကြသေးသည့် ကျေးရွာပေါင်း (၉၅၇၉)ရွာမှ
မိသားစုပေါင်း (၇၁၆၈၉၉) စုအတွက် ချေးငွေ ကျပ်သန်းပေါင်း (၆၄၁၅၃ ဒသမ ၃၇)သန်းကို ထုတ်ချေး
ပေးသွားမည် ဖြစ်ပါကြောင်း၊ ချေးငွေရရှိပြီးသည့် ကျေးရွာပေါင်း (၆၇၇၁)ရွာမှ မိသားစုပေါင်း
(၂၈၉၆၃၄)စု အတွက်ကိုလည်း လုပ်ငန်း ထိရောက်စွာ ဆောင်ရွက်နိုင်ရေး တိုးမြှင့် ချေးငွေကျပ်
သန်းပေါင်း (၅၇၃၉၅ ဒသမ ၅၄၇) သန်းကိုလည်း ထုတ်ချေး ပေးသွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်
စက်တင်ဘာ၊ အောက်တိုဘာလများတွင်လည်း နောက်ထပ် ကျပ်(၅၀) ဘီလီယံကျော် အသစ်ထပ်မံ ထုတ်ချေးပေးပြီး
တစ်နိုင်ငံလုံး အတွင်းရှိ ကျေးရွာ အားလုံးကို လွှမ်းခြုံမိအောင် ဆောင်ရွက် ပေးသွားမည်
ဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့် အညီ ပြည်သူများ
ပိုမိုသက်သာ ချောင်ချိစေရေး အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ နောက်ထပ် ချေးငွေ အမေရိကန်ဒေါ်လာ
သန်း(၃၀၀)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများတွင် အတိုးနှုန်းကို (၁)ကျပ် (၁၅)ပြားသာ ရယူတော့မည်
ဖြစ်ပါကြောင်း၊ သမ၀ါယမအသင်း အသီးသီး၏ ပိုင်ဆိုင်မှုများကို အပေါင်ထားပြီး ရယူသည့် ချေးငွေနှင့်
လုပ်ရသည့် လုပ်ငန်းများတွင် အတိုး(၁)ကျပ် (၅၀)ပြား နှင့်သာ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊
အသေးစား အရင်းအနှီး ချေးငွေ လုပ်ငန်းကို ပြည်သူများ အတိုးကြီးပေး၊ ငွေချေးယူနေရသည့်
အခြေအနေမှ လတ်တလော သက်သာစေရန်နှင့် နောင် (၄/၅)နှစ် အတွင်းတွင် ငွေချေးစရာ မလိုတော့ဘဲ
မိမိပိုင်ငွေဖြင့် မိမိလုပ်ငန်း လုပ်နိုင်အောင်၊ ထိုမှတစ်ဆင့် ဆက်လက် ဖွံ့ဖြိုး တိုးတက်သည့်
Sustainable Development ဖြစ်အောင် ရည်မှန်းချက်ထား
ဆောင်ရွက် ပေးနေခြင်း ဖြစ်ပါကြောင်း။
ယခုကဲ့သို့ လုပ်ငန်း ဆောင်ရွက်ကြသည့် ကျေးရွာတိုင်းသည်
နောင်လေးနှစ် ပြည့်သည့် အခါ ချေးငွေများ ပြန်ဆပ်ပြီးနောက် အသင်းနှင့် အသင်းသားပိုင်
ရန်ပုံငွေ ကျပ်သိန်း (၁၀၀)ကျော် ရှိလာမည် ဖြစ်ပါကြောင်း၊ ထိုအခါ ကျေးရွာတိုင်းသည် ပြင်ပမှ
ငွေချေးစရာ မလိုတော့ဘဲ မိမိပိုင်ငွေဖြင့် မိမိဘာသာ လုပ်ငန်းများ ဆောင်ရွက် သွားနိုင်မည့် Sustainable
Development အခြေအနေကို ရရှိလာတော့မည် ဖြစ်ပါကြောင်း၊ ထို့အပြင် အသေးစား အရင်းအနှီး
ချေးငွေ လုပ်ငန်းကြောင့် ပြည်သူများ အနေဖြင့် လစဉ်ကျပ် (၁၆) ဘီလီယံကျော် သက်သာမှု ရရှိပြီး
ထိုသက်သာသည့် ငွေများကို မိမိတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး
လုပ်ငန်းများတွင် အကျိုးရှိစွာ သုံးစွဲနိုင်နေကြပြီ ဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်နေသည့်
လုပ်ငန်းစဉ်များသည် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုစီးပွားဘ၀ မြှင့်တင်ရေးနှင့်
ဆင်းရဲမှု လျော့ကျနိုင်ရေး အတွက် လည်းကောင်း၊ ပြည်သူများကို အနာဂတ် အာမခံချက် ပေးနိုင်ရေး
အတွက် လည်းကောင်း၊ တိုင်းပြည် စီးပွားဖွံ့ဖြိုး တိုးတက်ရေး အတွက် လည်းကောင်း၊ အခြေခံ
လက်တွေ့ကျသည့် မှန်ကန်သည့် လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းစဉ်များ အောင်မြင်
လာသည်နှင့်အမျှ နိုင်ငံတော်၏ ရည်မှန်းချက် ဖြစ်သည့် ၂၀၁၅ ခုနှစ်တွင် ဆင်းရဲမှုနှုန်းကို
၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ရေး၊ ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်များ
အကောင် အထည်ဖော်ရေးတို့ကို ထိရောက်စွာ ဆောင်ရွက် နိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားလည်း
အမှန်တကယ် တိုးတက်လာမည် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေး တိုင်းဒေသကြီး ၀န်ကြီးချုပ်က
ယနေ့အခမ်းအနားတွင် မန္တလေး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၂၈)မြို့နယ် အတွင်းတွင်ရှိသည့်
သမ၀ါယမ အသင်း (၃၂၄၆)သင်း အတွက် ကျပ်သန်းပေါင်း (၄၅၈၄၅ ဒသမ ၈၃၀၈)ကို အသင်းသူ အသင်းသား
(၄၃၈၈၇၇)ဦးအား စိုက်ပျိုးစရိတ် ချေးငွေများ ပံ့ပိုးပေးခြင်း၊ လယ်ယာသုံး/ လုပ်ငန်းသုံး
စက်ပစ္စည်း ကိရိယာများကို အရစ်ကျစနစ်ဖြင့် သမ၀ါယမ အသင်းပေါင်း (၃၀၅)သင်းမှ အသင်းသားပေါင်း
(၆၀၃)ဦးကို ကျပ်သန်းပေါင်း (၆၁၇၃ ဒသမ ၅၀၂၉) တန်ဖိုးရှိသည့် စက်ပစ္စည်း ကိရိယာများကို
အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ပါကြောင်း၊ မန္တလေး တိုင်းဒေသကြီး အတွင်းတွင်
ကျေးရွာ/ ရပ်ကွက်ပေါင်း (၅၀၇၃) ရှိသည့် အနက် သမ၀ါယမ အသင်းပေါင်း (၄၅၂၇)သင်း ဖွဲ့စည်း
ထားသည်ကိုလည်း တွေ့ရပါကြောင်း၊ သမ၀ါယမ အသင်း ဖွဲ့စည်းထားခြင်း မရှိသေးသည့် ကျေးရွာများတွင်လည်း
အခြေခံ သမ၀ါယမအသင်း တစ်သင်း ရှိလာအောင် စီမံချက်များ ချမှတ်ပြီး တိုးချဲ့ ဖွဲ့စည်းနေပါကြောင်း။
ယနေ့ သမ၀ါယမက ဖော်ဆောင်ပေးလျက် ရှိသည့် အသေးစား
အရင်းအနှီး ချေးငွေ (Microfinance)လုပ်ငန်းဖြင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ သမ၀ါယမအသင်းသူ/
အသင်းသား ပြည်သူများသို့ ကျပ်သန်းပေါင်း (၄၅၈၄၅ ဒသမ ၈၃၀၈)အား ထုတ်ချေးပေး သွားမည်ဖြစ်ပါကြောင်း၊
အဆိုပါ ထုတ်ချေးငွေများကို ပြင်ပအတိုးနှုန်း ပျမ်းမျှ(၅)ကျပ် အတိုးနှုန်းဖြင့် တွက်လျှင်ပင်
ပြည်သူများက တစ်လအတိုး ကျပ်သန်းပေါင်း (၂၂၉၂ ဒသမ ၂၉၁၅)သန်း ပေးရမည် ဖြစ်ပါကြောင်း၊
သမ၀ါယမ၏ အတိုးနှုန်းသည် (၁)ကျပ် (၅၀)ပြား ဖြစ်၍ သမ၀ါယမသို့ တစ်လ ပေးရမည့် အတိုးမှာ ကျပ်သန်းပေါင်း(၆၈၇
ဒသမ ၆၈၇၅) သာဖြစ်၍ ပြည်သူများအနေဖြင့် လစဉ် အတိုး ကျပ်သန်းပေါင်း (၁၆၀၄ ဒသမ ၆၀၄) သက်သာလျက်
ရှိသည်ကို တွေ့ရပါကြောင်း။
ကိုရီးယားနိုင်ငံ Daedong ကုမ္ပဏီနှင့် ပူးပေါင်း၍
လုပ်ငန်းသုံး/လယ်ယာသုံး စက်ကိရိယာ (၆၀၆)စီး၊ တန်ဖိုးအားဖြင့် ကျပ် (၆၁၇၃ ဒသမ ၅၀၂၉)သန်းကို
ဆိုင်းငံ့ကာလ တစ်နှစ်၊ ပြန်ဆပ်ကာလ (၆)နှစ် ပေါင်းချေးငွေကာလ (၇)နှစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး
အသင်းသားများအဆင်ပြေစွာ ၀ယ်ယူနိုင်ရေးအတွက် (၆)လတစ်ကြိမ် အရင်း/ အတိုးဆပ် စနစ်ဖြင့်
ဝယ်ယူနိုင်အောင် စီစဉ်ထားသည်ကို တွေ့ရပါကြောင်း၊ သမ၀ါယမ လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး
တိုးတက်ရေးတွင် အဘက်ဘက်မှပံ့ပိုးမှုများ၊ တက်ညီလက်ညီ ကြိုးပမ်း အားထုတ်မှုများကြောင့်
ယနေ့အချိန်တွင် အသက်ဝင် ရှင်သန်ဖွံ့ဖြိုး တိုးတက် လာသည်ကို တွေ့ရပါကြောင်း ဖြင့် ရှင်းလင်း
ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှာစကား
ပြောကြားရာတွင် ယနေ့ အခမ်းအနားသည် သမဝါယမ အသင်းသား ဖြစ်သည့် တောင်သူ လယ်သမားများ၊ မြို့ပေါ်
ရပ်ကွက်များမှ ဝင်ငွေ နည်းပါးသူများ အတွက် ကုန်ထုတ် အရင်းအနှီးများ စီမံဖန်တီးပေးရန်
ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမှု
လျှော့ချရေး လုပ်ငန်းစဉ်များကို ဦးစားပေး လုပ်ငန်းအဖြစ် ချမှတ် ဆောင်ရွက်လျက်ရှိရာ
သမဝါယမကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးသည်လည်း လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ ယခု ကဲ့သို့
ကုန်ထုတ် အရင်းအနှီးများ ရရှိအောင် ဆောင်ရွက်ပေးရခြင်းမှာ ဆင်းရဲနွမ်းပါးမှုကို လျှော့နည်းစေရန်၊
ဝင်ငွေရရှိသည့် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အတွက် ငွေကြေး အရင်းအနှီး၊ ပစ္စည်း
အရင်းအနှီးများ ရရှိစေရန်နှင့် ပုံမှန်ဝင်ငွေရရှိပြီး စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေး
အဆင့်အတန်းများ မြင့်မားလာစေရန် ဖြစ်ပါကြောင်း။
သမဝါယမ အသင်းသားများ အတွက် အရင်းအနှီးများ ဖန်တီးပေးရာတွင်
စိုက်ပျိုး စရိတ်များ၊ ချေးငွေများကဲ့သို့သော ငွေကြေး အရင်းအနှီးများ ပါဝင်သကဲ့သို့
ထွန်စက်၊ ရိတ်သိမ်း ခြွေလှေ့စက် ကဲ့သို့သော လုပ်ငန်းသုံး ပစ္စည်း အရင်းအနှီးများ၊ ပြည်ပချေးငွေဖြင့်
စက်ပစ္စည်းများ အရစ်ချရောင်းချ ပေးသည့် ချေးငွေ
အရင်းအနှီးများလည်း ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ရေ၊မြေ၊ သယံဇာတများ ပေါများခြင်း၊
သင့်တင့်မျှတသည့် ရာသီဥတုရှိခြင်း၊ ကြီးမားသည့် ဈေးကွက်များနှင့် ဆက်စပ်နေခြင်း စသည့်
အခြေအနေ ကောင်းများ ပိုင်ဆိုင် ထားသကဲ့သို့ အရင်းအနှီးနှင့် နည်းပညာ လိုအပ်ချက်၊ လူ့စွမ်းအား
ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များလည်း ရှိနေကြောင်း၊ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်
အတွက် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရသကဲ့သို့ သက်သာသော အတိုး အနှုန်းထားများဖြင့်
ချေးငွေများ ရယူ ဆောင်ရွက်နေရကြောင်း၊ ထိုကဲ့သို့ ပြည်ပမှချေးငွေများ ရယူပြီး ကုန်ထုတ်
စွမ်းအားများ တိုးတက်အောင်ဆောင်ရွက်ခြင်းကို ရင်းနှီးမြှုပ်နှံမှု အဖြစ် ရှုမြင်ရန် လိုအပ်ကြောင်း၊
နှစ်ရှည် ချေးငွေများကို စနစ်တကျ ရင်းနှီးမြှုပ်နှံခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုး
တိုးတက်မှုကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း။
နိုင်ငံတော်က ပြည်ပ ချေးငွေများကို စနစ်တကျ
စီမံခန့်ခွဲပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သကဲ့သို့ အသင်းသားများကလည်း
မိမိတို့ရရှိသည့် ချေးငွေများကို စနစ်တကျ စီမံခန့်ခွဲပြီး လူမှုစီးပွားဘ၀ ဖွံ့ဖြိုး
တိုးတက်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့ အစိုးရ၏ ရည်မှန်းချက်မှာ ပြည်သူ့ဆန္ဒ
နှစ်ရပ်ဖြစ်သည့် တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို အကောင်
အထည်ဖော်ရန်ပင် ဖြစ်ကြောင်း၊ ထိုဆန္ဒနှစ်ရပ်ကို အကောင် အထည်ဖော်ရန် အတွက် နိုင်ငံရေး၊
စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍပြုပြင် ပြောင်းလဲရေး ဟူသည့် ပြုပြင် ပြောင်းလဲရေး
လုပ်ငန်းစဉ် လေးရပ်ကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။
မိမိ၏ မျှော်မှန်းချက်မှာ ၂၀၂၀ ပြည့်နှစ်တွင်
မိမိတို့နိုင်ငံ၌ ထာဝရ ငြိမ်းချမ်းရေး ရရှိရန်၊ ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံးနိုင်ငံ
(LDC)အဖြစ်မှ လွတ်မြောက်ရန်နှင့် အလယ်အလတ် ဝင်ငွေရှိသော နိုင်ငံဖြစ်ရန် ဆိုသည့် မျှော်မှန်းချက်
သုံးရပ်ပင် ဖြစ်ကြောင်း၊ တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်
အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုမှာ မဖြစ်မနေ လိုအပ်သည့် အတွက် တည်ငြိမ် အေးချမ်းရေး
အတွက် အစိုးရနှင့် လက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့်
တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်တို့က တိုင်းဒေသကြီး အတွင်းရှိ သမ၀ါယမ အသင်းများသို့
ခရိုင်အလိုက် အသေးစား ချေးငွေများကို ပေးအပ်ပြီး ဗဟိုသမ၀ါယမ အသင်းနှင့် သမ၀ါယမဘဏ် လီမိတက်
ဥက္ကဋ္ဌ ဦးခင်မောင်အေးက အရစ်ကျစနစ်ဖြင့် ပံ့ပိုး ရောင်းချသည့် လယ်ယာသုံး စက်ကိရိယာများနှင့်
လုပ်ငန်းသုံး ပစ္စည်းများကို ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး အတွင်းရှိ သမ၀ါယမ အသင်းသားများ
ကိုယ်စား မြင်းခြံခရိုင် သမ၀ါယမအသင်းသား ဦးသိန်းအောင်က သမ၀ါယမ၀န်ကြီးဌာန အနေဖြင့်
ယနေ့အချိန်တွင် အခြေခံ ပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းနှင့်
လက်လုပ် လက်စားများ အတွက် အမှန်တကယ် လိုအပ်နေသည့် အရင်းအနှီးငွေများကို အတိုးနှုန်း
သက်သာစွာဖြင့် Microfinance လုပ်ငန်းဖြင့် တစ်နိုင်ငံလုံးသို့ ချေးငွေကျပ် ဘီလီယံ (၂၀၀)ကျော်ကို
အတိုး(၁)ကျပ် (၅၀)ပြားနှုန်းဖြင့် ထုတ်ချေးလျက် ရှိသည်ကို သိရပါကြောင်း၊ ပြင်ပအတိုးနှုန်း
(၁၀)ကျပ်နှုန်းဖြင့် တွက်လျှင်ပင် ငွေရှင်ကြေးရှင်များကို တစ်လအတိုး ကျပ်သန်းပေါင်း
(၂၀၀၀၀)ကျော် ပေးရမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း သမ၀ါယမက (၁)ကျပ် (၅၀)ပြား အတိုးနှုန်း
ဖြစ်သည့်အတွက် တစ်လ ပေးရသည့် အတိုးငွေမှာ ကျပ်သန်းပေါင်း (၃၇၀၀)ကျော်သာ ဖြစ်ပါကြောင်း၊
ထို့ကြောင့် ကျွန်တော်တို့ ပြည်သူများ အနေဖြင့် လစဉ် အတိုးကျပ်သန်း (၁၆၀၀၀)ကျော် သက်သာလျက်
ရှိနေသည်ကို သိမြင်လာရပြီ ဖြစ်ပါကြောင်း၊ သမ၀ါယမ ၀န်ကြီးဌာနက ယခု ဆောင်ရွက်ပေးနေသည့်
စိုက်ပျိုးစရိတ် ထုတ်ချေးခြင်း၊ မွေးမြူစရိတ် ထုတ်ချေးခြင်းနှင့် လက်လုပ် လက်စားများကို
ငွေထုတ်ချေးသည့် ပမာဏသည် အမှန်တကယ် ကုန်ကျစရိတ်နှင့်ဆိုလျှင် လုံလောက်မှု မရှိသေးသည့်
အတွက် ပြည်သူများ ပြင်ပမှ အတိုးကြီးကြီးဖြင့် ချေးယူနေရဆဲ ဖြစ်ပါကြောင်း၊ ထို့ကြောင့်
သမ၀ါယမ၀န်ကြီးဌာန အနေဖြင့်လည်း သမ၀ါယမ စည်းကမ်းစနစ်များ လိုက်နာ ကျင့်သုံးသည့် အသင်းသားများကို
ချေးငွေ တိုးမြှင့် ထုတ်ချေးပေးရန် တင်ပြလိုပါကြောင်း၊ အသင်းသားများ လိုအပ်သည့် မျိုး၊
ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန် ရရှိရေးအတွက် သမ၀ါယမ
ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များက ပေါင်းစပ်ပြီး ဆောင်ရွက်ပေးရန် ဆွေးနွေး တင်ပြလိုပါကြောင်း၊
သီးနှံများ ရောင်းဝယ် ဖောက်ကားရေးနှင့် ပတ်သက်၍ ရသင့် ရထိုက်သည့် ဈေးနှုန်းများ ရရှိပြီး
ပိုမို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးရန်ကိုလည်း တင်ပြလိုပါကြောင်း၊ နိုင်ငံတော်
အစိုးရက ဆောင်ရွက် နေသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး
လုပ်ငန်းစဉ်သည်လည်း ဧကန်မုချ အောင်မြင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ကျေးဇူးတင်စကား ပြောကြားသည်။
အခမ်းအနား အပြီးတွင် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့
တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး သမ၀ါယမ ၀န်ကြီးဌာနနှင့်
ဝန်ကြီးဌာနများ၊ သမ၀ါယမ အသင်းအဖွဲ့များနှင့် ကုမ္ပဏီများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ
အထောက်အကူပြု ပြခန်းများ၊ သမ၀ါယမ အသင်းသားများသို့ ပံ့ပိုးပေးသည့် လယ်ယာသုံး စက်ကိရိယာများနှင့်
လုပ်ငန်းသုံး ပစ္စည်းများကို လှည့်လည် ကြည့်ရှု အားပေးသည်။
ထို့နောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည်
အမှတ်(၃၉) အကြီးစားစက်မှု လုပ်ငန်းဧည့်ခန်းမသို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က
လယ်ယာသုံး စက်ပစ္စည်း ကိရိယာများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချမှု အခြေအနေများအား ရှင်းလင်း
တင်ပြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတသည် အမှတ် (၃၉) အကြီးစား
စက်ရုံအတွင်း လယ်ယာသုံး စက်ပစ္စည်း ကိရိယာ ထုတ်လုပ်နေမှုများအား လှည့်လည် ကြည့်ရှုရာ စက်ရုံမှူး
ဦးထွန်းသိန်းနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသကြသည်။




No comments:
Post a Comment