Wednesday, January 28, 2015

ငါးသိုင်းချောင်းမြို့၌ ပေါ့ဆမီးကြောင့် အိမ်ခြေ ၂၈ လုံး မီးလောင်ဆုံးရှုံး


ပုသိမ် ဇန်နဝါရီ ၂၇
ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ မြို့မရပ်ကွက်၌ ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားရာ လူနေအိမ်ခြေ ၂၈ လုံး မီးလောင် ဆုံးရှုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဇန်နဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲက ငါးသိုင်းချောင်းမြို့ မြို့မရပ်ကွက်နေ ဦးမျိုးလွင်သည် နေအိမ်၌ ထင်းမီးဖိုဖြင့် ထမင်းအိုးတည်ပြီး အိမ်အပြင်သို့ ထွက်သွားခိုက် မီးဖိုအကာကို မီးကူးစက်ရာက သွပ်မိုးအုတ်ကာ ကွန်ကရစ်ခင်း နှစ်ထပ်အိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် အနီးရှိစက်သုံးဆီဆိုင်သို့ ဆက်လက် မီးကူးစက် လောင်ကျွမ်းရာ မြို့မ ရပ်ကွက်အတွင်းရှိ နေအိမ်အဆောက် အအုံ ၂၈ လုံး မီးလောင်မှု ဖြစ်ပွားခဲ့ သည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် တာဝန်ရှိသူများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် လူအေးနှင့် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ဦးစီး အရာရှိ ရဲဗလ မျိုးဝင်းတို့ ဦးဆောင်၍ ပုသိမ်၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ကျုံပျော်၊ ရေကြည်၊ လေးမျက်နှာ၊ ငါးသိုင်းချောင်းမှ မီးငြှိမ်းသတ်ယာဉ်များနှင့် မီးသတ် ရေယာဉ် ၄၅ စီးဖြင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၉ဝ ကျော်၊ အရန်မီး သတ်တပ်ဖွဲ့ဝင် ၁၁ဝ၊ အမှတ် (၃၄၄)အမြောက်တပ်မ၊ တပ်မတော်သား ၅၁ ဦးနှင့် ဒေသခံလူမှုရေး အဖွဲ့ အစည်းများက ဝိုင်းဝန်းငြှိမ်းသတ် မှုကြောင့် ည ၇ နာရီခွဲတွင် မီးငြိမ်း သွားကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ ပေါ့ဆစွာမီးသုံးစွဲသူ မျိုးလွင်(၃၅ နှစ်)ကို ငါးသိုင်းချောင်း နယ်မြေရဲစခန်းက အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment