Wednesday, January 28, 2015

(၁၉) ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီး ကျင်းပ


ရန်ကုန် ဇန်နဝါရီ ၂၇
ဧကူနဝီသတိမ (၁၉)ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင် နိကာယသံဃာ့အစည်းအဝေးကြီးကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက် မဟာဓမ္မဗိမာန်တော်၌ ကျင်းပသည်။

သဘာပတိအဖြစ် နိုင်ငံတော် သြဝါဒါစရိယ ရွှေကျင် နိကာယာဓိပတိ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ စုဒ္ဒသမရွှေကျင် သာသနာပိုင် အဘိ ဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မန္တလေးမဟာဝိသုဒ္ဓါ ရုံ သက်တော်ရှည် ဝါဆိုဆရာတော်ကြီးက ဆောင်ရွက်တော်မူပြီး အခမ်းအနားအဖွင့် ထုတိဝေဒလ္လ မင်္ဂလာဂါထာကို ရွှေကျင်နိကာယ ဂိုဏ်းလုံး ဝန်ဆောင်နာယက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်း ဂန္ဓာရုံကျောင်းဆရာတော် သာသန ဓဇဓမ္မာစရိယဓမ္မကထိက ဘဒ္ဒန္တ ဝဏ္ဏိတက ဖတ်ကြားတော်မူသည်။
ဆက်လက်၍ နိုင်ငံတော် သြဝါဒါစရိယ ရွှေကျင် နိကာယာဓိပတိ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ စုဒ္ဒသမ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး (ကိုယ်စား) သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ အရှင်ဥာဏိဿရက ရဟန်းတို့သည် အမြဲမပြတ် တိုင်ပင်ညှိနှိုင်း ဆွေးနွေး၍ သာသနာ့ကိစ္စများကို လုပ်ဆောင်နေသမျှ ကာလပတ်လုံး ကြီးပွား တိုးတက်နေကြလိမ့်မည်။ မည်သည့်အခါမျှ ဆုတ်ယုတ် လျော့ပါးခြင်း မဖြစ်နိုင်ဟူသော မြတ်ဗုဒ္ဓ၏ မိန့်မှာချက်နှင့်အညီ ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ပြန့်ပွား တိုးတက်ရေး အတွက် ရွှေကျင်နိကာယဂိုဏ်း အစည်းအဝေးကြီး ကျင်းပရခြင်း ဖြစ်ကြောင်း၊ ယခု အစည်းအဝေးကြီးက မြတ်ဗုဒ္ဓ၏ မိန့်မှာချက်နှင့် အညီ ပြဋ္ဌာန်း သတ်မှတ်ထားသည့် လုပ်ငန်းကိစ္စများနှင့် မိမိတို့ဒေသ ဆိုင်ရာ သံဃာ အစည်းအဝေးများ၏ ပြဋ္ဌာန်း ဆုံးဖြတ်ချက်တို့ကိုလည်း ညီညီညွတ်ညွတ် အကောင် အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ရွှေကျင် နိကာယဂိုဏ်းဝင် သံဃာတော်တို့သည် သာရဏီယ တရား ခြောက်ပါးကို လက်ကိုင် ကျင့်သုံးပြီး ရွှေကျင်ဂိုဏ်း အစည်းအဝေးက ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာကျင့် သုံးကာ မြတ်ဗုဒ္ဓသာသနာ ထွန်းကားရေးကို ကြိုးစား ဆောင်ရွက်တော် မူကြရန်ဖြစ်ကြောင်း အစရှိသည့် သာရဏီယ သြဝါဒကထာကို ဖတ်ကြား လျှောက်ထားသည်။
ထို့နောက် ရွှေကျင်ဂိုဏ်းအကျိုး တော်ဆောင် အဂ္ဂမဟာပဏ္ဍိတ မန္တလေး မဟာဝိသုဒ္ဓါရုံ မတ္တရာသူဌေး ကျောင်းဆရာတော် ဘဒ္ဒန္တမာနိတသိရီ ဘိဝံသက ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့ အစည်းအဝေးကြီး ကျင်းပရခြင်း အကြောင်းကိုလည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ (ရွှေကျင်) အဂ္ဂမဟာပဏ္ဍိတ ဒီဃနိကာယကောဝိဒ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တအင်္ဂီသကကြိုဆို နှုတ်ခွန်းဆက် (ပစ္စုဂ္ဂမနအဘိမင်္ဂလ ကထာ)ကို လည်းကောင်း လျှောက် ထားတော်မူကြသည်။
ယင်းနောက် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက လျှောက်ထားရာတွင် ဧကူနဝီသတိမ (၁၉)ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင် နိကာယ သံဃာ့ အစည်းအဝေးကြီးကို ယခုကဲ့သို့ ပုံမှန်ကျင်းပ ပြုလုပ်ခြင်းသည် သံဃာ ညီညွတ်ခြင်းတို့ကြောင့် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ညီညွတ် သော သံဃာတော် အပေါင်းကို ဖူးမြော်ကြည်ညိုခွင့် ရရှိသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့်တကွ စေတနာရှင် ပြည်သူ၊ ပြည်သားအပေါင်းတို့မှာ စေတနာ၊ သဒ္ဓါအကျိုး ပွားတိုး ခံစားရသကဲ့သို့ အမျိုး၊ ဘာသာ၊ သာသနာ အကျိုးများ တိုး၍တိုး၍ ဆောင်ရွက်နိုင်ကြလိမ့် မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာ နိုင်ငံသူ နိုင်ငံသား ဒါယကာ ဒါယိကာမ အပေါင်းတို့အား ငြိမ်းချမ်းခြင်း၊ ညီညွတ် မျှတခြင်း တရားများ ဟောကြား ညွှန်ပြတော်မူ၍ အစဉ်ထာဝရ စောင့်ရှောက် နိုင်ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ်ပါကြောင်း လျှောက်ထားသည်။
ယင်းနောက် သီရိလင်္ကာနိုင်ငံ ပေါကုနုဝိတ သိရိဝိနယာလင်္ကာရာ ရာမကျောင်း ဘဒ္ဒန္တဓမ္မရက္ခိတထေရ် က သီရိလင်္ကာနိုင်ငံ ရွှေကျင်နိကာယ သာသနာရေးရာ လျှောက်ထားလွှာ ကို ဖတ်ကြား လျှောက်ထားတော်မူသည်။
ဧကူနဝီသတိမ (၁၉)ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံး ဆိုင်ရာ ရွှေ ကျင်နိကာယ သံဃာ့ အစည်းအဝေးကြီးသို့ အမေရိကန်၊ ဂျာမနီ၊ ရုရှား၊ သြစတြေးလျ၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊ သီရိလင်္ကာ၊ ဂျပန် စသည့် နိုင်ငံများမှ ဆရာတော်၊ သံဃာတော် (၃၈)ပါးနှင့် ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာတော် တစ်ထောင်ကျော် တက်ရောက်ခဲ့ကြသည်။ အဆိုပါ အစည်းအဝေးကြီးကို ဇန်နဝါရီ ၂၉ ရက်အထိ သုံးရက် ကျင်းပသွားမည် ဖြစ်ပြီး ရွှေကျင် နိကာယသာသနာ စတင်ရောက်ရှိ ပြန့်ပွားပုံစာတမ်း၊ မျက်မှောက်ခေတ် သာသနာရေးနှင့် ရွှေကျင်ဂိုဏ်း စာတမ်းများ ဖတ်ကြား ခြင်း၊ အစည်းအဝေးများနှင့် ညပိုင်းတွင် ဓမ္မသဘင်များ ကျင်းပခြင်းတို့ ပါဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သံဃာဂိုဏ်း (၉) ဂိုဏ်းရှိရာ ရွှေကျင်ဂိုဏ်းသည် တစ်ခုအပါအဝင်ဖြစ်ပြီး သံဃာ ငါးသောင်းကျော် ရှိသည်။ ''အုတ် ကျစ် ကျော် အေးမန္တလေး'' ဟူသော မှတ်တမ်းများအရ မန္တလေး ရတနာပုံမြို့ကို မင်းတုန်းမင်းကြီးက မြန်မာ သက္ကရာဇ် ၁၂၂၂ ခုနစ်တွင် စတင်တည်ခဲ့ပြီး ''အင် ကြင်း ခက် ကျိုင်း ရွှေကျင်ဂိုဏ်း'' ဟူသော မှတ်တမ်း စကားအရ ထိုနှစ်မှာပင် ရွှေကျင် ဆရာတော်ကြီးအား ကျောင်းတိုက် တည်ဆောက် လှူဒါန်းကာ ပင့်တင် ကိုးကွယ်ချိန်မှ စတင်ပြီး ရွှေကျင်ဂိုဏ်း တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်း ၁၅ဝ ကျော်ခဲ့ပြီဖြစ်သည်။ ပထမအကြိမ် ရွှေကျင်နိကာယ သံဃာ့ အစည်းအဝေးကြီးကို ၁၂၈၂ ခုနစ်က မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံ တိုက်သစ်တွင် စတင် ကျင်းပခဲ့ကြောင်း သိရသည်။

No comments:

Post a Comment