မုဒုံ ဇန်နဝါရီ ၂၇
မြန်မာနိုင်ငံအတွင်း
တိုင်းရင်းသား အချင်းချင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းစွာ အတူတကွ လက်တွဲကာ
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန်နှင့်
စစ်ဘေးဒဏ် ခံစားနေရသော နိုင်ငံ တစ်ဝန်းလုံးရှိ ပြည်သူများ အတွက် တစ်နိုင်ငံလုံး အပစ်အခတ်
ရပ်စဲရေး အမြန်ဆုံး လက်မှတ်ရေးထိုး ရန်ရည်ရွယ်၍ မွန်ပြည်နယ် မုဒုံ မြို့နယ်
ကမာဝက်မြို့၌ ပြည်သူ ၄ဝဝ ခန့်က ဇန်နဝါရီ ၂၇ ရက် နံနက် ၈ နာရီတွင် ကမာဝက်မြို့
ကျိုက်ဇယ် စေတီတော်မုခ်ဦးရှေ့မှ စတင်ကာ ခြင်္သေ့ ကျောင်းတိုက်ရှေ့အထိ လမ်းမ
ကြီးတစ်လျှောက် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး၊ အပစ်အခတ်ရပ်စဲမှု အမြန်ဆုံး
လက်မှတ်ရေးထိုးရေး၊ ပြည်သူများ၏ တောင်းဆိုချက် အောင်ရမည် စသည့် ကြွေးကြော်သံ
များဖြင့် စုပေါင်းဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။
''ယခုလို
ငြိမ်းချမ်းရေး ရရှိဖို့ အတွက် ဆန္ဒ ထုတ်ဖော်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံ
အတွင်းမှာရှိတဲ့ တိုင်းရင်းသား လုပ်သားပြည်သူတွေ အနေနဲ့ မိမိတို့ ဒေသအသီးသီးမှာ
အေးချမ်းစွာ နေထိုင်ပြီး လူမှုဘဝ ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်နိုင်ဖို့ အတွက်
ဖြစ်ပါတယ်။ ဘယ်နေရာ ဘယ်ဒေသ ဖြစ်ဖြစ် မတည်ငြိမ် မအေးချမ်းတဲ့အခါ ပြည်သူလူထုတွေ အနေနဲ့
ကိုယ့်ရဲ့ လုပ်ငန်း ဆောင်တာတွေကို အေးအေး ချမ်းချမ်း မလုပ်ဆောင်နိုင်တော့ဘူး။
အဲဒီအခါ လူမှုစီးပွားဘဝက ဘက်စုံ ထောင့်စုံက ချွတ်ခြုံ ကျရတာပေါ့ဗျာ။ အခုဆိုရင်
ကချင်တို့၊ ရှမ်းတို့ဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်တော့ အဲဒီမှာရှိတဲ့ ပြည်သူတွေ
အတိဒုက္ခ ရောက်ကြရတယ်။ ပညာရေး၊ ကျန်းမာရေးစသည် ဖြင့် လိုအပ်ချက်တွေ ပိုမို
များပြားလာတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူတွေ အေးချမ်းစွာနဲ့ နေချင်ကြပြီ။
ကျွန်တော်တို့လိုပဲ တစ်နိုင်ငံလုံးက ပြည်သူတွေ အားလုံးကလည်း အေးအေး ချမ်းချမ်းနဲ့
တရားဥပဒေစိုးမိုးမှု အောက်မှာ နေချင်ကြမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ နောက်တစ်ခုက
နိုင်ငံတော်သမ္မတ ဦးဆောင် ပြီးတော့ လာမယ့် ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးဖို့ လုပ်ဆောင် နေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အနေနဲ့
အဲဒီလုပ်ငန်းစဉ်ကို အောင်မြင် စေချင်ပါတယ်၊ အောင်မြင်ပါစေလို့ လည်း ဆုတောင်းပါတယ်''
ဟု ဆန္ဒ ထုတ်ဖော်ပွဲ ဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူ ကမာဝက်မြို့
ကျိုက်ဇယ်စေတီတော် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမင်းထွန်းသောင်းက ပြောကြားသည်။
အဆိုပါ
စုပေါင်း ဆန္ဒထုတ်ဖော်ပွဲ ဖြစ်မြောက်ရန် အတွက် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ကမာဝက်မြို့
ဒေသခံများက သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံခဲ့ပြီး ၂၃ ရက်နေ့တွင်
ခွင့်ပြုချက်ရရှိခဲ့ကြောင်း၊ ၂၇ ရက်နေ့ တွင် စုပေါင်း ဆန္ဒထုတ်ဖော်ရန် စီစဉ် ဆောင်ရွက်ခဲ့ရခြင်းမှာ
ဒေသခံ ပြည်သူများ၏ ဆန္ဒအရ ဆရာတော် ဘဒ္ဒန္တ စန္ဒကုမာရ၏ သက်တော်(၇၅) နှစ် ပြည့်နှင့်
တိုက်ဆိုင်ကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
''
ကျွန်တော် ငယ်ငယ် ရွာမှာနေ တုန်းက တိုက်ပွဲသံတွေ၊ သေနတ်သံ တွေကြားမှာ
ကြီးပြင်းခဲ့ရတာမို့ အခု လို အေးအေးချမ်းချမ်းနဲ့ နေရတဲ့အခါ ငြိမ်းချမ်းမှုရဲ့ အရသာကို
ကျွန်တော် သူများတွေထက် ပိုသိသလို ပိုပြီးခံစား တတ်ပါတယ်။ အရင်တုန်းကဆိုရင်
ကျွန်တော်တို့ဒေသမှာ မငြိမ်းချမ်းတဲ့ အတွက် အခြေတကျ နေထိုင်လုပ်ကိုင် စားသောက်လို့
မရခဲ့ဘူး၊ အခုဆိုရင် ကိုယ့်ဒေသက ငြိမ်းချမ်းနေပြီဖြစ်လို့ ကိုယ်လုပ်သလောက်
ဖြစ်ထွန်းလာတဲ့ အကျိုးကျေးဇူးကို ခံစားနေရပြီ။ ကျွန်တော်တို့နည်းတူ
တစ်နိုင်ငံလုံးမှာ ရှိကြတဲ့ ပြည်သူလူထုတွေ အေးအေး ချမ်းချမ်းလေး ဖြစ်စေချင်ပါတယ်။
ဒါကြောင့် ကျွန်တော်နဲ့ ရင်းနှီးတဲ့သူတွေကို တတ်နိုင်သလောက် စည်းရုံး ပြီးတော့
ကမာဝက်မှာလုပ်တဲ့ ငြိမ်း ချမ်းရေး ဆန္ဒထုတ်ဖော်ပွဲမှာ ပူးပေါင်း ပါဝင်
ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါ တယ်''ဟု လက်ရှိ မုဒုံမြို့၌ အခြေချ နေထိုင်သူ
ဦးသန်းစိုးအောင်က ပြောသည် ။
လက်ရှိတွင်
မြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အချို့ဒေသများ၌ တိုက်ပွဲများ
တစ်ဖန် ပြန်လည် ဖြစ်ပွားလျက် ရှိသဖြင့် အဆိုပါတိုက်ပွဲများ ဆက်လက်မဖြစ်
ပွားစေရန်နှင့် အပစ်အခတ်ရပ်စဲရေး အမြန် လက်မှတ် ရေးထိုးနိုင်ရန်၊ ထိုမှ တစ်ဆင့်
ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အတွက် ကမာဝက်မြို့ ပြည်သူများက
ဆန္ဒပြင်းပြလျက် ရှိကြောင်း သိရသည်။
No comments:
Post a Comment