Monday, January 26, 2015

ပရဟိတ၏နောက်ကွယ်



ကြည်နူး(တိ/ကု)
မနက်ဖြန်နံနက် ခြောက်နာရီခရီး စထွက်ရမည်ဟု သိရှိရပြီး ကတည်းက ညတွင်းချင်းပင် အထုပ်အပိုး ပြင်ပြီး ဖြစ်နေသည်။ ခရီးဆောင်အိတ်ကား အမြဲအဆင်သင့်၊ လမ်းခရီးအတွင်း ကိုယ်သုံးနေကျ ဆေးဝါးကအစ သွားပွတ်တံအဆုံး အိတ်ထဲ အမြဲ အပိုထည့်ပြီးသားပါ။ အဝတ်အစားအနည်းငယ် ထပ်ထည့်လိုက်ရုံမျှဖြင့်ပင် ခရီးသွားဖို့က အဆင်သင့် ဖြစ်နေတော့သည် ။
ဒီခရီးစဉ်ကလည်း တက်သုတ်ရိုက်ရမည့်ခရီးစဉ်ရယ်ပါ။ ဥရောပသားနှင့် အာရှသား ပေါင်းနှစ်ဖွဲ့နှင့်အတူ ခရီးသွားရပါ လိမ့်မည်။ သူတို့ မြန်မာပြည်မှပြန်လည် ထွက်ခွာမည့်ရက်အတိအကျမို့ ဤခရီးသည် အချိန်တိကျဖို့ အရေးကြီးသည်။

မိမိဌာနက ပထမစုရပ်၊ ဒုတိယစုရပ်ကား ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၊ အားလုံးအချိန်ကွက်တိရယ်ပါ။ စထွက်တော့ ရန်ကုန်မြို့ကြီးကား ချမ်းစိမ့်စိမ့်၊ မြို့ကျီးကန်းများပင်လျှင် ကိုယ့်ကိုယ်ကိုယ် အမွေးများ ပွအောင်လုပ်ကာ အချမ်းကိုအန်တု နေသေးတဲ့ အချိန်အခါရယ်ပါ။ (၁၁၅) မိုင်ရောက်တော့လည်း ကော်ဖီ၊ လက်ဖက်ရည်လောက်သာ မြန်မြန်သွက်သွက် သောက်ကြသည်။ မည်သူမျှ ထမင်းဟင်းစားလိုပုံမပေါ်၊ ရောက်ရမည့် ခရီးစဉ်အဆုံးကိုသာ အာရုံစူးစိုက်နေကြဟန် တူသည်။ ဤခရီးကား တစ်ညအိပ်နှစ်ရက် မရှိတစ်ရှိခန့် တိုတောင်းသည်မို့ အားထည့်ထားကြသည် ။
နေပြည်တော်ရောက်သည်နှင့် အုပ်စုနှစ်စု ခွဲလိုက်ကြသည်။ ကိုယ့်အလုပ်နှင့်ကိုယ်၊ ကိုယ့်တာဝန်နှင့်ကိုယ်စီ အားချိန်မရှိကြ။ နားချိန်ရောက်လို့ နာရီကိုကြည့်လိုက်တော့ ဟိုတယ်ပြန်ပြီး ခြေပစ်လက်ပစ်နှင့် အိပ်ရုံသာ ရှိတော့သည်။ နောက်တစ်နေ့ လည်းပဲ ခြေထောက်တွေမှာ အင်ဂျင်တပ်ထားသလို လှုပ်ရှားကြရပြန်သည်။ ယနေ့ည အရောက်ပြန်ရမည်မို့ ကားထွက်မည့် အချိန်ကိုလည်း သတ်မှတ်ထားပြီးဖြစ်ရာ နေ့လယ်စာကိုပင် ကမန်းကတန်းနှင့် မတ်တတ်မစားရရုံတမည် သွက်သွက်လေး စားသုံးရသည်။
ဤနေရာတွင်မှ ပြဿနာကစသည်။ ကသောကမျောနှင့် မျိုချလိုက်သော ထမင်းလုပ်နှင့်အတူ ကြက်သား ကြော်သည် လည်မျိုတစ်လျှောက် ဆင်းသွားသောအခါ ကျွန်တော်မျက်လုံးပြူးရတော့သည်။ ကြက်သားကြော် သည် သူချည်းသာ မဟုတ်၊ ကြက်ရိုးကိုပါ အဖော်ပြုသွားရာ ကြက်ကြော်မှ အရိုးသည် ကျွန်တော့် လည်ချောင်း တွင်ကန့်လန့်ခံ တစ်စို့၍နေလေပြီ။ ထမင်းဆုပ်မျိုချလည်းမရ၊ ရေသောက်လည်း တုတ်တုတ်မျှမဖြုန်၊ လည်ပင်း ကို ဖိနှိပ်ပေးသော်လည်း အရာမထင်၊ ကြက်ရိုးကား ကျွန်တော့်ကို ခရီးသွားဆဲ ကန့်လန့်တိုက်နေလေပြီ။ တံတွေးပင် မျိုလို့ မရတော့။ ဝေဒနာကား အခံရခက်လှဘိသည်။ အတူခရီး သွားဖော်များ စိုးရိမ်စိတ် ဖြစ်ပေါ်မှာစိုးသောကြောင့် ဤကိစ္စကိုဖွင့်ဟ၍ မပြောဖြစ်ခဲ့ပါ။ ဤသို့နှင့်ပင် အပြန်ခရီးကို ကြက်ရိုးကို လည်ချောင်းမှာ ပိုက်ထွေးရင်း ရန်ကုန်သို့ ညနက်သန်းခေါင်မှာ ပြန်လည်ရောက်ရှိ ခဲ့သည်။
သို့ပါသော်လည်း ကျွန်တော့်ခရီးစဉ်ကား ဤမှာပင် အဆုံးမသတ်သေး။ ထိုခရီးမသွားခင်ကတည်းက ကြိုတင် ချိန်းဆို ထားသောအလုပ်ကား စောင့်မျှော်၍ နေနှင့်သည်။ နောက်နေ့မနက် တောင်ဒဂုံမြို့နယ်အတွင်းရှိ ဘုန်းတော် ကြီးကျောင်းများမှ ခွေးများအား အခမဲ့ခွေးရူးရောဂါ ကာကွယ်ဆေးထိုးပေးရေးစီမံချက်ဖြစ်သည်။
ပွင့်လင်းစွာဝန်ခံရသော် ကျွန်တော်မသွားလိုတော့ပါ။ တက်သုတ်နှင်ပြီး အလုပ်တွေလုပ်ခဲ့ရလို့၊ အချိန်တွေလုပြီး ခရီးသွားခဲ့ရလို့ ခရီးပန်းနေတဲ့ကျွန်တော်သည်တာတို အပြေးသမားတစ်ယောက်လို နောက်နေ့မနက်မှာ အားအင် ကုန်ခမ်း၍ နေပါသည်။ တစ်ဖန်မမျှော်လင့်ဘဲ လည်ချောင်းကြီးထဲ ကျောက်ချရပ်နားနေတဲ့ ကြက်ရိုးကန့်လန့်ကြီးရဲ့ ဝေဒနာကိုလည်း ဆေးရုံသွားကာ အာခေါင်ဖြဲ ကလော်ထုတ်ရပါဦးမည်။ ကျွန်တော့်ခန္ဓာရဲ့ ဝေဒနာများကို ဦးစားပေး ရှင်းထုတ် ပစ်ချင်နေသည်။ သို့သော် ကျွန်တော်ပြန်စဉ်းစားကြည့်မိသည်။ လေလွင့်ခွေးများစွာ၏ သနားစဖွယ် မျက်နှာများ ကိုလည်း ပြန်လည်မြင်ယောင်မိသည်။ မိမိ၏ကိုယ်ရေးကိစ္စကို နောက်တစ်ရက် ဆုတ်သော်လည်း ဆိုးကျိုးမရှိနိုင်၊ အားကိုးရာမဲ့ လေလွင့်ခွေးများကိစ္စ ယနေ့ကပင် ဦးစားပေးလုပ်လိုက်မည်ဟု ဆုံးဖြတ်ကာ အိပ်ရာမှလူးလဲထလိုက်ပြီး နံနက် ၇ နာရီ စုရပ်ရှိရာသို့ အပြေးအလွှားသွားခဲ့ပါသည်။
စုရပ်ရောက်တော့ လူစုံနေပါပြီ။ အမြဲတစေ ပြုံးရွှင် စွာနေလေ့ရှိတဲ့ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန် များအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်တင်တင်မြိုင်၊ အမြဲအလုပ်တွေများနေတတ်တဲ့ အတွင်းရေးမှူး ဒေါက်တာစိုးမင်းတို့လည်း စောစီးစွာကပင် ရောက်နေကြ ပုံပေါ်သည်။ စားလည်းစား ဝတ်လည်းဝတ်ဟုဆိုကာ ပြောပြော ဆိုဆို ကန်ပိန်းအင်္ကျီတစ်ထည်နှင့် ကော်ပြန့်လိပ်တစ်ပွဲကို ရှေ့အရောက်လာချပေးသူက ဒေါက်တာ အေးကျော်၊ သူလာချ ပေးတဲ့ ကော်ပြန့်လိပ်တစ်ပွဲက တံတွေးပင် မျိုချရန်ခက်ခဲနေသော ကျွန်တော့် လည်ချောင်းကို စိန်ခေါ်နေသယောင်ယောင်၊ သို့ပေမယ့် ဗိုက်ထဲတွင် ဟာလာဟင်းလင်းဖြစ်နေသော ကျွန်တော်ကတော့ဖြင့် ကော်ပြန့်လိပ်တစ်ချောင်းကို ဆွဲယူကိုက်ဝါး ပစ်လိုက်သည်။ ဤတွင် ကျွန်တော် အညာမိသွားပါပြီ။ ထိုအရာသည် ကော်ပြန့်လိပ် မဟုတ်ပါ။ ကျွန်တော်မနှစ်သက်ဆုံး အစာအစာဖြစ်သည့် ငှက်ပျောကော်ပြန့်ကြီးပါ။ မကြိုက်သော်ငြားလည်း လူအများရှေ့မှာ ပြန်ထွေးမထုတ်တော့ဘဲ ဇွတ်အတင်း ကျိတ်မှိတ် မျိုချလိုက်သည်။ စက္ကန့်ပိုင်းကြာမျှ နာကျင်မှုက ဆိုဖွယ်ရာမရှိပြီ။ သို့သော် ထိုနာကျင်မှု၏ နောက်ကွယ်တွင် လည်ချောင်းကြီးကား ရှင်းလင်းသွားသော မြောင်းကြီးသဖွယ် ကျွန်တော်သိမှတ် ခံစား လိုက်ရသည်။ နာကျင်မှုတွေယူပစ်လိုက်သလို ပျောက်ကွယ် သွားသည်။ မျက်စိမှိတ်မျိုချလိုက်သော ငှက်ပျောကော်ပြန့်ကြီးသည် ကန့်လန့်ခံနေသော ကြက်ရိုးကို တောင်ကျချောင်းရေနှယ် တွန်းချရှင်းလင်း ဖယ်ရှားပေးခဲ့ပါပြီ။
အလွန်တရာမှပင် ပျော်ရွှင်သောစိတ် ကျွန်တော် ဖြစ်မိသည်။ ဤခွေးရူးကာကွယ်ဆေးထိုးပွဲကိုသာ အားထည့်ပြီး ကျွန်တော် မလာရောက်မိခဲ့သော် လည်းချောင်းထဲ ကန့်လန့်ခံနေသောအရိုးသည် မည်သည့် အတိုင်းအတာ အထိ ဒုက္ခပေးဦးမည်ကို မမှန်းဆနိုင်။ ငွေကုန်၊ အချိန်ကုန် လူပန်းရမည့်အရေးကား ပရဟိတ အလုပ်ဆိုသော အနှိုင်းမဲ့စေတနာ၏ နောက်ကွယ်က လိုက်ပါလာသော မြင်နိုင်စွမ်းမရှိသည့် စွမ်းအားများက ချက်ချင်းလက်ငင်း ကျွန်တော့်ကို ကောင်းကျိုးပေးခဲ့လေပြီ။
ကမ္ဘာပေါ်တွင် လူသားအပေါင်းတို့သည် မိမိတို့ လက်တစ်ကမ်းရှိ လူ့အသိုင်းအဝန်းအတွင်း ဖြစ်ပေါ် လိုအပ် လျက်ရှိသော ပရဟိတလုပ်ငန်းများတွင် တတ်စွမ်းနိုင်သရွေ့ ပါဝင်ကူညီထမ်းဆောင်ကြခြင်းဖြင့် ဤကမ္ဘာ လောကကြီးသည် တစ်စထက် တစ်စ ပိုမိုအေးချမ်း သာယာ လှပသော ကမ္ဘာမြေကြီး အဖြစ် မလွဲမသွေ ရောက်ရှိ လာမည်ဖြစ်ကြောင်း ရေးသားလိုက်ရ ပါသည်။ ။

No comments:

Post a Comment