''မရှိမရှုပ် ရှိလျှင်ရှုပ်၏''ဟု မိန့်ကြားခဲ့သော ဆရာတော်ကြီး၏ သြဝါဒစကားကို အာရုံပြုကာ
ဝင်းစိန် တောရကျောင်း ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုရန် အများနည်းတူ ကြက်ပျံမကျစည်ကားလှသော
လူအုပ် ကြီးထဲသို့ တိုးဝှေ့ဝင်သွား ရသည်။
မွန်ပြည်နယ် မုဒုံမြို့နယ် မြိုင် ကုန်းကျေးရွာ ဝင်းစိန်တောရကျောင်း ၏ ဦးစီးပဓာန
နာယကဆရာတော် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဝင်းစိန်ဆရာတော်ကြီး၏ သက်တော် (၉၄)နှစ်ပြည့်
မွေးနေ့မင်္ဂလာပူဇော် ပွဲကို ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ဝင်းစိန်တောရကျောင်း ပရိဝုဏ်
အတွင်းရှိ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ဝင်းစိန်တောရ ဆရာတော်ကြီး သည် ဓူတင် ၁၃ ပါးတို့ကို ၁ဝ နှစ်တိုင်တိုင်နေပူမိုးရွာမရှောင်
ပြင်းပြင်း ထန်ထန်ကျင့်ကြံ အားထုတ်ခဲ့သည်ဟု သိရပြီး ဆရာတော်ကြီးသည် အထက် မြန်မာပြည်
သရက်မြို့မှ အောက်မြန်မာပြည် တနင်္သာရီတိုင်း ဒေသကြီး အထိ သုဿန်ပေါင်း ၁၃၃ ခုတို့၌ တစ်ကိုယ်တည်းခြေကျင်ခရီးဆန့်ကာ
ကျင့်ကြံ အားထုတ်ခဲ့သည်ဟုလည်း သိရသည်။ ဆရာတော်ကြီးသည် တိစီဝရိတ်ဓူတင် (သင်္ကန်းသုံးထည်
သာဆောင်သော)ကိုလည်း ကျင့်ကြံ အားထုတ် နေဆဲဖြစ်သည်။
သာသနာပြု လုပ်ငန်းများကို လည်း ဆောင်ရွက်လျက်ရှိရာ အတောင် ၄ဝဝ ပြည့် လျောင်းတော်မူ
ဗုဒ္ဓရုပ်ပွားတော်မြတ်ကို တည်ထား ကိုးကွယ်နိုင်ခဲ့ပြီး ၄င်းနှင့်မျက်နှာချင်း ဆိုင်အရပ်တွင်
အတောင် ၆ဝဝ ပြည့် လျောင်းတော်မူ ရုပ်ပွားတော်မြတ် တစ်ဆူကို တည်ထားကိုးကွယ်ရန် ကြိုးပမ်းလျက်ရှိကြောင်း
သိရသည်။ စေတီပုထိုး ရုပ်ပွားတော်များကို တည်ထား ကိုးကွယ်ခဲ့သည့် အပြင် သာသနာ ပြုစခန်းပေါင်း
မြောက်မြားစွာကိုလည်း ထူထောင် သာသနာပြုနိုင်ခဲ့သဖြင့် နိုင်ငံတော်မှ အဂ္ဂမဟာသဒ္ဓမ္ဓ ဇောတိကဓဇဘွဲ့
ကိုလည်းကောင်း၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့ကိုလည်းကောင်း ဆရာတော်ကြီး အား ဆက်ကပ်ခဲ့သည်။
မွေးနေ့မင်္ဂလာတွင် မိဘကျေးဇူး ဆပ်ခြင်း မင်္ဂလာအဖြစ် အနယ်နယ် အရပ်ရပ်မှ အသက် ၇၅
နှစ်နှင့် အထက် အဘိုးအဘွားတစ်ဦးလျှင် ငွေကျပ် ၂ဝဝဝဝ စီ၊ အသက် ၈ဝ နှင့်အထက် အဘိုးအဘွားများအား
တစ်ဦးလျှင် ငွေကျပ် ၃ဝဝဝဝ စီနှင့် အသက် ၉ဝ နှင့်အထက် အဘိုး အဘွားတစ်ဦးလျှင် ငွေကျပ်တစ်သိန်း
စီ လှူဒါန်းမှုတို့ကို ဇန်နဝါရီ ၁၃၊ ၁၄၊ ၁၅ သုံးရက်တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
ထို့အပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြည်ညိုကြသော ဧည့်ပရိသတ်တို့အား စတုဒိသာဒါန
ကျွေး မွေးကုသိုလ်ယူသူများလည်း များပြား လျက်ရှိသည်။ စတုဒိသာအလှူ ဆိုင်ခန်းများမှာ
၂ဝ ကျော်ခန့်ရှိပြီး ထမင်း၊ မုန့်ဟင်းခါး၊ ကြာဆံ ချက်၊ ဘူးသီးကြော်၊ လက်ဖက်ရည်နှင့်
မုန့်၊ ရေခဲမုန့်၊ အအေးစသည်ဖြင့် စားသောက်ဖွယ်မျိုးစုံဖြင့် ဆရာတော် ကြီးမွေးနေ့ နံနက်ပိုင်းမှ
ညနေပိုင်း အထိ ကျွေးမွေးလှူဒါန်းကြရာ ကြိတ်ကြိတ်တိုး စည်ကားလျက် ရှိသည်။
မွေးနေ့မင်္ဂလာ ပူဇော်ပွဲအဖြစ် ဖိုးချစ်ဇာတ်အဖွဲ့၊ ဟိန်းဇာနည်ဇာတ်
အဖွဲ့တို့အပြင် ရိုးရာလက်ဝှေ့ပွဲများ ကိုလည်း ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ ဖျော်ဖြေကြသည်။
ထို့ အပြင် ကောင်းခန့်၊ ညီထွဋ်ခေါင်၊ ရွှေပိုးအိမ် စသည့်အနုပညာရှင်များ လည်း ဆရာတော်ကြီး၏
မွေးနေ့ ပူဇော်ပွဲသို့ လာရောက်ကြည်ညိုကြ သည်ကို တွေ့ရသည်။

No comments:
Post a Comment