Sunday, January 25, 2015

(၁၈)ကြိမ်မြောက် အာဆီယံ ခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် စတင်ကျင်းပ

နေပြည်တော် - ဇန်နဝါရီ ၂၅
(၁၈)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများ အစည်း အဝေးကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁)၌ ယနေ့နံနက်(၉)နာရီတွင် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဖိလစ်ပိုင်နိုင်ငံ ခရီးသွား လုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Ramon R.Jimenez,Jr. က တွဲဖက် သဘာ ပတိအဖြစ်  ဆောင်ရွက်သည်။

သဘာပတိက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး အနေဖြင့် ကမ္ဘာလှည့် ခရီးသည် (၁၀၈၇)သန်းရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် (၅)ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိမှု အနေဖြင့် အမေရိကန်ဒေါ်လာ (၁၁၅၉) ဘီလီယံရရှိခဲ့ပါကြောင်း၊ အာရှပစိဖိတ်ဒေသသည် ကမ္ဘာလှည့် ခရီးသည်ရောက်ရှိမှု(၆)ရာခိုင်နှုန်း တိုးတက်ခဲ့သဖြင့် တိုးတက်မှုအမြင့်မားဆုံး ဖြစ်ပါကြောင်း၊ အာဆီယံဒေသအနေဖြင့် ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည် (၉၉ဒသမ၂)သန်းရောက်ရှိခဲ့သဖြင့် တိုးတက်မှု(၁၁ဒသမ၇၃) ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ အာဆီယံနိုင်ငံများအချင်းချင်း လာရောက် လည်ပတ်မှုမှာ (၄၅ဒသမ၆) သန်းရှိခဲ့သဖြင့် စုစုပေါင်းခရီးသည်ရောက်ရှိမှု၏ (၄၆)ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ထိုအချက်ကို ကြည့်ခြင်းဖြင့် အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးမှာ လွန်စွာ အရေးကြီးသည်ကို သိရှိနိုင် ပါကြောင်း၊ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး တွင် နိုင်ငံခေါင်းဆောင် များက အာဆီယံအသိုက် အဝန်းများ တည်ထောင်ရေး အရှိန်မြှင့်တင် ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး အာဆီယံခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုများ အပေါ် အသိအမှတ် ပြုခဲ့ပါကြောင်း၊ ယခုအချိန်တွင် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာ အစီအစဉ်(၂၀၁၁-၂၀၁၅)အရ ခရီးသွား လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း အဆင့်အတန်းများ သတ်မှတ်ရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင် ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ် အကောင်အထည်ဖော်ရေး အတွက် ဒေသဆိုင်ရာ အတွင်းရေးမှူးရုံး တည်ထောင်ရန် ညှိနှိုင်းမှုများ ဆောင်ရွက်နေပြီး မကြာခင် သဘောတူစာချုပ် လက်မှတ်ရေးထိုး အတည်ပြုနိုင်တော့မည်ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မည်သို့သော စိန်ခေါ်မှုများ ကြုံတွေ့ရသည်ဖြစ်စေ စည်းလုံးမှု၊ ခိုင်မာမှု၊ ကြံ့ခိုင်မှုနှင့် တသားတည်းရှိမှုစသည့် အာဆီယံစိတ် ဓာတ်ဖြင့် ဖြတ်ကျော်နိုင်ခဲ့ ပါကြောင်း၊ နိုင်ငံ့ခေါင်းဆောင်များ၏ ကောင်းမြတ်သော ခေါင်းဆောင် မှုနှင့် လမ်းညွှန်မှုများကြောင့် အာဆီယံသည် ကမ္ဘာပေါ်တွင် အစဉ်အမြဲ ဖွံ့ဖြိုးတိုးတက်နေသော ခရီးစဉ်ဒေသ တစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည် ပါကြောင်းဖြင့် ပြောကြား သည်။
အစည်းအဝေးတွင် အာဆီယံဒေသသို့ ကမ္ဘာလှည့်ခရီးသည်ရောက်ရှိမှု အခြေအနေများ၊ အာဆီယံ ခရီး သွားလုပ်ငန်း မဟာဗျူဟာ အစီအစဉ် ၂၀၁၂-၂၀၁၅ အား အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ ၂၀၁၅ ခုနှစ်အလွန် အာဆီယံခရီးသွားလုပ်ငန်းမဟာဗျူဟာ ၂၀၁၆-၂၀၂၅ အား ရေးဆွဲရေး လုပ်ငန်းစဉ်များ၊ အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ၊ ပူးတွဲကြေညာစာတမ်းထုတ်ပြန်ရေး ကိစ္စရပ်များအား အသေးစိတ်ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ညှိနှိုင်းအစည်းအဝေးကို ဆက်လက် ကျင်းပရာ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ခရီးသွားလုပ်ငန်းဝန်ကြီးများ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ်၊ အာဆီယံ-တရုတ် ဗဟိုဌာန၊ အာဆီယံ-ဂျပန်ဗဟို ဌာနနှင့် အာဆီယံ-ကိုရီးယား ဗဟိုဌာနတို့မှ အထွေထွေ အတွင်းရေးမှူးချုပ်များ၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းကောင်စီမှ ဥက္ကဋ္ဌနှင့် ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအဖွဲ့မှ အမှုဆောင် အရာရှိချုပ်များ တက်ရောက်၍ အာဆီယံခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းကြသည်။
ထို့နောက် အစည်းအဝေးကို အစီအစဉ် အတိုင်း ဆက်လက်ကျင်းပရာ ညနေပိုင်းတွင် အစည်းအဝေးကို အောင်မြင် စွာ ရုပ်သိမ်းလိုက်သည်။
ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်သည် အစည်းအဝေး ကာလအတွင်း ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ Dr. Taleb Rifai နှင့်လည်းကောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်း ကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ Mr.David Scowsill တို့နှင့် သီးခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ပြခန်းများခင်း ကျင်းဆောင်ရွက်ထားမှု၊ ပုဂ္ဂလိကဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ အခြား အထောက်အကူပြုကုမ္ပဏီများမှ ပြင်ဆင်ထားရှိမှု၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်း၊ မြန်မာနိုင်ငံ ဈေး ကွက်မြှင့် တင်ရေးကော် မတီ၊ CB Bank၊ KMA  Hotel Group တို့၏ ပြခန်းများအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment