Monday, January 26, 2015

ကမ်းရိုးတန်းတစ်လျှောက် ဒီရေတောစိုက်ခင်း ဧကသုံးထောင်ခန့်ကြိုးပြင် ကာကွယ်တောဖွဲ့ တိုးချဲ့ထိန်းသိမ်းမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မုတ္တမကမ်းရိုးတန်းတစ်လျှောက်တွင် သဘာဝဒီရေတော ဧက ၃ဝဝဝ ခန့် ကြိုးပြင် ကာကွယ်တောဖွဲ့ပြီး တိုးချဲ့ ထိန်းသိမ်းကာကွယ်နိုင်ရန် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။


''ဒီရေတော ဆိုတာကတော့ ပင်လယ်ရေရောက်တဲ့နေရာ၊ ရေချို ရေငန်စပ်တဲ့နေရာတွေမှာ အဓိက ပေါက်ရောက်တဲ့ အတွက် မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသ ကြီးနဲ့ တနင်္သာရီ တိုင်းဒေသကြီးတွေမှာ အများ ဆုံးပေါက်ရောက်ပါတယ်။ ဒီရေတောတွေကို ပြန်လည်ထူထောင် ဖို့ လိုအပ်နေတဲ့ဒေသတွေကတော့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင် ကမ်းရိုးတန်းဒေသက ဒီရေတောတွေ ဖြစ်ပါတယ်။ ကမ္ဘာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက မုန်တိုင်းဒဏ်အခံရ ဆုံး နိုင်ငံ ဖြစ်နေတယ်၊၊ ကျွန်တော်တို့ ရခိုင် ကမ်းရိုးတန်းဒေသက ဘင်္ဂလားဒေ့ရှ် နဲ့အနီးဆုံး နယ်မြေဖြစ်နေတဲ့အတွက် မုန်တိုင်းအရေအတွက် များလာနိုင် တယ်။အဲဒါကြောင့်ရခိုင်ကမ်းရိုးတန်း ဒေသမှာရှိတဲ့ဒီရေတောတွေကို ထိန်း သိမ်းခြင်း၊ အသစ်တိုးချဲ့စိုက်ပျိုးခြင်း တွေကို ဦးစားပေးဆောင်ရွက်သွား ဖို့လိုပါတယ်။ပြီးတော့ ဒီရေတောတွေ က သဘာဝဘေးအန္တရာယ် ကာကွယ် မှုအတွက်လည်း အကျိုးပြုပါတယ်။
နာဂစ်မုန်တိုင်းတုန်းကဆိုရင် သဘာဝ ထိန်းသိမ်းနယ်မြေဖြစ်တဲ့ မိန်းမလှကျွန်းမှာ ဒေသခံတွေနဲ့ အနီး တစ်ဝိုက်မှာနေတဲ့ ဝန်ထမ်းတွေဆို အသက်အန္တရာယ်ကနေ သိသိ သာသာ လွတ်မြောက်ခဲ့ကြတယ်။ အဲဒီမှာဆို ဘေးမဲ့တောအပင်တွေနဲ့ ပိတ်နေတဲ့အတွက် လှိုင်းကြီးတွေ ဝင် မလာတော့ဘူး။ မုန်တိုင်းပြီးတဲ့ နောက်ပိုင်းမှာ ဒီရေတောတွေကို သဘာဝဘေးအန္တရာယ် ကာကွယ် ရေးအနေနဲ့ စိုက်ပျိုးလာကြတယ်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မုတ္တမ ကမ်းရိုးတန်း တစ်လျှောက်တွေမှာ လည်း ကြိုးပြင်ကာကွယ်တောတွေ ဖွဲ့ပြီး ဒီရေတောတွေ ထိန်းသိမ်းကာ ကွယ်ဖို့ရှိပါတယ်။ နာဂစ်ဖြစ်ပြီး နောက်ပိုင်း ဒေသခံတွေ ကိုယ်တိုင် ဒီရေတောတွေရှိမှ မုန်တိုင်းဖြစ်တဲ့ခါ သူတိုတစ်တွေရဲ့ ဘဝတွေလုံခြုံမယ်၊ လှိုင်းဒဏ်တွေသက်သာမယ်ဆိုတာ သိလာကြတယ်''ဟု ရေဝေရေလဲ အုပ် ချုပ်ရေးဌာန ဦးစီးအရာရှိ ဒေါက်တာ တိုးတိုးအောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မုတ္တမပင်လယ် ကမ်းရိုးတန်းဒေသရှိ သဘာဝအလျောက် ပေါက်ရောက် လျက်ရှိသော ဒီရေတောများကိုလည်း ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်း ပြီး သဘာဝဒီရေတောဧက သုံး ထောင်ခန့်ကို တိုးချဲ့ထိန်းသိမ်းကာ ကွယ်သွားမည်ဖြစ်ကြောင်း သိရ သည်။ နာဂစ်မုန်တိုင်းကာလအတွင်း မုန်တိုင်းလမ်းကြောင်းပေါ်ရှိ မိန်းမ လှကျွန်းဘေးမဲ့တောတွင် ဒီရေတော များ တည်ရှိခြင်းကြောင့် အသက် အိုးအိမ်နှင့် အဆောက်အအုံများ ပျက်စီးမှုများစွာ လျော့နည်းခဲ့သည်။ မြန်မာ့ဒီရေတောများ တည်ရှိခြင်း သည် သဘာဝဘေးအန္တရာယ်များကို လည်း ကာကွယ်နိုင်မည်ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံး မြို့နယ် ဖိုးဖိုးကျောက်ဒေသတွင် လည်း ကြိုးပြင်ကာကွယ်တောဖွဲ့စည်း ရန် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ် လျက်ရှိကြောင်း သိရသည်။
''ဒီရေတောတွေကို ပြန်လည် ပြုစုပျိုးထောင်ဖို့ ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ ဌာနအနေနဲ့ လည်း နှစ်စဉ်စိုက်ခင်းတွေ တည် ထောင် စိုက်ပျိုးနေပါတယ်။ နောက် ထပ် သိပ္ပံပညာရှင်တွေ စိတ်ဝင်စား လာတာကတော့ ကာဗွန်စုပ်ယူနိုင်မှု မှာ တခြားသစ်တောတွေထက် ဒီရေ တောတွေက စုပ်ယူနိုင်မှုများတဲ့ အတွက် ကမ္ဘာကြီးပူနွေးလာတဲ့ ဖြစ်စဉ်မှာ ကာဗွန်တွေကို လျှော့ချတဲ့ နေရာမှာ အသုံးပြုဖို့ အာရုံစိုက်လာ ကြတာတွေ့ရတယ်။ မြန်မာနိုင်ငံက ကမ်းရိုးတန်းဧရိယာ ကီလိုမီတာ သုံးထောင်နီးပါးရှိတဲ့အတွက် ကမ်း ရိုးတန်း ထိန်းသိမ်းခြင်းလုပ်ငန်းတွေ မှာ ဒီရေတောထိန်းသိမ်းခြင်းဟာ အဓိကအရေးပါတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်'' ဟု ဒေါက်တာ တိုးတိုး အောင်က ဆက်လက်ပြောကြားသည်။
ဒီရေတောများ ပြန်လည်စိုက် ပျိုးခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်း များကို (JICA) နှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိရာ ဘိုကလေးမြို့နယ် ကဒုံကနိကြိုးဝိုင်းအတွင်း၌ ဒီရေ တောဧက သုံးထောင်ခန့် ပြန်လည် ထူထောင်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ဒီရေတောများ၏ ကာဗွန်စုပ်ယူ သိုလှောင်နိုင်မှုမှာ အခြားသစ်တော များထက် ငါးဆခန့် ပိုမိုအားကောင်း သည့်အတွက် ဒီရေတောများကို ကမ္ဘာကြီး ပူနွေးလာမှုဖြစ်စဉ်တွင် ကာဗွန်လျှော့ချရန် ပြန်လည်စိုက်ပျိုး ခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံ၌ ဒီရေတောများ ပျက်စီးရခြင်း အကြောင်းရင်းမှာ ငါးကန်၊ ပုစွန်ကန်များ တူးဖော်ခြင်း၊ အခြားမြေအသုံးချမှုသို့ ပြောင်းလဲ ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရ သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွင် ပုစွန်ကန်များပြုလုပ်ခြင်းနှင့် စိုက်ပျိုးမြေများချဲ့ထွင်ခြင်းကြောင့် ဒီရေတောများ ပျက်စီးမှု အများဆုံး ဖြစ်သည်ဟု မှတ်တမ်းများ အရ သိရသည်။
အာရှဒေသတွင်း၌ မတွေ့ရှိနိုင် တော့သည့် သဘာဝဒီရေတောများကို တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ် မြိတ်ကျွန်းစုတစ်ဝိုက်တွင် တွေ့ရှိနိုင် ကြောင်း၊ အဆိုပါ သဘာဝဒီရေတော များကိုဆက်လက်ထိန်းသိမ်းကာကွယ် သွားနိုင်ရန်လိုအပ်ကြောင်း သိရသည်။
ဤဥယျာဉ်အတွင်း ဂေဟစနစ်၊ ဒီရေတောစနစ်နှင့် သန္တာကျောက် တန်း ဂေဟစနစ်တို့ကို တစ်ပြိုင် တည်း လေ့လာနိုင်ပြီး သဘာဝ အခြေခံခရီးသွားလုပ်ငန်းများ ဆောင် ရွက်ခြင်းဖြင့် နိုင်ငံတော် ဝင်ငွေ ရရှိရန်နှင့် သဘာဝဒီရေတော သယံဇာတများကို ထိန်းသိမ်းကာ ကွယ်နိုင်ရန် မြှင့်တင်ဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ဒီရေ တော ဧရိယာသည် ဧက တစ်သန်းနှစ်သိန်းခန့်ရှိသည့်အတွက် ကမ္ဘာ ပေါ်တွင် သတ္တမမြောက် ဒီရေတော အများဆုံးရှိသည့် နိုင်ငံဖြစ်သည်ဟု မှတ်တမ်းများအရ သိရှိရသည်။

No comments:

Post a Comment