Friday, January 23, 2015

တပ်မတော်အတွင်းမှ အရွယ်မရောက်သေးသူများအား ပြန်လည်နုတ်ထွက်ခွင့်ပြု၍ မိဘများထံ လွှဲပြောင်းပေး အပ်ခြင်းအခမ်း အနားကျင်းပ



ရန်ကုန် ဇန်နဝါရီ   ၂၃
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)နှင့် မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်း အဖွဲ့တို့၏အစီ အမံဖြင့် တပ်မတော်အတွင်း အရွယ်မရောက်သေးသူကလေးသူငယ်များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်အလိုက် အသေးစိတ်စိစစ်နုတ်ထွက်ခွင့်ပြုလျက်ရှိရာ (၄၂) ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး စိစစ်ဖော်ထုတ် ရရှိသော အရွယ်မရောက်သေး သူကလေးသူငယ်များအား ၎င်းတို့၏မိဘများထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေး စခန်းတွင် ကျင်းပသည်။

အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်သန်းစိုးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံး တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသော UNICEF ၊ UNHCR၊ ILO ၊ Save the  Children ၊ World Vision ၊ World Food Programme ၊ UNDP တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်လည်နုတ်ထွက်ခွင့်ရကလေးသူငယ် (၄၂) ဦးနှင့် ၎င်းတို့၏ မိဘများတက် ရောက်ကြသည်။
ရှေးဦးစွာ အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေး မှူးရုံး၊ ညွှန်ကြားရေး မှူးဗိုလ်မှူးချုပ် တောက်ထွန်းနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ဌာနေကိုယ်စားလှယ် Mr. Bertand Bainvel တို့က အမှာစကားများပြောကြားကြသည်။ ထို့နောက် တပ်မတော်မှနုတ်ထွက် ခွင့်ပြုသည့် လက်မှတ်နှင့် (၁၀) နှစ်မှ (၁၈) နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တာဝန်ရှိသူတို့က ပေးအပ်ခဲ့ပြီး ကလေးများအား မိဘ(သို့မဟုတ်) အုပ်ထိန်းသူတို့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အခမ်းအနားပြီးနောက် ကလေးများနှင့် မိဘများကို မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ စီစဉ်သောကြား ကာလ ပြုစုစောင့်ရှောက်ရေးစခန်းသို့ တပ်မတော်မှ ပို့ဆောင်ပေးခဲ့ပြီး ထိုစခန်းတွင် မိဘများနှင့် အဆက်အသွယ် မရရှိသေးပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆေးဝါးကုသရန် လိုအပ်မှု ရှိ^မရှိ စစ်ဆေး၍ လိုအပ်က ဆေးဝါးကုသမှုခံယူစေခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြန်တက်ရန်၊ ကျောင်းပြင်ပ ပညာသင်ကြားရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသောအလုပ်အကိုင်ရရှိနိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုများသင်ယူရန်၊ ဖြစ်နိုင်ခြေများဆန်းစစ်ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံ ပစ္စည်းများဝေငှခြင်း၊ အိမ်အပြန်ခရီး စရိတ်နှင့်စားစရိတ်စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်သည်။
အလားတူမိဘများထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အဆိုပါအမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရန်ကုန်)၌ ၂၀၁၂ ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့တွင် (၄၂) ဦးအား ပထမအကြိမ်အဖြစ် လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် (၂၄) ဦးအားဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့တွင် (၄၂)ဦးအား တတိယအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဩဂုတ်လ(၈)ရက်နေ့တွင် (၆၈)ဦးအား စတုတ္ထအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ(၁၈) ရက်နေ့တွင် (၉၆)ဦးအားပဉ္စမ အကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ် ဩဂုတ်(၁)ရက်နေ့တွင် (၉၁)ဦးအား ဆဋ္ဌမအကြိမ်အဖြစ်လည်း ကောင်း၊ ရန်ကုန်မြို့ မြ၀တီစာပေတိုက်ခန်းမတွင် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့တွင် (၁၀၉)ဦးအား သတ္တမအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ(၂၄)ရက်နေ့တွင် (၈၀)ဦးအား အဋ္ဌမအကြိမ်အဖြစ် အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရန်ကုန်)၌ လွှဲပြောင်းပေးအပ် ခဲ့ခြင်းများဆောင်ရွက်နိုင်ခဲ့ပြီး ယခုအကြိမ်သည် န၀မအကြိမ်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၌ အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ် ဇွန်လ(၂၇)ရက်တွင် (၁၈) လတာ လုပ်ငန်းစီမံချက်ကို (UNICTFMR) နှင့်လက် မှတ်ရေးထိုးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစီမံချက်သက်တမ်းအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ပထမအကြိမ်(၆)လ ၂၀၁၄ ခုနှစ်၊ ဇွန်လ(၂၈)ရက်နေ့တွင် ဒုတိယအကြိမ်(၆)လ သက်တမ်း တိုးမြှင့် လုပ်ဆောင်ခဲ့သည်။
တပ်မတော်အနေဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်စစ်သည်များ တမ်မတော်အတွင်း၌ လုံးဝမကျန် ရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တပ်မတော်အနေဖြင့် အရွယ်မရောက်သေးသူ ကလေးသူ ငယ်များအား လုံးဝစုဆောင်းခြင်းမပြုရန်နှင့် အကြောင်းအမျိုးမျိုးဖြင့် မှားယွင်းစုဆောင်းခဲ့သူများ ရှိပါကလည်း အမြန်ဆုံးထွက်ခွင့်ပြုရန် စိစစ်ဆောင်ရွက်လျက်ရှိသည့်အပြင် တာဝန်ရှိသူများကိုလည်း စစ်စည်းကမ်းနှင့် အညီအရေး ယူဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ်အကုန်အထိ တာဝန်ရှိသူ အရာရှိ (၅၀)ဦးနှင့် စစ်သည် (၂၇၇)ဦး စုစုပေါင်း (၃၂၇)ဦးအား စစ်စည်းကမ်းနှင့်အညီ အရေးယူခဲ့ပြီးဖြစ်သည်။

No comments:

Post a Comment