Thursday, January 29, 2015

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး န၀မနေ့ ကျင်းပ




နေပြည်တော် ဇန်န၀ါရီ   ၂၉

ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး န၀မနေ့ ကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း (၃) ခုမေးမြန်းဖြေကြား ခြင်းနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။


ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၁) မှ ဦးအောင်ချိုဦး ၏ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိဆေးရုံကြီးများတွင် ဆေးရုံတက်လူနာများအသုံးပြုနေသည့် အောက်ဆီဂျင် အိုးများ လုံလောက်စွာ ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့်   က ဘဏ္ဍာရေးဝန်ကြီးဌာနမှ ငွေလုံးငွေ ရင်းအသုံးစရိတ်အဖြစ် ခွင့်ပြုချက်ရရှိပြီးပါက ပြည်သူ့ဆေးရုံကြီးများတွင် Oxygen plant ထားရှိမည့် အဆောက်အဦများ အမြန်ဆုံးဆောက်လုပ်၍ Oxygen plant  စက်များ တပ်ဆင်အသုံးပြုသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း နှင့် စပ်လျဉ်း၍  ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆) မှ ဦးခင်မောင်လတ်က လူဦးရေ တိုးပွားနှုန်းသည် လူဦးရေပေါ်လစီ နှင့် ကိုက်ညီရပါကြောင်း၊ မိမိတို့နိုင်ငံ၏ အခြေအနေ နှင့် ကိုက်ညီသည့် ပေါ်လစီများ ချမှတ်ရန်လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် လူဦးရေ ပေါက်ကွဲသည့် နိုင်ငံကြီးများအကြားတည်ရှိနေသည့်အတွက် လူဦးရေတိုးပွားနှုန်း ထိန်းညှိ ခြင်းအစား လူဦးရေတိုးပွားနှုန်း ထိန်းချုပ်ခြင်း အဆင့်ထိ ဥပဒေပြဌာန်းရန် လိုအပ်ပါကြောင်း ဖြင့် ဆွေးနွေးသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာဗညားအောင်မိုးက လူဦးရေတိုးပွား နှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်း ပုဒ်မ-၂၊ ပုဒ်မ-၃၊ ပုဒ်မ ၆၊ ပုဒ်မ - ၁၂ (င)တို့အား ပြင်ဆင် ဖြည့်စွက်လိုပါကြောင်းဖြင့် ဆွေးနွေးသည်။
ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဇုန်လှယ်ထန်းက လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအားလောလောဆယ် ပြဌာန်း ရန်မသင့်တော်သေးကြောင်း အကြံပြုဆွေးနွေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါက်တာမြင့်နိုင်က လူဦးရေတိုး ပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေအား လုံလောက်သောအ ချိန်ရယူပြီး အဘက်ဘက်မှ သေချာစွာ လေ့လာသုံးသပ်ပြီးမှသာ ပြဌာန်းသင့်/ မပြဌာန်းသင့် ကို ဆုံးဖြတ်သင့်ပါကြောင်း ဆွေးနွေးသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲဝင့်စိုး က လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေအရ ဆောင်ရွက်မည့် ကျန်းမာရေး စောင့်ရှောက်ပေးသူများနှင့် ၄င်းတို့၏ လုပ်ငန်းစဉ်များအား တားဆီးခြင်း၊ နှောက်ယှက် ခြင်း၊ လိုက်ပါ ပူးပေါင်းဆောင်ရွက်လိုခြင်း မရှိသူများ ပေါ်ပေါက်လာပါက စည်းနှောင်မည့် ပုဒ်မများ မပါရှိကြောင်း တွေ့ရှိရသည့်အတွက် ပြစ်မှု၊ ပြစ်ဒဏ် သတ်မှတ်ချက်များ လိုအပ် ပါက ထည့်သွင်းရန် သင့်/မသင့် စဉ်းစားသင့်ပါကြောင်းဖြင့် ဆွေးနွေးသည်။


ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးဂျေယောဝူ က  လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းအား ကန့်ကွက်ဆွေးနွေးပြီး  ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါ်ခင်ဝိုင်းကြည် က ထောက်ခံဆွေးနွေး  ကြရာ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော ဥပဒေကြမ်း ကော်မတီတွင် ပြန်လည် ကြားနာ ဆောင်ရွက် ရန်ဆုံးဖြတ်ခဲ့သည်။

No comments:

Post a Comment