Thursday, January 29, 2015

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး န၀မနေ့ကျင်းပ




နေပြည်တော်  ဇန်နဝါရီ ၂၉

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး န၀မနေ့ကို ယနေ့ နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


ယနေ့အစည်းအဝေးတွင် ရေးမဲဆန္ဒနယ်မှ ဒေါ်မိမြင့်သန်း၏ “မြို့နယ်များတွင် ဖွဲ့စည်းပုံ အရလိုအပ်နေသော ဥပဒေဝန်ထမ်းများအား တရားရေးမဏ္ဍိုင်ကို ဖြောင့်မတ်မှန်ကန်စွာ ထိန်း ကျောင်းနိုင်ရန်အတွက် အပြည့်အဝခန့်ထားပေးရန်အစီအစဉ် ရှိ^မရှိ သိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး က ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ဥပဒေ အရာရှိအဆင့်-၄ များကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်များတွင် ဥပဒေအရာရှိအဆင့်၎ ဦးရေ (၁၀၀)စီခန့်ထားဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်များတွင် ဥပဒေအရာရှိအဆင့်-၄ ဦးရေ (၁၅၀)စီခန့်ထားဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးနှစ်ငါးနှစ်အတွင်း ဥပဒေ အရာရှိအဆင့်-၄ ဦးရေ (၆၀၀) ခန့်ထားပြီးဖြစ်ပါကြောင်း။

ထိုသို့ဥပဒေအရာရှိများ ဖြည့်တင်းခန့်ထားခဲ့သော်လည်း ဒု-မြို့နယ်ဥပဒေအရာရှိ ဖွဲ့စည်းပုံ ခွင့်ပြုအင်အားတွင် ၂၂၉ဦး လျော့နည်းနေဆဲ ဖြစ်ပါကြောင်း၊ ရေးမြို့နယ်ဥပဒေရုံးတွင် မြို့နယ် ဥပဒေအရာရှိ တစ်ဦးတည်းသာ ခန့်ထားနိုင်ခဲ့ ပါကြောင်း၊ ရေးမြို့နယ်တွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၀ရက်အထိ လက်ကျန်အမှု (၂၇)မှုရှိသဖြင့် မြို့နယ်ဥပဒေအရာရှိ တစ်ဦးအနေဖြင့် အမှုလိုက်ပါ ဆောင်ရွက်ခြင်း လုပ်ငန်းများကို စီမံဆောင်ရွက်နိုင်သည့် အခြေအနေတွင်ရှိပါကြောင်း၊ သို့ရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ခန့်ထားခဲ့သည့် ဥပဒေ အရာရှိ အဆင့်-၄ ဦးရေ (၁၅၀)သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၂ရက်က ဗဟိုဝန်ထမ်းတက္ကသိုလ်မှ သင်တန်းဆင်းလာသဖြင့် ဥပဒေအရာရှိ အဆင့်-၄များကို လစ်လပ်လျက်ရှိသည့် နေရာများတွင် ဖြည့်တင်းခန့်ထားခဲ့ရာ ရေးမြို့နယ်ဥပဒေရုံးတွင်လည်း ၂၀၁၄ခုနှစ် ဒီဇင်ဘာ ၁၅ရက်က ဒုတိယ မြို့နယ်ဥပဒေအရာရှိ တစ်ဦးခန့်ထားဆောင်ရွက်ပြီးဖြစ်ပါကြောင်း။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ခန့်ထားသည့် ဥပဒေအရာရှိအဆင့်-၄ ဦးရေ (၁၅၀) သည် ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် သင်တန်း တက်ရောက်လျက်ရှိသောကြောင့် သင်တန်းပြီးဆုံးချိန်တွင် လစ်လပ်လျက်ရှိသည့် ဥပဒေအရာရှိအဆင့်-၄ ရာထူးများကို ဖြည့်စွက်ခန့် ထားဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။

တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်း၏ “၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံ ပိုင် ပြုလုပ်ရေး ဥပဒေအရ လယ်ယာမြေများကို လယ်သမားများလက်သို့ ပြန်လည်လွှဲအပ်ရန်နှင့် လ/န (၃၉)ခွင့်ပြုမိန့် မကျသေးသော နစ်နာသူလယ်သမားများအတွက် မည်သို့ဆောင်ရွက်ပေး မည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် က ၁၉၅၃ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ အာဏာတည်ဆဲ အချိန်ကာလက လယ်ယာမြေကို မြို့သစ်စီမံကိန်းမြေအဖြစ် ပြောင်းလဲသတ်မှတ်ရန် နိုင်ငံတော် အစိုးရ၏ ခွင့်ပြုလမ်းညွှန်ချက်အရ ဆောင်ရွက်ခဲ့ခြင်းသည် အခွင့်အမိန့်အရ ဆောင်ရွက်ခြင်းသာ ဖြစ်ပါကြောင်း၊ ထိုအချိန်ကာလက မူလလက်ငုတ် လယ်သမားများသည် လယ်ယာမြေစိုက်ပျိုးလုပ် ကိုင်ခွင့်ကိုသာ ရရှိခဲ့ကြခြင်းဖြစ်ပြီး လယ်ယာမြေပိုင်ဆိုင်ခွင့်မရှိခြင်း၊ ရန်ကုန်မြို့၏ တိုးပွားလာသည့် လူဦးရေ၊ ပြောင်းလဲလာမည့် လူနေမှုစနစ်တို့အပေါ် ရည်ရွယ်လျက် အနာဂတ်မြို့ပြ ဏူညေ အား ရေးဆွဲထားခြင်းဖြစ်ပါသဖြင့် ပြန်လည်လွှဲအပ်ရန် အစီအစဉ်မရှိပါကြောင်း။

လ/န (၃၉)ခွင့်ပြုမိန့် မကျသေးသေမြေပေါ်တွင် အဆောက်အဦများ ဆောက်လုပ်ပြီးစီး ပါက နစ်နာသူ လက်ငုတ်လယ်သမားများကို စီမံကိန်းဆောင်ရွက်ထားရှိသည့် အခြေအနေပေါ်မူ တည်ပြီး ထိုက်သင့်မျှတသော အကျိုးခံစားခွင့်တစ်ရပ်ရရှိအောင် ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိပါ ကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။

လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးစောသိန်းအောင်၏ “ယနေ့လက်ရှိ အခြေအနေတွင် ဒေသန္တရ ရပ်ကွက်၊ ကျေးလက်များ၌ တစ်နေ့တစ်ခြား ပိုမိုဆိုးဝါးလာသည့် မူးယစ်ဆေးဝါးသုံးစွဲမှုကို အပြီးသတ် တားဆီးနိုင်ရေး အတွက် တာဝန်ရှိ ပြည်ထောင်စု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖွဲ့ကို ကူညီပံ့ပိုးပေးနိုင်မည့် ဒေသန္တရရပ်ကွက်၊ ကျေးလက် မူးယစ်ဆေးဝါးသုံးစွဲမှု ကာကွယ်တား ဆီးရေးအဖွဲ့ကို နိုင်ငံတော်မှ ဦးဆောင် ဖွဲ့စည်းပေး၍ တာဝန်ပေးသင့်ကြောင်း ပြည်ထောင်စုအစိုးရ သို့ တိုက်တွန်းကြောင်း” အဆိုကိုတင်သွင်းရာ ဖားအံမဲဆန္ဒနယ်မှ ဒေါ်နန်းစေဟွာ ထောက်ခံဆွေး နွေးသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို ပြည်သူတစ်ဦးတစ် ယောက်ချင်းအနေဖြင့် ပါဝင် ဆောင်ရွက်နိုင်ရန် ၁၉၉၅ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေ ၂၀ အရ “မည်သူမဆို အများပြည်သူတို့ ဝင်ထွက်သွား လာနိုင်သည့်နေရာတွင် မိမိ၏ ရှေ့မှောက်၌ မြစ်မှုကျူးလွန်နေသည်ကို တွေ့ရှိသည့်အခါ ရှာဖွေအမိန့်မပါဘဲ ထိုပြစ်မှုကျူး လွန်သူအား ဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်းသိမ်းဆည်း ခြင်းပြုနိုင်သည်။ ထိုသို့ဖမ်းဆီးပြီးနောက် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် တစ်ဦးဦးထံသို့ စနစ်တကျလွှဲအပ်ရမည်။ ရဲတပ်ဖွဲ့ဝင်မရှိလျင် ထိုသူအား သက်သေခံပစ္စည်း များနှင့်တကွ အနီးဆုံး ရဲတပ်ဖွဲ့ စခန်းသို့ စနစ်တကျချက်ချင်းလွှဲအပ်ရမည်” ဟုပြဌာန်းထားရှိပြီး ဖြစ်ပါကြောင်း။

သို့ဖြစ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ပါဝင်ဆောင်ရွက်နိုင်ရန် ဥပဒေပြဌာန်းထားပြီးဖြစ်ခြင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီအဖွဲ့ဝင် များကို ပေါင်းစပ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ပြီးဖြစ်ခြင်းနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု များတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီး ဖြစ်သောကြောင့် ဒေသန္တရရပ်ကွက်၊ ကျေးရွာ မူးယစ်ဆေးဝါး ကာကွယ် တားဆီးရေး အဖွဲ့များကို ဖွဲ့စည်း တာဝန်ပေးအပ်ရန် မလိုအပ်ပါကြောင်း ဖြင့် ရှင်းလင်းဖြေကြားသည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ စက်ခလုပ်နှိပ်၍ ဆန္ဒမဲပေးသည့်စနစ်ကို အသုံးပြုပြီး အဆုံး အဖြတ်ရယူဆောင်ရွက်ရာ ထောက်ခံဆန္ဒမဲများသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။

ဝက်လက် မဲဆန္ဒနယ်မှ သူရဦးအေးမြင့်က “နိုင်ငံနှင့်အဝှမ်းတွင် လူငယ်ထုအတွင်း ကျယ်ပြန့်စွာ အသုံးပြုလာနေသော မူးယစ်ထုံထိုင်းဘေး ဖြစ်စေတတ်သည့် ဆေးဝါးများကြောင့် ဖြစ်ပွားလာနိုင်သည့် အန္တရာယ်မှ ကာကွယ်နိုင်ရန်နှင့် မူးယစ်ဆေးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကား မှုများကို နှိမ်နင်းနိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တရားစီရင်ရေး အဖွဲ့အစည်းများ၊ မီးသတ်၊ ကြက်ခြေနီနှင့် လူမှုရေးအ သင်းအဖွဲ့များ ပူးပေါင်းပါဝင် သည့် လူထုလှုပ်ရှားမှု အသွင်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် အချိန်ကာလသတ်မှတ်ပြီး အထူးစီမံချက်ချမှတ်ကာ စီမံဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း” အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေး ကြသည်။

ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့် ၂၀၁၄-၂၀၁၅ မှ ၂၀၁၈-၂၀၁၉ အထိ မူးယစ်ဆေးဝါးပပျောက်ရေး စတုတ္ထ(၅)နှစ်စီမံကိန်းတွင် ထုတ်လုပ်မှုပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေး၊ တားဆီးနှိမ်နင်းရေး၊ ပြည်သူလူထုနှင့် အခြား အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး စသည့် လုပ်ငန်းစဉ် (၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် လုပ်ငန်းအဖွဲ့များမှ အသေးစိတ်စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် တားဆီးနှိမ်နင်းရေးစီမံချက် များဖြင့် ဒေသအလိုက် အထူးစစ်ဆင်ရေးများဆောင်ရွက်ခြင်းနှင့် မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် ရှေ့လုပ်ငန်းစဉ် (၇)ရပ် ချမှတ်ဆောင်ရွက် လျက်ရှိသဖြင့် ယင်းအဆိုအား မှတ်တမ်းတင်သင့်ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ စက်ခလုပ်နှိပ်၍ ဆန္ဒမဲပေးသည့်စနစ်ကို အသုံးပြုပြီး အဆုံး အဖြတ်ရယူဆောင်ရွက်ရာ ထောက်ခံဆန္ဒမဲများသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။ 

No comments:

Post a Comment