နေပြည်တော်
ဇန်နဝါရီ ၁၉
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက်
ပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌
ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယက က
နှုတ်ခွန်းဆက် စကား ပြောကြားရာ၌ ယခု အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပြည်ထောင်စု
လွှတ်တော်တို့ ပူးပေါင်းပြီး နိုင်ငံတော် အတွက် နှစ်စဉ်မဖြစ်မနေ ဆောင်ရွက် ပေးရမည့်
အမျိုးသားစီမံကိန်း ဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်
ပြည်ထောင်စု၏ အခွန်အကောက် ဆိုင်ရာ ဥပဒေကြမ်းတို့ကို စိစစ် အတည်ပြုနိုင်ရေး ဆောင်ရွက်
ပေးကြရမည် ဖြစ်ပါကြောင်း။
ပြည်ထောင်စု အစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသည့်
ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု လွှတ်တော် အနေဖြင့်လည်း လက်ရှိ လွှတ်တော်
သက်တမ်း အတွင်း နောက်ဆုံး စိစစ် ဆောင်ရွက် ပေးနိုင်မည့် အခွင့်အရေး ဖြစ်သည့်အတွက်
(၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွား
အတွက် သော်လည်းကောင်း၊ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် သက်တမ်း အတွက် သော်လည်းကောင်း
အရေးကြီးသည့် အစည်းအဝေး ဖြစ်ပါကြောင်း။
ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ
ကိစ္စရပ်များကိုလည်း ဆက်လက် ဆောင်ရွက်ရန် ရှိသည့်အတွက် ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စု
အစိုးရအဖွဲ့၏ ပထမသက်တမ်း ကာလ လုပ်ဆောင်ချက်များ အတွက် အဆုံးအဖြတ် ပေးမည့် ၂၀၁၅ ခုနှစ်၏
အဓိကကျသည့် ဦးဆောင် အစည်းအဝေး ဖြစ်သည်ဟုလည်း သတ်မှတ်နိုင်ပါကြောင်း။
နိုင်ငံတော်၏ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြင်ဆင်ရေးအပါအဝင် လွှတ်တော် အသီးသီးတွင် ကျန်ရှိနေသည့် ဆောင်ရွက်ဆဲ ဥပဒေကြမ်းများထဲက
ဦးစားပေး ပြဋ္ဌာန်းသင့်သည့် ဥပဒေကြမ်းများ ဆွေးနွေး အတည်ပြုနိုင်ရေးနှင့် အစည်းအဝေး
ကာလအတွင်း ပေါ်ပေါက်လာသည့် အခြားသော အရေးကြီးသည့် လွှတ်တော် ဆိုင်ရာ လုပ်ငန်းများကိုလည်း
ဆက်လက် ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွက် တိုင်းဒေသကြီး၊
ပြည်နယ်များမှ တစ်ဆင့် ထောက်ပံ့ငွေ အဖြစ် ဆောင်ရွက် ပေးထားသည့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ
ဖွံ့ဖြိုးရေး ရန်ပုံငွေများကို သက်ဆိုင်ရာ မြို့နယ်များအလိုက် ခွဲဝေသုံးစွဲကြသည့် နေရာတွင်
ပြည်ထောင်စု လွှတ်တော်က အတည်ပြု ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ၊ ပြည်ထောင်စု
အစိုးရအဖွဲ့က ထုတ်ပြန်ထားသည့် ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ
သုံးစွဲရာ၌ လိုက်နာရမည့် ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျနှင့် မှန်ကန်စွာ
သုံးစွဲကြရန်၊ လုပ်ငန်းများကို သတ်မှတ်ကာလ အတွင်း ပြီးစီး အောင်မြင်အောင် ဆောင်ရွက်ကြရန်
တိုက်တွန်း မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု
မှတ်ယူရမည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်)ကို
ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုနိုင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို လွှတ်တော်က
မှတ်တမ်းတင်ခဲ့သည်။
ဆက်လက်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ၂၀၁၅-၂၀၁၆ခုနှစ်
ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းကို လည်းကောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝင်းရှိန်က ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို လည်းကောင်း လွှတ်တော်သို့
တင်သွင်းခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့်
ပြန်လည်ပေးပို့ လာသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ်
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ
ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာ
တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို ကော်မတီဝင် ဦးခင်မောင်ရီ က ဖတ်ကြားခဲ့သည်။

No comments:
Post a Comment