နေပြည်တော်
ဇန်န၀ါရီ (၁၉)
ပြည်ထောင်စု လွှတ်တော် နာယက
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကိုရီးယား သမ္မတနိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ
ဒေါက်တာ ချွန်ယွီဟွာ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ (၁၂)နာရီ
(၁၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် ဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စု
လွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ
ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ကော်မတီ အတွင်းရေးမှူးများ၊ ကော်မရှင် အဖွဲ့ဝင်များ၊
ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့ လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး
ဧည့်သည်တော် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့်
အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဘတ်ဆွန်းလည်း
တက်ရောက်သည်။
တွေ့ဆုံစဉ်
ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကိုရီးယား
သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မိတ်ဟောင်း ဆွေဟောင်းများ ဖြစ်ကြပါကြောင်း၊
ယခုနှစ်ပိုင်းတွင် မြန်မာ- ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှု ပိုမို တိုးတက် လာသည်ကို
တွေ့ရှိရပါကြောင်း၊ ရှိရင်းစွဲ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက် မြင့်မားလာမည်ဟု
ယုံကြည်ပါကြောင်းဖြင့် ပဏာမ ပြောကြားပြီး မြန်မာနိုင်ငံသည် ပါတီစုံ ဒီမိုကရေစီနှင့်
ဈေးကွက်စီးပွား စနစ်ကို ကျင့်သုံးပြီး ပြုပြင် ပြောင်းလဲမှု လုပ်ဆောင်နေသည့် နိုင်ငံ ဖြစ်ပါကြောင်း၊ နိုင်ငံရေး
ပြုပြင် ပြောင်းလဲမှု ထိုက်သင့် သလောက် အောင်မြင်မှု ရှိသော်လည်း စီးပွားရေးနှင့် လူမှုရေး
အပိုင်းတွင် မျှော်မှန်း သလောက် ဖြစ်မလာသေးပါကြောင်း။
ဒီမိုကရေစီ
ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်သည် လွယ်ကူသည့် လုပ်ငန်း မဟုတ်ပါကြောင်း၊ မည်သို့ပင်
အခက်ခဲ ကြုံတွေ့သည် ဖြစ်စေ အောင်မြင်အောင် ဆောင်ရွက်မည်ဟု ရည်မှန်းချက် ထားရှိပါကြောင်း၊
ကိုရီးယားနိုင်ငံသည် ပါတီစုံ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ရဲရဲဝံ့ဝံ့
ပြောင်းလဲနိုင်ခဲ့၍ စီးပွားရေး၊ နည်းပညာနှင့်
ယဉ်ကျေးမှု ကဏ္ဍများတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်လာခဲ့ပါကြောင်း။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်
လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သကဲ့သို့ လူသား အရင်းအမြစ်များကို အသုံးချနိုင်ရန်လည်း
အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံသည် သဘာဝ အရင်းအမြစ် ပေါကြွယ်ဝသော်လည်း လူသား အရင်းအမြစ်
ဖွံ့ဖြိုးမှု နောက်ကျခဲ့ပါကြောင်း၊ ယနေ့ အချိန်တွင် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံ
ဖြစ်ပေါ်လာပြီး နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်ရန် ဆိုလျင် နိုင်ငံသားများ၏ လူသား
အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ ယခုအခါ အဆိုပါ
လမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်ရာ ရှေ့သို့ဆက်လက် ချီတက်ရန် လိုအပ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မိတ်ဆွေများ၏ အကြံဥာဏ်များနှင့်
အားပေးမှု လိုအပ်ပါကြောင်း၊ ကိုရီးယား- မြန်မာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရန် အတွက်
ကိုရီးယားနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီး မြုပ်နှံစေလိုပါကြောင်း၊
ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက် စေလိုပါကြောင်း၊ ကုန်သွယ်မှုများလည်း
မြှင့်တင်ဆောင်ရွက် စေလိုပါကြောင်း၊ ကိုရီးယားနိုင်ငံမှ နည်းပညာများကို မြန်မာနိုင်ငံသို့
မျှဝေပေးစေ လိုပါကြောင်း၊ ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံ၌ လုပ်ငန်းများ လာရောက် ဆောင်ရွက်ရာတွင်
မိမိတို့ လွှတ်တော် အပိုင်းက ကူညီရမည့် ကိစ္စရပ်များရှိပါက ပွင့်ပွင့် လင်းလင်း ပြောကြားရန်နှင့်
မိမိတို့ကြိုးစား ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဖြင့်ပြောကြားသည်။
ဧည့်သည်တော် ကိုရီးယား သမ္မတနိုင်ငံ
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ပြန်လည် ဆွေးနွေး ပြောကြားရာတွင် မိမိတို့ ကိုယ်စားလှယ်အဖွဲ့အား
လှိုက်လှိုက် လှဲလှဲ ကြိုဆိုသည့် အတွက် ကျေးဇူးတင် ရှိပါကြောင်း၊ မိမိတို့လွှတ်တော် အချင်းချင်း
ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက် လာသည်ဟု ယုံကြည်ပါကြောင်း၊ လွှတ်တော် နှစ်ရပ် အကြားသဘောတူ လက်မှတ် ရေးထိုးခဲ့သည့်
လုပ်ငန်းများ စဉ်ဆက်မပြတ်လှုပ်ရှား ဆောင်ရွက်နေသည့် အတွက် ၀မ်းမြောက် ပါကြောင်းဖြင့်
ပဏာမ ပြောကြားပြီး မြန်မာနိုင်ငံသည် အာရှတိုက်၏ ကြယ်တစ်ပွင့်ဟု ပြောဆိုခြင်း အပေါ် မိမိ
မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီးနောက် နားလည် ခံစားမိပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည်
သမိုင်းကြောင်းနှင့် ဘာသာရေးဆိုင်ရာ တူညီချက်များ ရှိပါကြောင်း၊ ကိုရီးယား နိုင်ငံတွင်
ဗုဒ္ဓဘာသာ ကိုးကွယ်သူ ၄၀ ရာခိုင်နှုန်းခန့် ရှိပါကြောင်း၊ ကိုရီးယားနိုင်ငံတွင် စစ်ပွဲများ
ဖြစ်ပွားပြီးနောက် ဒုက္ခများ ကြုံတွေ့ခဲ့ရပါကြောင်း၊ အခြားနိုင်ငံများက အကူညီပေးခဲ့ကြ၍
ယခုကဲ့သို့ ဖွံ့ဖြိုး တိုးတက်လာပြီး အကူအညီများ ပြန်လည် ပေးနိုင်ခြင်း ဖြစ်ပါကြောင်း။
မိမိတို့ ကိုရီးယားနိုင်ငံ
ဖွံ့ဖြိုး တိုးတက် လာသည်မှာ အဓိကအချက် သုံးချက် ရှိပါကြောင်း၊ အရေးကြီးဆုံး အချက်မှာ
မိဘများက မိမိတို့ သားသမီးများကို ပညာ သင်ကြားရေးတွင် အားပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊
ဒုတိယအချက် အနေဖြင့် ပြည်သူများသည် မိမိတို့ လုပ်နိုင်သည်ဟု ယုံကြည်ပြီး တိုက်တွန်းရန်
မလိုဘဲ ဆန္ဒအလျောက် လုပ်ဆောင် ခဲ့ကြပါကြောင်း၊ တတိယ အချက်မှာ နိုင်ငံ့ခေါင်းဆောင်၏ ကြိုးစားမှုနှင့်
ဦးဆောင်မှုကြောင့် ဖြစ်ပါကြောင်း၊ ယင်းအချက် သုံးချက်မှာ မြန်မာနိုင်ငံတွင်လည်း ရှိပြီး
ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာ ပြည်သူများ၏ ကြိုးစား အားထုတ်မှုဖြင့် မကြာမီ ကာလတွင်
ပိုမိုဖွံ့ဖြိုး တိုးတက် လာမည် ဖြစ်ပါကြောင်း။
ယခုနှစ် ကုန်ပိုင်းတွင်
မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပမည်ဟု သိရှိရပါကြောင်း၊ အဆိုပါ ရွေးကောက်ပွဲ ပြီးစီးပါက
ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ပြီး မျှော်မှန်းချက်များ
အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ ကိုရီးယားနိုင်ငံ ဒုက္ခရောက်စဉ်က မြန်မာနိုင်ငံ၏
အကူအညီ ပေးခဲ့ခြင်းကို ကျေးဇူးတင်ရှိပြီး ကိုရီးယား
ပြည်သူများ ကလည်း မြန်မာနိုင်ငံ၏ ကူညီပေးခဲ့မှုများကို အမှတ်ရ နေပါကြောင်း၊ ပြန်လည်
ကူညီနိုင်မည့် ကိစ္စရပ်များရှိပါက ကူညီ ပေးသွားမည် ဖြစ်ပြီး သိပ္ပံ နည်းပညာနှင့် လယ်ယာ
စိုက်ပျိုးရေး ကဏ္ဍများ တွင် ကူညီပေးသွားရန် ရှိပါကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ကိုရီးယား
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌသည် ဧည့်သည်တော် မှတ်တမ်း စာအုပ်၌ လက်မှတ် ရေးထိုးသည်။
ထို့နောက် ပြည်ထောင်စု လွှတ်တော်
နာယကသည် ကိုရီးယား သမ္မတနိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား
ဂုဏ်ပြု နေ့လယ်စာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
အဆိုပါ ဂုဏ်ပြု နေ့လယ်စာ
စားပွဲသို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊
အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ
ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ကော်မရှင် အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

No comments:
Post a Comment