သထုံမြို့နယ်၊
ဝင်းပကျေးရွာအုပ်စု အတွင်းရှိ ၀င်းပရွာကြီးနှင့် ရွာသစ်တို့ကို ဆက်သွယ်ပေးမည့် ရွာတွင်း
လမ်းကလေးအား ချဲ့ထွင်ကာ ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင် ခင်းကျင်းလျက်ရှိရာ ၉၀ ရာခိုင်နှုန်းခန့်
ပြီးစီးနေပြီဖြစ်ပြီး ယင်းလမ်း ပြီးစီးပါက
ဒေသတွင်းမှ ထွက်သည့် စိုက်ပျိုးရေး ထွက်ကုန်များကို
လမ်း အသုံးပြုကာ ဈေးနှုန်း မှန်ကန်စွာဖြင့် မြို့သို့ သယ်ယူရောင်းချ နိုင်တော့မည်
ဖြစ်သောကြောင့် ဒေသခံများ ၀မ်းမြောက်လျက် ရှိကြောင်းသိရသည်။
“ငွေအင်အားက
မလုံလောက်တော့ ဆရာတော်က ဦးဆောင်ပြီး စုပေါင်းလုပ်အားပေးလာတာ ခုဆို တစ်လခွဲ ကျော်ပြီ၊
ငွေကုန်သက်သာအောင် ကျောက်တွေသဲတွေကို ချောင်းတွေထဲက လိုက်စုဆောင်းပြီး လုပ်ရတာ အားလုံးကောင်းဖို့
အတွက် ခုလို စုပေါင်းလုပ်ရတာ ပျော်ဖို့လည်း ကောင်းပါတယ်” ဟု လမ်းခင်းရာတွင် ပါဝင် လုပ်အားပေးသူ
ဦးသိန်းသန်း က ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြောသည်။
အဆိုပါလမ်းကို
နိုင်ငံတော်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် ဒေသဖွံ့ဖြိုးရေး အတွက် ခွင့်ပြုငွေ ကျပ်သိန်း
၁၂၀ ဖြင့် ဒေသခံရွာသားများ က စုပေါင်း လုပ်အားပေးကာ အကျယ်၁၂ ပေ၊ အရှည် ၁၅၀၀ ပေ တည်ဆောက်
ခြင်းဖြစ်ပြီး လမ်းတစ်လျောက် တွင် ပေ ၅၀ ခန့်ရှိ ချောင်းကူးတံတား ၂ ခုကို ထည့်သွင်း
တည်ဆောက်ရမည် ဖြစ်သည်။ “ဒူးရင်း၊ မင်းဂွတ်၊ နာနတ် စတဲ့ ရွာကခြံထွက် သီးနှံတွေကို ဒိုင်တွေက
လာဝယ်ရင် သယ်ယူရ ခက်တာကို အကြောင်းပြပြီး ဈေးနှိမ် ကြတယ်။ ကိုယ်တိုင်သွားရောင်းကြဖို့ကလည်း
ခက်ခဲတော့ ရွာသားတွေမှာ သူတို့ ပေးသလောက်နဲ့ ရောင်းလိုက်ကြရတာ။ လမ်းပြီးသွားရင်တော့
သွားရောင်းရ လွယ်သွားပြီး ရွာသားတွေ လည်း ပေါက်ဈေး အမှန်အတိုင်း ရကြတော့မှာပါ” ဟု
ဝင်းပကျောင်းတိုက် ဆရာတော် ဦးပညာက မိန့်ကြားသည်။



No comments:
Post a Comment