Wednesday, January 21, 2015

အားလုံးကို တူညီတဲ့စိတ်ဆန္ဒနဲ့ ပူးပေါင်းပြီးတော့မှ တိုင်းပြည်ကိုကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ သွားဖို့က အဓိကကျ


နေပြည်တော် ဇန်နဝါရီ ၂၀
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် CAN သတင်းဌာနအား လက်ခံတွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာများ မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားချက်များကို အောက်ပါအတိုင်း ဖော်ပြ အပ်ပါသည်-

CAN - တည်ငြိမ်ရေးနဲ့ပတ်သက်ပြီးတော့ မကြာခဏ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက တည်ငြိမ် အေးချမ်းဖို့ အတွက် ဖေဖော်ဝါရီလမှာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးသွားမယ်လို့ ကြားရပါတယ်။ အဲဒါ ဖြစ်နိုင်ခြေရှိပါသလား။
ဗိုလ်ချုပ်မှူးကြီး - ဒါကလည်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ အပေါ်မှာလည်း တည်လိမ့်မယ်။ သူတို့ တကယ်ငြိမ်းချမ်းရေး လိုချင်သလား။ သူတို့ တကယ်ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင်တော့ ငြိမ်းချမ်းရေး မရစရာအကြောင်းမရှိဘူး။ ကျွန်တော်တို့သွားနေတာ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းသွားနေတာ။ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းဟာ တရားဥပဒေနဲ့အညီ အေးအေးချမ်းချမ်းသွားရမယ့် ကိစ္စဖြစ်တယ်။ ဒါကလည်း ပြည်သူက ရွေးချယ်တဲ့ လမ်းကြောင်းဖြစ်တယ်။
ဒါကြောင့် ကျွန်တော်တို့ကလည်း သူတို့ကိုနေရာပေးပြီးတော့ ဒီလမ်းကြောင်းပေါ်ရောက်အောင်ခေါ်နေတယ်။ ကျွန်တော်တို့အနေနဲ့လည်း လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဩဂုတ်လထဲမှာ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ် ရေးထိုးနိုင်ဖို့ ကြိုးစားခဲ့တယ်။
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မရခဲ့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တချို့နေရာတွေမှာ မဖြစ်နိုင်တဲ့ ပြောဆိုမှုတွေ၊ တောင်းဆိုမှုတွေရှိတဲ့ အတွက်ကြောင့် ဒါတွေပြန်ပြီးညှိနှိုင်းနေရတာ ရှိတယ်။ တကယ်လို့သာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ တကယ်သူတို့သွားချင်တဲ့ ဆန္ဒရှိတယ်၊ တိုင်းပြည်အပေါ်မှာလည်း စည်းစည်း လုံးလုံးနဲ့ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ချင်တဲ့ စိတ်ဆန္ဒရှိတယ်ဆိုရင် သူတို့ရွေးစရာ ဒီလမ်းကြောင်းဆိုတာ သူတို့သိပါတယ်။
ဒါကြောင့် ကျွန်တော့်အနေနဲ့က သူတို့တကယ်လို့သာ ဒီလမ်း ကြောင်းပေါ်မှာ လာမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အမြဲတမ်းအားလုံး ကြိုဆိုနေပါမယ်။ အဓိကကတော့ ဒီမိုကရေစီစနစ်အပေါ်မှာ သူတို့လက်ခံပြီးတော့မှ တကယ် ကို သူတို့စိတ်ဆန္ဒနဲ့ လုပ်ဆောင်ဖို့လိုပါတယ်၊ အခွင့်အရေးတစ်ရပ်အနေနဲ့ လုပ်ဆောင်မယ်ဆိုရင် တချို့ဟာ တွေမှာ ဥပဒေနဲ့မညီရင် ကျွန်တော်တို့ လုပ်လို့မရဘူး။ ဥပဒေနဲ့ပဲသွားရမှာဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ကတော့ တကယ်မျှော်လင့်ထားတယ်။ ကျွန်တော် အမျှော် လင့်ဆုံးက အဲဒါပဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လည်း ကိုယ့်တိုင်းပြည်နဲ့ ပတ်သက်လာရင် အကောင်းဘက်ကိုပဲ အများကြီး သွားချင်ပါတယ်၊ အငြင်းပွားနေလို့ မဖြစ်ပါဘူး။ အငြင်းပွားနေတာတိုင်းပြည်ရဲ့တိုးတက်မှုကို အများကြီး အနှောင့်အယှက်ပေးပါတယ်။
ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အားလုံးကို တူညီတဲ့စိတ်ဆန္ဒနဲ့ ပူးပေါင်းပြီး တော့မှ တိုင်းပြည်ကို ကောင်းအောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့ပဲ သွားဖို့က အဓိကကျပါတယ်။
CAN - လက်နက်ကိုင်တပ်ဖွဲ့တွေက တပ်မတော်က ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက်ကို အနှောင့် အယှက်သဘောမျိုးဖြစ်စေတဲ့ ပစ်ခတ်မှုမကြာခဏ ဖြစ်တာကလည်း သူတို့ ဆွေးနွေးရေးကို အများကြီး အနှောင့်အယှက်ပိုဖြစ်စေပါတယ်။ ရှေ့ဆက်ပြီး ခြေလှမ်းတစ်လှမ်းတိုးဖို့ နောက်ကိုသုံးလှမ်းပြန်ဆုတ် နေသလို ဖြစ်နေပါတယ်။
ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်က မူဝါဒ (၆) ချက် ပေးထား တယ်။ နံပါတ် (၁) အချက် အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်စိတ်ရှိရမယ်။ သဘောတူညီထားမှုအပေါ် အမြတ် မထုတ်ရဘူး။ ပြည်သူလူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့ နောက်ထုတ်ပြန်ထားတဲ့ တရားဥပဒေတွေကို လိုက်နာဖို့လိုတယ်။ ကျွန်တော်တို့ကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်ကို လက်ခံပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လျှောက်လှမ်းနေတဲ့ လမ်းကြောင်းပေါ်ကို လိုက်ပါဖို့ ပြောထားတာရှိပါတယ်။ ဒီသဘောတူထားတဲ့ ကတိကဝတ်တွေကို လိုက်နာဖို့ ဆိုတဲ့နေရာမှာ ဒါတွေ မျိုးစုံချိုးဖောက် လာတာတွေ့ရတယ်။ ပြန်ကြည့်မယ် ဆိုရင် ပစ်ခတ်မှုရှိတဲ့နေရာတွေရှိသလို ပစ်ခတ်မှုမရှိတဲ့ နေရာတွေရှိတယ်။ ပစ်ခတ်မှုမရှိတဲ့နေရာတွေက ဘာကြောင့်မဖြစ်လဲဆိုတော့ သူတို့သဘောတူညီချက် တွေပေါ်မှာ အလေးထားတဲ့ အတွက်ကြောင့် ပြဿနာ မရှိဘူး။ ပစ်ခတ်မှုရှိတဲ့နေရာတွေကျတော့ သဘောတူညီမှုတွေအပေါ်အလေးထားပြီး လိုက်နာမှုမရှိတဲ့အတွက် ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေဖြစ်တယ်။ ဥပမာအားဖြင့် တချို့နယ်မြေတွေမှာ ဝင်ပြီးတော့မှ ပြည်သူလူထုနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေးယူတဲ့ အဖွဲ့အစည်းတွေကို နှောင့်ယှက်တာတွေ လုပ်တာတွေရှိတယ်။ ဒါတွေကတော့ ကျွန်တော်တို့ ကာကွယ်ရမှာဖြစ်တယ်။ မကာကွယ်လို့မရဘူး။ အဲတော့ ပစ်ခတ်မှုတွေဖြစ်တဲ့ နေရာကို ကြည့်မယ်ဆိုရင် သူတို့ဌာနချုပ်တွေမှာ တစ်ခုမှမရှိဘူး။ ကျွန်တော်တို့ သူတို့ဌာနချုပ်မှာ ဘာတစ်ခုမှ သွားမလုပ်ဘူး။ အတွင်းထဲမှာ၊ ဆက်သွယ်ရေးလမ်းကြောင်းတွေပေါ်မှာ၊ ဒါမှမဟုတ် အုပ်ချုပ်မှု အလှမ်းဝေးတဲ့ နေရာမှာ ဖြစ်နေတာကို ခင်ဗျားသတိပြုမိလိမ့်မယ်။ ဒါကြောင့် သူတို့တစ်တွေနဲ့ ဒီဟာတွေပေါ်မှာ အလေးထား ဆောင်ရွက်မယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ တစ်လှမ်းမဟုတ်ဘူး၊ နှစ်လှမ်း မဟုတ်ဘူး၊ သုံးလှမ်းမဟုတ်ဘူး အများကြီးခုန်ကျော်ပြီး လှမ်းလို့ရတယ်။
CAN - သူတို့ပြောတာကတော့ သူတို့ဘက်က ဒီသဘောတူ ညီချက်ကို အလေးထားပါတယ်။ တပ်မတော် ဘက်ကသာ အလေးမထားတာပါ။ တပ်မတော်ဘက်ကသာ သူတို့ရဲ့ ပိုင်နက်ထဲကို ဝင်ရောက်လို့ ဖြစ်ရတာပါ တဲ့။
ဗိုလ်ချုပ်မှူးကြီး - ဒါသူတို့ပြောတာပဲ။ အဲတော့ ပစ်ခတ်မှုမဖြစ်တဲ့ နယ်မြေတွေ အများကြီးရှိတယ်။ အဲတော့သူတို့ ဘာမှအသံ မထွက်ပါဘူး။ ဘာမှမပြောဘူး။ သူတို့လည်း ငြိမ်းချမ်းရေး သွားဖို့အတွက် သူတို့အားသန်နေကြ တယ်။ တစ်နေ့ကမှ ကျွန်တော်နဲ့တွေ့ပါတယ်။ တွေ့တဲ့အချိန်မှာလည်း သူတို့တစ်တွေ အနေနဲ့ ငြိမ်းချမ်းရေး တကယ်လိုချင်တဲ့ အကြောင်းကိုပဲ သူတို့ပြောတယ်။ ကျွန်တော်ဆိုလို့ရှိရင်လည်း အကြိမ်ကြိမ်အခါခါပေါ့။ သူတို့ကိုလည်း တိုက်ရိုက်ပြောတာရှိတယ်။ တချို့နေရာတွေမှာ ကျွန်တော်က သူတို့သိအောင် ပြောတာလည်း ရှိတယ်။ တကယ့် ကျွန်တော်တို့ရဲ့ စိတ်အမှန်ကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ ကျွန်တော်တို့ လိုချင်တယ်။ ဒါ ကျွန်တော်တို့ရဲ့ စိတ်အမှန်ပဲ။
CAN - တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ရွေးကောက်ပွဲမတိုင်ခင်မှာ ထိုးနိုင်ဖို့ ဘယ်လိုမြင်ပါသလဲ။
ဗိုလ်ချုပ်မှူးကြီး - ကျွန်တော့်ဘက်ကတော့ ထိုးနိုင်မယ်လို့ မျှော်လင့်ထားတယ်။ သို့သော် သူတို့ဘက်က အခြေအနေပေါ်လည်း အများကြီးတည်လိမ့်မယ်။ သူတို့ဘက်က ကျွန်တော်တို့ဘက်နဲ့ ညှိနှိုင်းပြီးတော့မှ ရတဲ့အချက်တွေဟာ ခိုင်ခိုင်မာမာဖြစ်လာပြီဆိုရင် သူတို့လည်း ဒီလမ်းကြောင်းပေါ်မှာ ပါလာမှာပါ။
CAN - ဆက်မေးမှာတော့ ဒီလမ်းကြောင်းမတိုင်ခင်မှာ ပင်စင်ယူမှာလား။ ဒါမှမဟုတ် ဒီလိုအခြေအနေတွေ ပြီးအောင် ဆောင်ရွက်ပြီးမှ ယူမှာလား။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်တို့စစ်မှုထမ်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေအရ အသက် ၆၀ ပြည့်ရင် အငြိမ်းစားယူပါတယ်။ အဲဒီတော့ ကျွန်တော်အသက် ၆၀ မပြည့်ခင် ဒီကိစ္စတွေ ပြီးမယ် မပြီးဘူးဆိုတာတော့ အခြေအနေ အများကြီး အပေါ် မူတည်နေတယ်။ ကျွန်တော် ပင်စင်မယူခင် Ceasefire လက်မှတ်မထိုးရသေးလို့ ကျွန်တော်ပင်စင် မယူဘူးလို့ သွားလုပ်လို့မရဘူး။ ဥပဒေအတိုင်းပဲ သွားရမယ်။ ဥပဒေက ခွင့်ပြုတဲ့အတိုင်းပဲ သွားရမယ်။ ကျွန်တော် အသက် ၆၀ မပြည့်ခင် ဖြစ်ရင်လည်း ဖြစ်သွားမှာပေါ့။ အသက် ၆၀ ပြည့်သွားလို့ မဖြစ်ရင်လည်း တာဝန်ရှိတဲ့သူဆက်လုပ်လိမ့်မယ်။ ကျွန်တော်လည်း လုပ်နိုင်တဲ့ကဏ္ဍကနေ ဝိုင်းကူပေးမှာပေါ့။ ကျွန်တော့် အနေနဲ့ကတော့ ကျွန်တော်ရှိတဲ့ အချိန်မှာ ဖြစ်ချင်တာပေါ့။

No comments:

Post a Comment