Wednesday, January 21, 2015

ကျဆင်းနေသော ရေနံဈေးနှုန်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှု



၂ဝ၁၅ ဇန်နဝါရီ ၁၈ ရက်တွင် Brent ဘရန့်အမျိုးအစား ရေနံစိမ်း တစ်စည်၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၆၉ သို့ ကျဆင်းသွားသည်။ လွန်ခဲ့သည့် ငါးနှစ်အတွင်း အနိမ့်ဆုံးရေနံဈေးနှုန်း ဖြစ် သည်။ ၂ဝ၁၄ ဇွန်လတွင် Brent အမျိုးအစား ရေနံစိမ်းတစ်စည်၏ တန်ဖိုးသည် အမေရိကန် ၁၁၅ ဒေါ်လာရှိနေရာမှ ဇန်နဝါရီလတွင် ၄၇ ဒသမ ၆၉ ဒေါ်လာသို့ ကျဆင်းလာခြင်း ဖြစ်သည်။ ခုနစ်လအတွင်း ၆ဝ ရာခိုင်နှုန်းနီးပါး ဈေးကျသွားခဲ့သည်။ ဈေးကျသွားရသည့် အဓိက အကြောင်းအရင်းကတော့ ရေနံဝယ်လိုအားထက် ရေနံထုတ်လုပ်မှုက များနေခြင်းကြောင့် ဖြစ်သည်။ ယနေ့ကမ္ဘာပေါ်တွင် တစ်နေ့ရေနံစိမ်း စည် ၉၄ သန်းကျော် ထုတ်နေသော်လည်း သုံးစွဲမှုမှာ ၉၂ သန်းကျော် သာရှိသည်။ ၂ဝ၁ဝ ခုနှစ်မှစ၍ ရေနံဈေးသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁ဝဝ ကျော်တွင် တည်ရှိသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုမှာ ရေနံသုံးစွဲမှုကို မြင့်တက်စေခဲ့သည်။ ရေနံထုတ်လုပ်သော အီရတ်၊ လစ်ဗျားတို့တွင် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ရေနံထုတ်လုပ်မှု ကျဆင်းခဲ့သည်။ အားလုံး ခြုံလိုက်သောအခါ ရေနံလိုအပ်မှုကို လုံလောက် အောင် မထုတ်လုပ်နိုင်၍ ရေနံဈေး မြင့်တက်ခဲ့ရသည်။

ရေနံဈေးတက်ရသည့် အကြောင်းရင်း ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် အတွင်း ပြောင်းလဲခြင်းများ လျင်မြန်စွာ ဖြစ်ပေါ် လာခဲ့ပါသည်။ အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် သမားရိုးကျနည်း မဟုတ်သော ရေနံ (Unconventional Oil) များကို ထုတ်ယူ လာနိုင်ပါသည်။ ဥရောပ၊ အာရှနှင့် အမေရိကန်နိုင်ငံတို့တွင် စီးပွားရေး အကျပ်အတည်းနှင့် စွမ်းအင်ကို ထိထိရောက်ရောက် အသုံးပြုနိုင်သော မော်တော်ကားများ၊ လေယာဉ်ပျံများကြောင့် ရေနံသုံးစွဲမှုကလည်း ထင်သလောက် တိုးမလာခဲ့ပါ။ ယခင်က နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ရေနံထုတ်လုပ်မှု ကျဆင်းခဲ့သော အီရတ်က ရေနံ ပိုထုတ်လာနိုင်သလို ၂ဝ၁၄ ဇူလိုင်လတွင် လစ်ဗျားနိုင်ငံရှိ သူပုန်များကလည်း အရေးကြီးသည့် ရေနံတင်ပို့သည့် ဆိပ်ကမ်းနှစ်ခုကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သည်။ ကမ္ဘာပေါ်ရှိ ဓာတ်ဆီသုံးစွဲမှုကလည်း တိုးမလာဘဲ တန့်နေပါသည်။ အဓိက အကြောင်းရင်းမှာ ဆီစားသက်သာ သောကားများ အသုံးများလာ၍ ဖြစ်သည်။ အင်ဒိုနီးရှားနှင့် အီရန်နိုင်ငံ တို့တွင်လည်း ဓာတ်ဆီဈေးများကို အစိုးရက အရှုံးခံရောင်းချနေရာမှ အစိုးရစိုက်ထုတ်မှုကို ဖယ်ရှားလိုက်၍ ဓာတ်ဆီဈေးများ ကြီးမြင့်သွားသည်။ ဓာတ်ဆီဈေးကြီး၍ သုံးစွဲမှု လျော့ကျသွားသည်။ အားလုံး ပေါင်းလိုက်သောအခါ ကမ္ဘာပေါ်တွင် ရေနံသုံးစွဲမှုက နည်းပြီး ရေနံထုတ်လုပ်မှုက များလာသည်။
ရှေးယခင်က ရေနံဈေးကျလျှင် ရေနံထုတ်လုပ်သည့် နိုင်ငံများက ဈေးကိုထိန်းရန် ရေနံကို လျှော့ထုတ်ကြပါသည်။ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က OPEC (Organization of the Petroleum Exporting Countries)'' ရေနံထုတ်လုပ် ရောင်းချသော နိုင်ငံများအဖွဲ့'' အစည်းအဝေး တွင် ရေနံထုတ်လုပ်မှု လျှော့ချရေးအတွက် အကြိတ်အနယ် ဆွေးနွေးခဲ့ ကြသည်။ ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံတို့က ဆော်ဒီအာရေဗျနိုင်ငံကို ရေနံထုတ်လုပ်မှု လျှော့ချစေချင်ပါသည်။ ဆော်ဒီအာရေဗျသည် ကမ္ဘာပေါ်တွင် ဒုတိယရေနံအများဆုံး ထုတ်လုပ်သော နိုင်ငံဖြစ်ပြီး တစ်နေ့လျှင် ရေနံစည် ၁ဝ သန်းခန့် ထုတ်လုပ်ပါသည်။ ရုရှားသည် ကမ္ဘာပေါ်တွင် ရေနံအများဆုံး ထုတ်လုပ်သော နိုင်ငံဖြစ်ပြီး တစ်နေ့လျှင် ၁ဝ ဒသမ ၅၈ သန်း ထုတ်လုပ်ပါသည်။ ရုရှားသည် OPEC အဖွဲ့ဝင်မဟုတ်ပါ။ ဆော်ဒီက ရေနံလျှော့ထုတ်ရန် သဘောမတူပါ။ အဓိကအကြောင်းမှာ ၁၉၈ဝ ပြည့်နှစ် ရေနံဈေးကျစဉ်က ဆော်ဒီက ရေနံလျှော့ထုတ်သော်လည်း ဈေးပြန်မတက် သည့်အပြင် ဈေးကွက်သာ ဆုံးရှုံးခဲ့ရသည့် အတွေ့အကြုံကြောင့် ဖြစ်ပါသည်။ ၄င်းအပြင် ဆော်ဒီ၏ ရေနံတစ်စည် ထုတ်လုပ်စရိတ်မှာ သက်သာသောကြောင့် ရေနံဈေးကျသည့်တိုင် ခံနိုင်ရည်ရှိသည်ဟုဆိုကာ လျှော့မထုတ်ရန် ခေါင်းမာနေသည်။
မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှု
ရေနံဈေး ကျလာသည့်အတွက် ရေနံတင်သွင်းရသော နိုင်ငံများအကျိုး အမြတ်ထွက်ပါမည်။ အာဆီယံနိုင်ငံ အားလုံးလိုလို ရေနံကို တင်သွင်းရပါသည်။ ထိုင်းနိုင်ငံသည် တစ်နေ့ကို ရေနံစည် ၉ သိန်းခန့် သုံးစွဲပါသည်။ ရေနံဈေး ထက်ဝက်ကျော် ကျသွား၍ ထိုင်းနိုင်ငံအတွက် အကျိုးများစွာရှိပါမည်။ မြန်မာနိုင်ငံသည် တစ်နေ့လျှင် ရေနံစည်သုံးစွဲနှုန်းမှာ တစ်သိန်း အောက်သာရှိ၍ ရေနံဈေးကျသွားသည့် အကျိုးကျေးဇူးကို ထူးခြားစွာ မခံစားရပါ။ သို့သော် မြန်မာနိုင်ငံသည် ဓာတ်ငွေ့ကို နိုင်ငံခြား အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချ နေပါသည်။ ဓာတ်ငွေ့ ရောင်းချရာမှရသော နိုင်ငံခြားဝင်ငွေသည် မြန်မာနိုင်ငံက ရရှိသော နိုင်ငံခြားဝင်ငွေ၏ ၃ဝ ရာခိုင်နှုန်းခန့် ရှိပါသည်။ ဓာတ်ငွေ့ ရောင်းချရာတွင် ရောင်းသူနှင့် ဝယ်သူ သဘောတူထားသော အခြေခံဈေးနှုန်း ကို ပုံသေနည်းသုံး၍ တွက်ချက်ရပါသည်။ ပုံသေနည်းတွင် ရေနံဈေးနှုန်း ပါနေပါသည်။ ၂ဝ၁၅ ခုနှစ်တွင် ဓာတ်ငွေ့ တင်ပို့ရောင်းချခြင်းမှ နိုင်ငံခြားဝင်ငွေ ၄ ဘီယီယံကျော်ရရှိမည်ဟု မူလခန့်မှန်း ထားသော်လည်း ရေနံဈေး ကျဆင်းမှုကြောင့် ဓာတ်ငွေ့ဈေးလည်း ကျနိုင်ပါသည်။ မြန်မာနိုင်ငံအသုံး ပြုသည့် ပုံသေနည်းကို အတိအကျ မသိသော်လည်း နိုင်ငံတကာတွင် အသုံးပြုသည့် ပုံသေနည်းများဖြင့် ခန့်မှန်းတွက်ချက်လျှင် ဓာတ်ငွေ့ရောင်းရ ငွေ ၂၅ရာခိုင်နှုန်း အနည်းဆုံး လျော့ကျသွားနိုင်ပါသည်။ ၂ဝ၁၅-၂ဝ၁၆ ဘတ်ဂျက်ရေးဆွဲရာတွင် သတိပြုရမည့် အချက်တစ်ခု ဖြစ်ပါသည်။
စွမ်းအင်ဝန်ကြီးဌာနမှ ရေတိမ်ပိုင်းလုပ်ကွက် ၁ဝ ကွက်နှင့် ရေနက် ပိုင်းလုပ်ကွက် ၁ဝ ကွက်ကို နိုင်ငံတကာ ရေနံကုမ္ပဏီများသို့ လုပ်ပိုင်ခွင့် ပေးထားပါသည်။ ရေတိမ်ပိုင်း လုပ်ကွက်သုံးကွက်နှင့် ရေနက်ပိုင်းလုပ်ကွက် တစ်ကွက်ကို လက်မှတ်ထိုးပြီး ဖြစ်ပါသည်။ ကျန်ကုမ္ပဏီများ လက်မှတ် ထိုးရန် ကျန်ရှိနေပါသေးသည် ကမ္ဘာပေါ်တွင် ရေနက်ပိုင်း (ရေအနက် ပေ ၂ဝဝဝ အထက်)များမှ ထုတ်ယူရရှိသော ရေနံသည် ရေနံတစ်စည်ကို ပျမ်းမျှအမေရိကန်ဒေါ်လာ ၇ဝ အထက်တွင်ရှိပါသည်။ ရေနံဈေးသည် အမေရိကန်ဒေါ်လာ ၇ဝ အောက်တွင် ရှိနေပါက နိုင်ငံတကာ ရေနံကုမ္ပဏီ များသည် ရေနက်ပိုင်း လုပ်ကွက်များတွင် ရေနံရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ရန် အချိန်ဆွဲကြပါလိမ့်မည်။ တချို့က ရေနံရှာဖွေရေးကို ရပ်ဆိုင်းကောင်း ရပ်ဆိုင်းနိုင်သည်။
ရေနံဈေးတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁ဝဝကျော် နေ့စဉ် ဓာတ်ငွေ့ဈေးကောင်း၍ ဓာတ်ငွေ့ကိုသုံး၍ထုတ်သော လျှပ်စစ် 1 kwhr ၏ ဈေးမှာ ကျပ် ၁၁ဝ ခန့်ရှိပါသည်။ ဤဈေးသည်ပြန်ပြည့်မြဲစွမ်းအင် ဖြစ်သော နေရောင်ခြည်သို့မဟုတ် လေကိုသုံး၍ ထုတ်ယူရရှိသော လျှပ်စစ် 1 kwhrဈေးနှင့် ကွာခြားချက်မှာ နည်းသော်လည်း၊ ရေနံဈေးကျ၍ ဓာတ်ငွေ့ ဈေးကျလာသောအခါ ပြန်ပြည့်မြဲစွမ်းအင်ကိုသုံး၍ ထုတ်သော လျှပ်စစ် 1 kwhr ဈေးသည် ဓာတ်ငွေ့ကိုသုံး၍ ထုတ်သော ဈေးထက် အဆမတန်ကြီးသွား နိုင်ပါသည်။ အကျိုးဆက်အနေဖြင့် ပြန်ပြည့်မြဲစွမ်းအင်နှင့် ပတ်သက်သော တိုးတက်မှုများ နှေးကွေးလာနိုင်သည်။
နိဂုံးချုပ်အနေဖြင့် ရေနံဈေးသည် ရေနံတစ်စည်လျှင် အမေရိကန် ဒေါ်လာ ၁ဝဝကျော်ရှိနေရာမှ ဒေါ်လာ ၄ဝ ကျော်သို့ ကျဆင်းသွားခြင်း သည် မြန်မာနိုင်ငံအတွက် ကောင်းကျိုးရော ဆိုးကျိုးပါ ဖြစ်လာနိုင်ပါသည်။ ရေနံဈေးသည် ဒေါ်လာ ၁ဝဝကျော်သို့ နှစ်နှစ်အတွင်း ပြန်မတက်နိုင်ဟု ပညာရှင်များက ခန့်မှန်းကြသည်။ ကျွန်တော်တို့နိုင်ငံအနေဖြင့် ရေနံဈေး ကျဆင်းသွားသည့်အတွက် တွေ့ကြုံရမည့် စိန်ခေါ်မှုများကို ဝိုင်းဝန်း၍ ကြိုတင် အဖြေရှာထားကြရန် ရိုးသားစွာ နှိုးဆော်လိုက်ပါသည်။
ကျော်ကျော်လှိုင် (SMART)

No comments:

Post a Comment