Tuesday, January 20, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အဆင့်မြင့် အရာရှိကြီးများ အထူးမွမ်းမံ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား




နေပြည်တော်၊ ဇန်န၀ါရီ (၁၉)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ယနေ့ညနေ (၃) နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သဘင်ဆောင်၌ ကျင်းပသည့် အဆင့်မြင့် အရာရှိကြီးများ အထူး မွမ်းမံသင်တန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားရာ၌ အဆင့်မြင့် အရာရှိကြီးများ အထူးမွမ်းမံ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အဆင့်မြင့် အရာရှိကြီးများ ဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူးများ အတွက် အထူးဖွင့်လှစ်သည့် သင်တန်း ဖြစ်သည်ကို ဦးစွာ ပြောကြားလိုပါကြောင်း။


သင်တန်းဖွင့်လှစ်ရသည့် အဓိက ရည်ရွယ်ချက်သည် ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးများ အနေဖြင့် အစိုးရ အုပ်ချုပ်ရေး ယန္တရားကို ဦးဆောင် မောင်းနှင်ကြသည့်  key Driver များ ဖြစ်ကြသူများ ပီပီ မည်သည့် အစိုးရ တက်တက် နိုင်ငံတော်၏ မျှော်မှန်းချက် (Vision)ကို ကဏ္ဍအလိုက် မဟာဗျူဟာ လုပ်ငန်းစဉ် (Strategy)များ၊ နည်းဗျူဟာ (Tactics) များနှင့် အကောင်အထည် ဖော်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ (Rules of Law) အတိုင်း အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန်နှင့် ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ အုပ်ချုပ် စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မား တိုးတက်စေရန် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း။
အစိုးရ စတင် တာဝန်ယူ ကတည်းက ကောင်းမွန်သော အုပ်ချုပ်မှု စနစ်ရှိသည့် သန့်ရှင်းသော အစိုးရဖြစ်ရေး မူဝါဒ ချမှတ် ဆောင်ရွက် ခဲ့ပါကြောင်း၊ စတင်တာဝန်ယူခဲ့သည့် ၁ နှစ် ကျော်ကာလတွင် ဗဟို အဖွဲ့အစည်းများ၊ ပြည်ထောင်စု အဆင့်‌နှင့် ဒေသအဆင့်‌ အဖွဲ့အစည်း အဆင့်‌ဆင့်‌ ဖွဲ့စည်း တည်ဆောက်မှုနှင့်အတူ ခေတ်သစ် အုပ်ချုပ်မှုစနစ် သစ်တစ်ရပ်ကို လွှတ်တော် သာမက အစိုးရပါ လေ့လာရင်း၊ သင်ယူရင်း ပြောင်းလဲ လုပ်ဆောင်ခဲ့ကြရပါကြောင်း၊ အရွေးချယ်ခံ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်း ထားသည့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့အစည်းများ အစီအစဉ်တကျ လုပ်နိုင် ကိုင်နိုင်ရန်၊ ပြည်ထောင်စုနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှု ထိရောက် ကောင်းမွန်စေရန် ခေတ်သစ်၊ စနစ်သစ် အတွေ့အကြုံ ဒီမိုကရေစီ အလေ့အကျင့်များကို လုပ်ကိုင်ရင်း ပြောင်းလဲ နိုင်စေရန် ကြိုးပမ်း ဆောင်ရွက် နေကြရသကဲ့သို့  မြို့နယ်အဆင့်‌ အစိုးရ ဌာနများနှင့် မြို့မိမြို့ဖများ ပါဝင်သည့် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ စည်ပင် သာယာရေး ကော်မတီများသည်လည်း လုပ်ရင်းကိုင်ရင်း စွမ်းဆောင်ရည် ကောင်းလာစေရန် ကြိုးစား ဆောင်ရွက်နေရဆဲ ဖြစ်ပါကြောင်း။
အလားတူ ပြည်ထောင်စု ဝန်ကြီးဌာနများ အနေဖြင့် လွန်ခဲ့သည့် ကာလများတွင် ဒီမိုကရေစီ ခေတ်စနစ်နှင့် မညီသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို ပြည်တွင်း/ ပြည်ပ ပညာရှင်များ အကူအညီ၊ ပြည်သူများ ပူးပေါင်းပါဝင် ညှိနှိုင်းမှုနှင့် ပြင်ဆင် ဆောင်ရွက်ခဲ့ရပြီး ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းများစွာ ကျန်ရှိနေသေးသည် ကိုလည်း တွေ့ရှိရမှာ ဖြစ်ပါကြောင်း။
ခေတ်စနစ် အကူးအပြောင်းတွင်  မတွေ့ဖူး၊  မကြုံဖူး၊ မလုပ်ဖူး သေးသည့်  အလုပ်များကို လုပ်ရင်း၊ လေ့လာရင်း ပါတီစုံ ဒီမိုကရေစီ စနစ်နှင့်  ဈေးကွက်စီးပွားရေး စနစ်ကို အကောင်အထည်ဖော် ရသည့်  အခြေအနေ မှန်ကို အတွင်းကျကျ မသိသူများက အုပ်ချုပ်ရေး ယန္တရား ပြုပြင်ပြောင်းလဲမှုကို အားမလို အားမရ ပြောဆိုမှုများ ရှိခဲ့သည်ကို အရာရှိကြီးများ ကြားသိပြီး ဖြစ်ပါကြောင်း။
ကောင်းစေလို၍ ဝေဖန် ပြောဆိုမှုများကို ကြိုဆိုကြရမည် ဖြစ်ပြီး မိမိတို့၏  စွမ်းဆောင်မှု အရည်အသွေး မြင့်မား တိုးတက်စေရန်နှင့်  ပြည်သူများ လိုလားသည့်  အုပ်ချုပ်ရေး ယန္တရား ဖြစ်စေရန် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း။
နိုင်ငံတစ်ခု၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ချမှတ် အကောင် အထည်ဖော် လုပ်ဆောင်ရာတွင် ထိပ်ပိုင်းအဆင့့် နိုင်ငံရေး စိတ်ဆန္ဒ (Political Will) ပြင်းပြမှုရှိရုံနှင့်  မအောင်မြင်နိုင်ဘဲ အုပ်ချုပ်မှု ယန္တရား အဆင့်ဆင့်တွင် တာဝန်ယူ အကောင်အထည် ဖော်ကြရသည့် အထူးသဖြင့်  အရာထမ်း အဆင့်ဆင့်၏ ပြုပြင် ပြောင်းလဲလိုစိတ် သန္နိဌာန် ခိုင်မာမှု(Buraucratic Commitment) အားကောင်းမှသာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်ကြောင်း နိုင်ငံတကာ အတွေ့အကြုံ များအရ  လေ့လာ တွေ့ရှိရမှာ ဖြစ်ပါကြောင်း။
ကမ္ဘာပေါ်တွင် ပြုပြင် ပြောင်းလဲမှု ပြုလုပ်ကြသည့် ဖွံ့ဖြိုးဆဲ နိုင်ငံသစ်များ ရှိသကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးများသည်လည်း ပိုမိုတိုးတက် ကောင်းမွန်သည့် အခြေအနေ ရောက်အောင် ပြုပြင်နေကြဆဲ၊ ပြောင်းလဲ တိုးတက်အောင် ကြိုးစားနေကြဆဲ ဖြစ်သည့် အတွက် မှန်ကန် ကောင်းမွန်သည့် သင်ခန်းစာ များရယူပြီး မိမိနိုင်ငံနှင့် ဆီလျော်အောင် ပြုပြင် ပြောင်းလဲရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လူ့စွမ်းအား (Human Capital) အဖွဲ့အစည်း စွမ်းအား (Institutional Capital) လူမှုရေး စွမ်းအား (Social Capital) နှင့် အခြေခံ အဆောက်အအုံ အင်အား (Physical Capital) အားကောင်းမှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်မည်  ဖြစ်သည်ဟု ဥရောပ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်း OECD နှင့် ပြည်တွင်း ပြည်ပ ပညာရှင်များက ထောက်ပြကြပါကြောင်း။
နိုင်ငံတော် အစိုးရအနေဖြင့် ခေတ်မီ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် အုပ်ချုပ်ရေး ယန္တရား၏ အရေးပါသော အခန်းကဏ္ဍကို ခေတ်ဟောင်း စနစ်ဟောင်းမှ ဖွဲ့စည်း တည်ဆောက်ပုံနှင့် လုပ်ငန်း တာဝန်များ အတိုင်း ဆက်လက် လုပ်ဆောင်ရန် လိုက်လျော ညီထွေမှု မရှိတော့သည့် အတွက် အစိုးရဌာနများ၏ အဖွဲ့အစည်း စွမ်းအား ကောင်းစေရန် ဖွဲ့စည်းပုံ Institutional Structure ပြန်လည် သုံးသပ် ပြင်ဆင်ခြင်း၊ အစိုးရ အရာထမ်း၊ အမှုထမ်းများ၏ စွမ်းဆောင်ရည် တိုးတက် ကောင်းမွန်စေရန် လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု (Human Resources Management) ပြုပြင် ပြောင်းလဲခြင်း၊ အစိုးရဌာနများ၏ ရုံးလုပ်ငန်း စည်းမျဉ်း၊ စာရင်းဇယား ကောက်ယူခြင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေး အခြေခံ အဆောက်အအုံကို e-government စနစ်ဖြင့်  ပေါင်းစပ် ပြုပြင် တည်ဆောက်ခြင်း၊ ဒီမိုကရေစီ အုပ်ချုပ်ရေး အသွင်သစ်သို့ ပြည်သူများနှင့် ပူးပေါင်းပြီး ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများကို ပြန်လည် ထိရောက်စွာ ပြောင်းလဲ ဆောင်ရွက်ခြင်းတို့သည် အဓိကကျသည့်  ပြုပြင်ရမည့် လုပ်ငန်းများ ဖြစ်ပါကြောင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် တစ်နှစ်ထက် တစ်နှစ် ဘဏ္ဍာငေ ပိုမိုရင်းနှီးမြှုပ်နှံ အကုန်အကျခံ ဆောင်ရွက်နေသကဲ့သို့ ပြည်ပ ပညာသင် ဘွဲ့ကြို ဘွဲ့လွန်နှင့် ပါရဂူဘွဲ့များ အများအပြား တိုးမြှင့်စေလွှတ် နေသည်ကို အားလုံး အသိပင် ဖြစ်ပါကြောင်း၊  ကာလတို သင်တန်း၊ အလုပ်ရုံ ဆွေးနွေးပွဲများကိုလည်း ပြည်တွင်း ပြည်ပတွင် စီစဉ် လေ့ကျင့် ဆောင်ရွက် ပေးလျှက် ရှိပါကြောင်း၊ အထူးသဖြင့် အစိုးရဌာန ဝန်ထမ်းများနှင့် စွမ်းဆောင်ရည် မြှင့်တင်မှု သင်တန်းများကို ပိုမို တိုးချဲ့ဖွင့်လှစ် လေ့ကျင့်ပေးခြင်း၊ နိုင်ငံတကာ အတွေ့အကြုံရစေရန် စေလွှတ်ခြင်းတို့ကို ပိုမို ဆောင်ရွက် ပေးနေပါကြောင်း။
၂၀၁၁ ခုနှစ်က စတင်ကာ ဘဏ္ဍာရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုများ အဖြစ် ငွေကြေး မူဝါဒ၊ ဘဏ္ဍာငွေအရအသုံးမူဝါဒ၊ အခွန်မူဝါဒများ အပါအဝင် ဘဏ်များ ပြုပြင် ပြောင်းလဲမှု၊ ငွေကြေးဈေးကွက် ထူထောင်မှု၊ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများကို ပြောင်းလဲ ဆောင်ရွက်ရာတွင် အစိုးရ၊ ပုဂ္ဂလိက နှစ်ရပ်စလုံးအတွက် စွမ်းဆောင်ရည် မြှင့်တင်ရန် လိုအပ်နေဆဲ ဖြစ်ပါကြောင်း။
အလားတူ ကိန်းဂဏန်း စာရင်းဇယား မှန်ကန် ပြည့်စုံရေး အတွက် သန်းခေါင် စာရင်း ကောက်ယူ ရရှိသည့်  အချက်အလက်များကို စတင် စာရင်းသွင်းကာ ပုံမှန် တွက်ချက် ဖြည့်ဆည်းသွားရေး ဆက်လက်ဆောင်ရွက် သွားကြရမည်  ဖြစ်ပါကြောင်း။
ကုန်သွယ်ရေး မူဝါဒ၊ ရင်းနှီး မြုပ်နှံမှုမူဝါဒများ ပြောင်းလဲပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ပြင်ဆင်ရေးဆွဲ ဖြေလျော့ ဆောင်ရွက်ခဲ့သည့် အတွက် ဈေးကွက် စီးပွားရေးစနစ်နှင့် အညီ တိုးတက်သင့် သလောက် တိုးတက် လာသော်လည်း စွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် ပြည်သူ့ဝန်ဆောင်မှု အဆင်ပြေ ချောမွေ့စေရေး၊ လာဘ်ပေး လာဘ်ယူ ကင်းရှင်းရေး၊ ပညာပေး ကြပ်မတ်ရန် လိုအပ်ဆဲ ဖြစ်သည့် အတွက် ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးများ အနေဖြင့် မိမိတို့၏ လက်အောက် ဝန်ထမ်းများ စိတ်ဓာတ်၊ စည်းကမ်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအား စေတနာထား လုပ်ဆောင်စေရနှ်နှင့် ဝန်ထမ်းသက်သာ ချောင်ချိရေးကို အလေးထား လုပ်ဆောင်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်း။
အလားတူ အခြားကဏ္ဍ အသီးသီးတွင်လည်း အားသာချက်၊ အားနည်းချက်များ ရှိနေသည်ကို သိသိသာသာ ပြောင်းလဲ တိုးတက်အောင် ကြိုးစားကြရမည် ဖြစ်ပါကြောင်း။
မိမိတို့အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်း ၄ ရပ်ထဲတွင် အစိုးရ အုပ်ချုပ်ရေး ယန္တရား တိုးတက် ကောင်းမွန်ရေး လုပ်ငန်းစဉ်သည် တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ တတိယအဆင့် အရှိန် မြှင့်တင်မှု (Third Wave) အဖြစ် ဆောင်ရွက်လျက် ရှိရာတွင် ပြီးခဲ့သည့် ကာလအတွင်း ပြောင်းလဲ တိုးတက်မှုနှင့် ပြည်သူတို့၏ တုန့်ပြန်ချက်များကို ပြန်လည် ရယူ သုံးသပ်ခဲ့ရာ၌ ခေတ်စနစ် နှင့် ညီသည့် အစိုးရယန္တရား ဖွဲ့စည်းပုံ ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်သည် လေ့လာသုံးသပ် တွေ့ရှိရပါကြောင်း။
ထို့ကြောင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မကုန်မီ ပြည်ထောင်စု ဝန်ကြီးဌာနများ ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲ ဖွဲ့စည်းမှု (Restructuring and Reengineering) ပြုလုပ်သွားမည် ဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်စတင်သည်နှင့် လူသစ်၊ စိတ်သစ်၊ ဖွဲ့စည်းပုံ အသစ်နှင့် ပြည်သူများ လိုလား နှစ်သက်သည့် အုပ်ချုပ်မှု ယန္တရားဖြစ်စေရန် ပြောင်းလဲသွားမည် ဖြစ်ပါကြောင်း။
ယင်းသို့ အုပ်ချုပ်ရေး ယန္တရား ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရာတွင် ဖျက်သိမ်းသင့်သည့်  ဌာနများကို ဖျက်သိမ်းခြင်း၊ ပူးပေါင်း ဖွဲ့စည်းသင့်သည့် ဌာနများကို ပူးပေါင်းဖွဲ့စည်းခြင်း၊ နိုင်ငံရေး တာဝန်ဖြင့် ပြည်ထောင်စု ဝန်ကြီးဌာနသို့ အလှည့်‌ကျ လာရောက် တာဝန်ထမ်း ဆောင်ကြသည့် ဝန်ကြီး၊ ဒုတိယဝန်ကြီးများ အလွှဲအပြောင်း ကာလ လစ်လပ်ချိန်များ၌ ဝန်ကြီးဌာနတစ်ခုလုံး (လက်အောက်ဌာနများ အပါအဝင်) ကိုယ်စား တာဝန်ခံမည့် အမြဲတမ်း အတွင်းဝန်/ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဖွဲ့စည်း ခန့်ထားပြီး စီမံကိန်းများ၊ ဘဏ္ဍာငွေ အရအသုံးများ စာရင်း အစစ်ဆေးခံ လွှဲပြောင်း လက်ခံပေးနိုင်ရန် စီမံခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်‌တွင် ပြည်ထောင်စု ဝန်ကြီးဌာန ကိုယ်စား လက်အောက်ဌာန အသီးသီးက ကိုယ်စားလှယ်များ ပါဝင်သည့် ကိုယ်စားလှယ်ရုံး အဖြစ် ဒေသအတွင်း ဝန်ဆောင်မှု ပေးနိုင်ရန် ပြင်ဆင် ဖွဲ့စည်းခြင်း၊ ခရိုင်အဆင့်‌တွင် စီမံကိန်းနှင့် ဘတ်ဂျက် သုံးစွဲမှု ဦးစားပေး စီမံရန်နှင့်  မြေယာ စီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေး စီမံခန့်ခွဲမှု၊ ပေါင်းစပ်ညှိနှိုင်းမှု ပိုမို ကောင်းမွန်စေရန် ပြင်ဆင်ဖွဲ့စည်းခြင်း၊ မြို့နယ်အဆင့်တွင် ရုံးဌာန အသီးသီးမှ ပြည်သူများ အတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှု ပေးနိုင်ရန်နှင့် ပေါင်းစပ် ညှိနှိုင်းမှု ပိုမို ကောင်းမွန်စေရန် စုပေါင်းရုံးများအဖြစ် ပြင်ဆင် ဖွဲ့စည်းခြင်း။ E-government ဆက်သွယ်မှုနှင့်  သတင်း အချက်အလက် နည်းပညာ အသုံးပြု၍ ကိန်းဂဏန်းစာရင်း ဇယားအချက်အလက်များ ပိုမိုပြည့်စုံ မှန်ကန်ရေး၊ e-government စနစ်အသုံးပြုပြီး ရုံးလုပ်ငန်းများ လျင်မြန် ချောမွေ့စေရေး၊ ဖွဲ့စည်း၊ တပ်ဆင်၊ တည်ဆောက်ခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ပါကြောင်း။
အနာဂတ် ဒီမိုကရေစီ နိုင်ငံတော် ရေရှည် ရှင်သန်ရေးအတွက် ဝန်ထမ်း အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ပိုမိုမြင့်မားပြီး စွမ်းဆောင်ရည် မြင့်မား တိုးတက်ရေးသည် အလွန်အရေးပါပြီး ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်နှင့်  နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် အပြည့်အဝ ဝန်ဆောင်မှု ပေးနိုင်ရန် ကြိုးစားကြရမည် ဖြစ်ပါကြောင်း။
ပြီးခဲ့သည့် ကာလများတွင် လွှတ်တော်၏ မေးခွန်းများ ဖြေဆိုရာ၌ လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံး တွက်ချက် ပြင်ဆင်ရာ၌ လည်းကောင်း၊ ကတိကဝတ်များ လိုက်နာ အကောင် အထည်ဖော်ရာ၌ လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပြည်ထောင်စု ဝန်ကြီးဌာန အချို့၏ အားနည်းမှုကို ထောက်ပြခြင်းများကို ပြုပြင်ရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနများ ဖွဲ့စည်းမှု ကျစ်လစ်ခိုင်မာ အားကောင်းပြီး စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် ပြင်ဆင်ဖွဲ့စည်းရာ၌ ဝန်ကြီးရုံး ဖွဲ့စည်းသည့် အထဲတွင် အမြဲတမ်း အတွင်းဝန်/ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်ရုံးမှာ စီမံခန့်ခွဲမှု၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လွှတ်တော်ရေးရာ၊ နိုင်ငံတကာရေးရာ၊ မီဒီယာ ဆက်ဆံရေး၊ ဌာနတွင်း စာရင်းစစ် စသည့်ဌာနခွဲများ ခိုင်မာစွာပါဝင် ဖွဲ့စည်းပေးမှာ ဖြစ်သည့်အတွက် အနာဂတ်တွင်  အားနည်းချက်များ မရှိစေရန် စွမ်းဆောင်ရည် မြင့်မားစွာ ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည် ပါကြောင်း။
ပါလီမန် ဒီမိုကရေစီစနစ်က တည်ထောင်ခဲ့သည့်  အတွင်းဝန်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များသည် ထိုခေတ်အခါက မြန်မာနှင့် ကမ္ဘာ့အခြေအနေ လိုအပ်ချက်များ၊ ရည်မှန်းချက်များပေါ် မူတည်ပြီး ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ နောက်ပိုင်းတွင် ကျင့်‌သုံး ဆောင်ရွက်ခဲ့သည့်  နိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး ပုံသဏ္ဍာန်များနှင့် လိုက်လျော ညီထွေ မဖြစ်ခဲ့သည့်အတွက် ဖျက်သိမ်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယနေ့ ပြည်သူများ လိုလား တောင့်တသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ဦးဆောင် ဦးရွက်ပြု တည်ထောင်ရာတွင် နိုင်ငံရေးစနစ် ပြောင်းလဲမှုနှင့်အတူ လိုက်လျောညီထွေ ရှိမည့် ဒေသတွင်းနှင့်  နိုင်ငံတကာတွင် ကျင့်‌သုံး အောင်မြင်နေသည့် အုပ်ချုပ်ရေး ယန္တရားပုံစံကဲ့သို့ ပြောင်းလဲ ကျင့်သုံးရန် လိုအပ်လာပါကြောင်း၊ ထို့အတွက် ဝန်ကြီးဌာနများကို Restructuring နှင့် Reengineering လုပ်ဆောင်ရန် စီစဉ်နေခြင်းကို ပြည်သူများနှင့် ဝန်ထမ်းများ သိရှိ နားလည်စေရန် ရှင်းပြကြရမည် ဖြစ်ပါကြောင်း။
ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်မှု သက်သက်သာမက ဝန်ထမ်းများ၏ သက်သာ ချောင်ချိရေး လိုအပ်ချက်များ ဖြစ်သော လစာစရိတ် တိုးမြှင့်ရေး၊ အငှား စနစ်ဖြင့် အရစ်ကျ အိမ်ယာစနစ်၊ ကျန်းမာရေး စောင့်ရှောက်မှု စနစ်၊ သားသမီးများ ပညာသင် ထောက်ပံ့ကြေး စသည်တို့ကို နှစ်အလိုက် တိုးတက် စီမံဖြည့်ဆည်းပေး သွားရန် စီစဉ်လျက် ရှိသည်ကိုလည်း ဝန်ထမ်းအားလုံး သိရှိ နားလည်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ကြိုးပမ်း ထမ်းဆောင် သွားကြရမည် ဖြစ်ပါကြောင်း။
အမြဲတမ်း အတွင်းဝန်နှင့် ရုံးအဖွဲ့သည် ပါတီစုံဒီမိုကရေစီ အုပ်ချုပ်ရေး ယန္တရား ပုံစံအရ နိုင်ငံရေး တာဝန်နှင့် ဝန်ကြီးဌာန အသီးသီးကို ရောက်ရှိလာမည့် ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများနှင့် နိုင်ငံက ချမှတ်ထားသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ ကာလတို၊ ကာလလတ်နှင့် ကာလရှည် စီမံကိန်းများကို လက်တွေ့အကောင် အထည်ဖော် ဆောင်ကြရသည့် အုပ်ချုပ်ရေး ယန္တရား အဆင့်‌ဆင့်မှ ဝန်ထမ်းအဖွဲ့ အစည်းများ အကြား အကောင်းဆုံး ပေါင်းကူး ဆက်သွယ် ပေးနိုင်မည့်သူများ ဖြစ်ရန်နှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု အားကောင်းစေရန် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း။
အဆင့်‌မြင့် အရာရှိကြီးများ အထူးမွမ်းမံသင်တန်း ဖွင့်လှစ်လေ့ကျင့် သင်ကြားမှုသည် အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်နှင့် လိုက်လျောညီထွေ ရှိစေမည့် အုပ်ချုပ်ရေး ယန္တရားကို ခေါင်းဆောင်ကောင်းများ တည်ဆောက် နိုင်စေရန် လေ့ကျင့်ပြုစု ပျိုးထောင်ပေးခြင်း ဖြစ်ပါကြောင်း။
ယခုသင်တန်းတွင် နိုင်ငံတော်၏ မျှော်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များကို ခေတ်စနစ်သစ်၏ လိုအပ်ချက်နှင့်အညီ ပြည်သူများ အတွက် ဒီမိုကရေစီ အလေ့အကျင့်‌နှင့် အညီ ကဏ္ဍအလိုက် လုပ်ဆောင်နိုင်စေရန် Public Policy, Public Administration, Leadership အပါအဝင်လိုအပ်သည့် ဘာသာရပ်များကို ပြည်တွင်း/ ပြည်ပ ပညာရှင် များနှင့် ပြည်ထောင်စုဝန်ကြီးများက ဆွေးနွေး ဟောပြောပို့ချမည် ဖြစ်ပါကြောင်း။
သင်တန်းတွင် ဆွေးနွေးပို့ချမည့် ပုံသဏ္ဍာန်သည် ဆရာနှင့် တပည့်ပုံစံမျိုးထက် အတွေ့အကြုံ မျှဝေသည့် Cross Fertilization of ideas, Experience, knowledge ပုံစံဖြင့် ဆောင်ရွက်မည် ဖြစ်ပါကြောင်း။
နိဂုံးချုပ် အနေဖြင့် အထက်မှာ မှာကြားခဲ့သည့်အတိုင်း ယနေ့အစိုးရက ဦးဆောင် ဦးရွက်ပြု၍ အကောင် အထည်ဖော်နေသည့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဝန်ကြီးဌာန အသီးသီးက ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများ အဖြစ်နှင့် ထိရောက် ထက်မြက်သည့် ခေါင်းဆောင်မှုများ ပေးနိုင်စေရန် ကြိုးစားကြဖို့ လိုပါကြောင်း၊ မိမိသာမက မိမိလက်အောက် ငယ်သားများ အားလုံးက နိုင်ငံ၏မူဝါဒ လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး ပြုပြင် ပြောင်းလဲမှုကို ခံယူလိုက်ပါ ဆောင်ရွက်သူများ ဖြစ်လာအောင် စည်းရုံး ဦးဆောင် ဆောင်ရွက်ကြဖို့ လိုပါကြောင်း၊ ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်‌၏ အုပ်ချုပ်မှု ယန္တရား မှန်ကန် သွက်လက် မြန်ဆန်ရေး၊ ပြည်သူတို့၏ လူမှု စီးပွား လိုအပ်ချက်များ ကို ပြည်သူများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းများကို အလေးထား လုပ်ဆောင်ရန် လိုပါကြောင်း၊ ထိုကဲ့သို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင်  တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လိုက်နာ ကျင့်သုံး ဆောင်ရွက်ရမည့် စီမံအုပ်ချုပ်မှု (Administration) တာဝန် အပြင် မိမိ တာဝန်ယူ ရသည့် ကဏ္ဍ၏ ရေရှည် ဖွံ့ဖြိုးတက်ရေး Sustainable Development အတွက် တီထွင် ဖန်တီးနိုင်သည့် စိတ်ကူး စိတ်သန်းများနှင့် အကောင်အထည် ဖော်ကြရန် လိုပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်သည် မိမိတို့ တာဝန်ယူခဲ့သည့်  ကာလတို ၅ နှစ်စီမံကိန်း၏ နောက်ဆုံးနှစ် ဖြစ်သည့် အတွက် မိမိတို့ ဝန်ကြီးဌာနက တာဝန် ယူရသည့် ကဏ္ဍကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန် အားသွန်ခွန်စိုက် အရှိန်မြှင့်တင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။  
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား အဆင့်မြင့် အရာရှိကြီးများ  တက်ရောက်ကြသည်။
အဆိုပါသင်တန်းသို့ ၀န်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီး(၅၇)ဦး တက်ရောက်ကြမည် ဖြစ်ပြီး သင်တန်း ကာလမှာ ဇန်န၀ါရီ(၁၉)မှ ဖေဖော်ဝါရီ (၁၆)ရက်အထိ ရက်သတ္တပတ် (၄)ပတ် ကြာမြင့်မည် ဖြစ်သည်။

No comments:

Post a Comment