Wednesday, January 21, 2015

တပ်မတော်အရာရှိများအသွင် ဟန်ဆောင်ကာ လိမ်လည်မှုပြုလုပ်သောအဖွဲ့အား ဖော်ထုတ်ဖမ်းဆီး

နေပြည်တော် ဇန်န၀ါရီ ၂၁

တပ်မတော်အရာရှိကြီးများအသွင် ဟန်ဆောင်၍ လိမ်လည်လျက်ရှိကြောင်း သတင်းရရှိသဖြင့် စုံစမ်းမှုများပြုလုပ်ခဲ့ရာ ဇန်န၀ါရီ ၁၅ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကမာရွတ်မြို့နယ် ဗဟိုလမ်း လှည်းဂုံးကျော်တံတားအနီး၌ မျိုးမြင့်အောင်(ခ) သန်းဝင်း(ခ) မွတ်တား၊ ကျော်စိုးနိုင်၊ မျိုးမင်းထွန်း၊ တင်တင်ညိုနှင့် သဲမာမျိုးတို့အားလည်းကောင်း၊ ၎င်းတို့နှင့်ဆက်စပ်ပြီး သိန်းလွင်(ခ)ကရင်နှင့် ကိုနိုင်တို့အားလည်းကောင်း အသီးသီးဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။


ဖြစ်စဉ်တွင် မျိုးမြင့်အောင်(ခ)သန်းဝင်း(ခ)မွတ်တား၊ ကျော်စိုးနိုင်၊ မျိုးမင်းထွန်း၊ တင်တင်ညို၊ သိန်းလွင်(ခ)ကရင်နှင့် ကိုနိုင်တို့သည် လိမ်လည်မှုပြုလုပ်ရာ၌ မျိုးမြင့်အောင်(ခ)သန်းဝင်း(ခ) မွတ်တားနှင့် ကျော်စိုးနိုင်တို့နှစ်ဦးမှာ ဗိုလ်ကြီးအဆင့်နှင့် မျိုးမင်းထွန်းမှာ အကူအဖြစ်လည်းကောင်း၊ အရာရှိကြီးအဖြစ် သိန်းလွင်(ခ)ကရင်နှင့် လူယုံအဖြစ် ကိုနိုင်တို့မှလည်းကောင်း အသီးသီးအယောင် ဆောင်၍ ရန်ကုန်လမ်းညွှန်၊ တီဗွီကြော်ငြာများမှတစ်ဆင့် လုပ်ငန်းရှင်များ ပစ်မှတ်ထားကာ ဖုန်းနံပါတ် များရယူဆက်သွယ်ပြီး ငွေကြေးလိမ်လည်မှုများပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့အနေဖြင့် ရွှေဘိုမြို့မှ ဆိပ်ခွံပုဆိုအထည်လုပ်ငန်း၊ မန္တလေးမြို့မှ မီးသွေးဖို လုပ်ငန်း၊ စဥ့်အိုးလုပ်ငန်း၊ မီးအားမြှင့်စက်ရောင်းဝယ်ရေးလုပ်ငန်း၊ ဘေစင်ရောင်းဝယ်ရေးလုပ်ငန်း၊ ညောင်ဦးမြို့မှ ယွန်းထည်ပစ္စည်းလုပ်ငန်း၊ တမူးမြို့မှ အမဲသားလုပ်ငန်း စသည့်လုပ်ငန်းရှင်များထံ တပ်မတော်အရာရှိများအမည်ခံ၍ ဆက်သွယ်ကာ မမျှော်လင့်ထားသော အရေအတွက်များ မှာယူခဲ့ကြ ကြောင်း၊ ပစ္စည်းများမှာယူပြီးနောက် စရံငွေတစ်ဝက်ပေးချေရန် အကြောင်းကြားခေါ်ယူ၍ လုပ်ငန်း ပေးအပ်သော အရာရှိကြီးနှင့်တွေ့ဆုံစေပြီး ဂါရ၀ကြေးအဖြစ် မုန့်ပုံးအတွင်း ငွေကြေးထည့်သွင်း ပေးအပ်စေခြင်းဖြင့် လိမ်လည်ရယူခဲ့ကြခြင်းဖြစ်သည်။


အဆိုပါအဖွဲ့သည် လမ်းညွှန်စာအုပ်နှင့် ကြော်ငြာများမှ နယ်မြေများတွင် လုပ်ကိုင်နေသော လိမ်လည်၍ရနိုင်မည့်လုပ်ငန်းရှင်များ၊ အရောင်းနည်းပါး၍ စိတ်ဝင်စားမှုအတော်အသင့်နည်းပါးသည့် လုပ်ငန်းငယ်များ၏ ရောင်းချမှုအားနည်းသည့်အခြေအနေအား ပစ်မှတ်ထားကာ တပ်မတော်၏ အရှိန်အ၀ါကို အသုံးပြုပြီး ဈေးနှုန်းမြှင့် အရေအတွက်များများ ၀ယ်ယူမည့်ပုံသဏ္ဍာန်ဆောင်၍ မက်လုံး ပေးပြီး ဂါရ၀ကြေးဟု ပြောဆိုဉာဏ်ဆင်ကာ တပ်မတော်အရာရှိများသဖွယ် အယောင်ဆောင်၍ လုပ်ငန်းရှင်များအား လိမ်လည်ခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment