နေပြည်တော် ဇန်နဝါရီ ၂၁
မိတ္ထီလာမြို့တွင် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဘာသာရေး အကြမ်းဖက်မှုများနှင့် လက်နက်ကိုင်တပ် ဖွဲ့အစည်းရေးတို့တွင်
ပါဝင်ကျူးလွန်မှုဖြင့် ထိန်းသိမ်းထားသော တရားခံများဖြစ်ကြသည့် ခင်မောင်ရွှေ(ခ) ယူစွက်ဘိုင်
(ဘ) ဦးမြမောင်၊ လှိုင်ဝင်း(ခ)ကိုလှိုင် (ဘ) ဦးဝင်းစိန်နှင့် မြင့်သိန်း(ခ)မူဆာ (ဘ)ဦးညီမာမတ်
တို့၏ထွက်ဆိုချက်များအရ အဓိကငွေကြေးထောက်ပံ့ခဲ့သူ ဟာဂျီ ဟာစန်(ခ) သိန်းဝင်း (ဘ)ဦးခင်မောင်မှာ
ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
ယင်းတရားခံ ဟာဂျီ ဟာစန်၏ ပိုင်ဆိုင်မှုများနှင့်
မိသားစုဝင်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြည့်ခြင်း၊ တားမြစ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ
ဟာဂျီ ဟာစန်၏ ဇနီးဖြစ်သူ ဖြူဖြူဝင်းသည် ၎င်းတို့၏မိသားစုအား ခရီးသွားလာခွင့် တားမြစ်ထားခြင်းမှ
ကင်းလွတ်ခွင့်ရရန်နှင့် ပိုင်ဆိုင်မှုများအား အမည်ပြောင်းလဲခွင့် ရရှိရန်အတွက် တောင်ငူမြို့နေသူ
မောင်မောင်ညွန့် (ဘ) ဦးကျော်ညွန့်အား ဆက်သွယ် ဆောင်ရွက်ခဲ့သည်။
အဆိုပါမောင်မောင်ညွန့်ဆိုသူသည် တပ်မတော်မှတာဝန်ရှိသူအချို့၏
အမည်ကိုအသုံးပြုပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ငွေကြေးလိမ်လည်တောင်းခံမှု(၃)ကြိမ် ကျူးလွန်ပြီး
စုစုပေါင်းငွေကျပ် (၄၁၅)သိန်း လိမ်လည်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်သိရှိရသဖြင့်
၂၀၁၅ ခုနှစ် ဇန်နဝါရီ (၁၂) ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားဥပဒေနှင့်အညီ အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment