Wednesday, January 28, 2015

အစိုးရအုပ်ချုပ်ရေးယန္တရား ဖွဲ့စည်းမှု ပြင်ဆင်ပြောင်းလဲရေးဆိုင်ရာ အသွင်ကူးပြောင်းရေးကာလ လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်း


နေပြည်တော်၊ ဇန်နဝါရီ ၂၈
အစိုးရအုပ်ချုပ်ရေး ယန္တရားဖွဲ့စည်းမှု ပြင်ဆင်ပြောင်းလဲရေးဆိုင်ရာ အသွင်ကူးပြောင်းရေး ကာလလုပ်ငန်းစဉ် များ ဆွေးနွေးညှိနှိုင်းသည့်အစည်းအဝေးကို ယနေ့ နေ့လည် ၁ နာရီ အချိန်က နေပြည်တော်ရှိ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဦးတင်နိုင်သိန်း၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်သိမ်း၊ ဒေါက်တာစန်းလွင်တို့နှင့် ဝန်ကြီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ဆွေးနွေးပြောကြားရာတွင် နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲမှုလုပ်ငန်းစဉ် ၄ ရပ်အနက် အုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်အောင် ပြုပြင် ပြောင်းလဲရေး အတွက် အစိုးရ တာဝန်ယူ သည့်အချိန်မှစ၍ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပထမဦးစွာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကြီး ၃ ရပ် ထူထောင်ဆောင်ရွက်ခဲ့ရာတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ထူထောင်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အဖွဲ့အစည်းများ ဖွဲ့စည်းထူထောင်ခြင်းတို့ကို ပြုလုပ်ခဲ့ရပြီး လိုအပ်သည့် ဥပဒေလုပ်ထုံးလုပ်နည်းများကို ပြဌာန်းခြင်း၊ ရှိရင်း ဥပဒေများကို ပြင်ဆင်ခြင်း စသည့်လုပ်ငန်းများအား ၂ နှစ်ကျော် ကာလထိ အချိန်ယူလုပ်ဆောင် ခဲ့ရပါကြောင်း၊
အချို့ဥပဒေလုပ်ထုံး လုပ်နည်းများကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ရန် များစွာလိုအပ်လျက် ရှိနေသည့်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဈေးကွက်စီးပွားရေး စနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရဌာနအသီးသီး၏ လုပ်ထုံးလုပ်နည်းများကို ဖြေလျော့မှုများကိုလည်း ပြုလုပ်ခဲ့ရပါကြောင်း၊ ခေတ်သစ်စနစ်သစ်ကို ကူးပြောင်းရာတွင် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုလိုအပ်သည့်အတွက် စွမ်းဆောင်ရည် မြှင့်တင်သည့် သင်တန်းများ၊ ဆွေးနွေးပွဲများကို ပြည်တွင်း /ပြည်ပပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြို့နယ်ရပ်ကွက်ကျေးရွာအဆင့်‌ထိ ပြည်သူများပူးပေါင်းပါဝင် သော အုပ်ချုပ်မှုစနစ်ကို စတင်ခဲ့ရာ ထိုက်သင့်သည့် အရှိန်အဟုန်ရရှိလာပြီး ဆက်လက်၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအား တတိယအဆင့် (Third Wave) အရှိန်မြှင့်တင် ဆောင်ရွက်ရာတွင် ခေတ်စနစ်နှင့်အညီ ရည်မှန်းချက်နှင့် တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် ပြည်ထောင်စု ဝန်ကြီး ဌာနအသီးသီး၏ ဖွဲ့စည်းမှုများကို ပြန်လည်သုံးသပ်ပြီး အင်အားကျစ် လစ်စွာဖြင့် စွမ်းဆောင်ရည် မြှင့်တင် နိုင်ရန်အတွက် မကြာမီကစတင်ဆောင် ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်း/ ဦးစီးဌာန ၂၀ ခုကို ပထမအဆင့်အဖြစ် လျော့ချပြင်ဆင်ဆောင်ရွက်လျက် ထိုသို့လျော့ချပြင်ဆင်သော ဝန်ထမ်းအင်အား များဖြင့် အခြားအင်အားလိုအပ်နေသည့် ဌာနများတွင် ပူးပေါင်းဖွဲ့စည်းသွားရန် စီစဉ်လျက်ရှိပါကြောင်း၊ ဝန်ကြီးရုံးများတွင် လုပ်ငန်းများ ပိုမိုအားကောင်းစေရန် အမြဲတမ်းအတွင်းဝန် ရာထူးအပါအဝင် ရုံးအဖွဲ့ကိုလည်း အင်အားတိုးချဲ့ဖွဲ့စည်း သွားရမည်ဖြစ်ပါကြောင်း၊ အစိုးရအုပ်ချုပ်မှုယန္တရား တိုးတက်ကောင်းမွန်စေ ရန်အတွက် Restructuring နှင့် Reengeering ပြုလုပ်လျက်ရှိရာ အသွင်ကူးပြောင်းရေးကာလ လုပ်ငန်းစဉ်များသည် အဆင်ပြေ ချောမွေ့ရန် လိုအပ်သည့်အတွက် ဘဏ္ဍာငွေအရအသုံး စာရင်းများနှင့် စာရင်းစစ် ကန့်ကွက်ချက် ဖြေ ရှင်းခြင်းများ၊ နိုင်ငံခြားအကူအညီ အထောက်အပံ့ ချေးငွေဆိုင်ရာများ၊ စသည်တို့ကို အချိန်ယူစစ်ဆေး လွှဲပြောင်း/လက်ခံမှုပြုနိုင်ရန်အတွက် ၂၀၁၅ ခုနှစ် မတ်လကုန်အထိ အချိန်ပေးထားပါကြောင်း၊ ထူးခြားသည့် အခြေအနေရှိပါက အချိန်ထပ်မံလိုအပ်လျင် အကျိုးအကြောင်းဖြင့် တင်ပြနိုင် ပါကြောင်း။
တက္ကသိုလ်၊ ကောလိပ် ၁၃၆ ခုကို သက်ဆိုင်ရာဝန်ကြီးဌာန၏ ဖွဲ့စည်းပုံများ အတွင်းမှ ခွဲထုတ်လျက် ၂၀၁၅ ခုနှစ် မတ်လ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်ထိ ဘဏ္ဍာရငွေသုံးငွေစာရင်းများ စာရင်းစစ် ကန့်ကွက်ချက်များ၊ နိုင်ငံခြား အကူအညီအထောက်အပံ့နှင့် ချေးငွေကိစ္စရပ်များအား ရှင်းလင်းဆောင်ရွက်သွားပြီး လာမည့်ပညာသင်နှစ်မှ စ၍ ပြင်ဆင်ပြဌာန်းမည့် အမျိုးသားပညာရေးဥပဒေနှင့်အညီ သီးခြားလွတ်လပ်စွာ စီမံခန့်ခွဲနိုင်ရန် စီစဉ်လျက် ရှိပါကြောင်း။
ဝန်ကြီးဌာနများ၏ လက်အောက်ဌာနများ ဖျက်သိမ်း၊ ပြင်ဆင်၊ ပေါင်းစည်းခြင်းများ ပြုလုပ်ရာ၌ လက်ရှိ ညွှန်ကြားရေးမှူးချုပ်များမှစ၍ အောက်ခြေဝန်ထမ်း အဆင့်‌ဆင့်ထိ တစ်စုံတစ်ရာ အင်အားလျော့ခြင်းမရှိဘဲ ဌာန၏လိုအပ်ချက်နှင့်အညီ တာဝန်ခွဲဝေပိုင်းခြားမှု ထိရောက်စွာ လုပ်ကိုင်နိုင်ရန်အတွက် အဓိကပြင်ဆင် ဖွဲ့စည်းခြင်း ဖြစ်ပါကြောင်း၊ မဖြစ်မနေလိုအပ်ချက် အရ ပြောင်းရွှေ့ ရမည်ဆိုပါက သားသမီးများပညာသင်နှစ် ကုန်ဆုံးသည့် အခါမှသာလျှင် အဆင်ချောမွေ့အောင် စီမံပေးရန်ဖြစ်ကြောင်း၊ အချို့ဌာနများ၏ ပြင်ဆင် ဖွဲ့စည်းမှု၌ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦ လတ်တလော အဆင်မပြေပါက လက်ရှိမူလ နေရာ၌ ဆက်လက်ထားရှိပြီး အဆောက်အဦ အဆင်ပြေသည့် အချိန်မှသာလျင် ပြောင်းရွှေ့ ပေးရန်ဖြစ် ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် လက်ရှိထားရှိသော ပြည်ထောင်စုဝန်ကြီးဌာနများ၏ရုံး၊ ဌာနများ၏ Duty and Function များသည် ဝန်ကြီးဌာနတစ်ခုလုံးအား ကိုယ်စားပြု၍ ဒေသ၌ ပြည်သူ့ ဝန်ဆောင်မှုပြုနိုင်ရန် ဖွဲ့စည်းပြင်ဆင် တာဝန်ပေးအပ်ရန် လိုအပ်ပါကြောင်း၊ ခရိုင်အဆင့်တွင် မြို့နယ်များ၏ စီမံခန့်ခွဲမှု၊ စီမံကိန်းနှင့် ဘဏ္ဍာငွေ ဦးစားပေး ရွေးချယ်စီမံမှု၊ မြေယာကိစ္စစီမံခန့်ခွဲမှု၊ လက်အောက်မြို့နယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် Monitoring and Evaluation ထိရောက်အားကောင်းအောင် တာဝန်များ အပ်နှင်းဖွဲ့စည်းပေးသွား ရန်လိုအပ်ပါကြောင်း။
မြို့နယ်အဆင့်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို တစ်နေရာတည်းတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ပေးနိုင်ရေးအတွက် စုပေါင်းရုံးများကို နှစ်အလိုက် လျာထားပြီး ဖွင့်လှစ်ဆောင်ရွက်သွားရန် ဖြစ်ပါ ကြောင်း။
ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရာတွင် မိမိတို့ကဏ္ဍရည်မှန်းချက်တာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် မူဝါဒမဟာဗျူဟာလုပ်ငန်း စဉ်များအပေါ် မူတည်၍ဖွဲ့စည်းပြီး ဥပဒေ လုပ်ထုံးလုပ်နည်း ရုံးလုပ်ငန်း စည်းမျဉ်း မူဘောင်ရေးဆွဲပြီး လက်အောက်သို့ စနစ်တကျ လုပ်ပိုင်ခွင့် ခွဲဝေ (Decentralization) ပေး၍ ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ အင်အားဖြန့်ခွဲပုံနှင့် လုပ်ငန်းတာဝန်ဖြန့်ခွဲပုံကို ကဏ္ဍအလိုက်၊ ဒေသအလိုက် လုပ်ငန်းပမာဏ အရွယ်အစားအပေါ် မူတည်၍ အသေးစိတ်တွက်ချက် ဆောင်ရွက်စေလိုပါကြောင်း၊ အခက်အခဲရှိပါက ဆွေးနွေး တင်ပြညှိနှိုင်းသွားရန် လိုအပ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြည်ထောင်စုဝန်ကြီး ဌာနများကို ခေတ်စနစ်နှင့်အညီ ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၁၊ ဇယား ၂နှင့် ဇယား ၃ ပါ လုပ်ငန်းများပေါ် မူတည်၍ ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံကို စဉ်းစားရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံကို မိမိတို့၏ လုပ်ငန်း တာဝန်များ အလိုက် လိုအပ်သည့် တိုင်းဒေသကြီး/ ပြည်နယ်များ၊ ခရိုင်/ မြို့နယ် အဆင့်အထိ ဖွဲ့စည်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ခရိုင်/ မြို့နယ်များတွင် စုပေါင်းရုံးများကို ဘဏ္ဍာရေးနှစ်အလိုက် ဖွင့်လှစ် သွားမည်ဖြစ်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို One Stop Service ဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ခရိုင်နှင့် မြို့နယ် စုပေါင်းရုံးများတွင် Server များ တပ်ဆင်၍ e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ပြောင်းလဲလာသည့် ခေတ်စနစ်အရ အုပ်ချုပ်မှုစနစ် ပြုပြင် ပြောင်းလဲမှုနှင့် လိုက်လျော ညီထွေရှိမည့် ရုံးလုပ်ငန်းစနစ်လက်စွဲ ပြုစုရေး အတွက် ဆောင် ရွက်နေမှု အခြေအနေများနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ် သည့် အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာန အသီးသီးတို့မှ ညွှန်ကြားရေးမှူးချုပ် များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက မေးမြန်းဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။


No comments:

Post a Comment