Wednesday, January 28, 2015

တပ်ဝင်ဂိတ်တွင် သံတခါးတပ်ဆင်စဉ် နှောင့်ယှက်မှုဖြစ်ပွား

နေပြည်တော်-ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်အင်ဂျင်နီယာ သင်တန်းကျောင်းသည် ရပ်ကွက်ကြီး (၁)၊ (၁၃) ညံကွဲရပ်ကွက်နှင့် ထိစပ်လျက် ရှိသော တပ်ပိုင်မြေဧရိယာအတွင်း အုတ်တံတိုင်းကာရံလျက်ရှိရာ ဇန်နဝါရီ (၁၅) ရက် ညနေ (၆) နာရီခွဲချိန်ခန့်၌ တပ်အဝင်/ အထွက်ဂိတ်အား သံတံခါးတပ် ဆင်နေစဉ် ပြင်ပရပ်ကွက် နေထိုင်သူ အင်အား (၅၀) ဦးခန့်သည် သံတခါးတပ် ဆင်ခြင်းမပြုလုပ်နိုင်စေရန်အတွက် ဝိုင်းဝန်းကန့်ကွက် တားဆီးခြင်း၊ ဂဟေဆော် ၀ရိန်စက်တပ်ဆင်ထားသည့် ယာဉ်အား တွန်းရွေ့ဖယ်ရှားခြင်း၊ သင်တန်းကျောင်း မှ စစ်သည်များနှင့် လုပ်သားဝန်ထမ်းများအား ရိုင်းစိုင်းစွာပြောဆိုခြင်း တို့ကြောင့် ပြဿနာမကြီးထွားစေရန် ဆောက်လုပ်မှုလုပ်ငန်းအား ခေတ္တရပ်ဆိုင်းခဲ့သည်။

ထို့နောက် ဇန်နဝါရီ (၂၇) ရက်တွင် ၎င်းအုတ်တံတိုင်းဂိတ် အဝင်/အထွက် သံတံခါးတပ်ဆင်ခြင်း လုပ်ငန်းအား သင်တန်းကျောင်းမှ စစ်သည်များနှင့် လုပ်သားဝန်ထမ်းများ ဆက်လက်ဆောင်ရွက်စဉ် နံနက် (၈) နာရီခွဲချိန် ခန့်၌ အင်အား (၅၀) ဦးခန့်သည် တပ်ခြံစည်းရိုး သံတံခါးတပ်ဆင်ခြင်းလုပ်ငန်းအား တားဆီးနှောင့်ယှက်ခြင်း၊ သံတံခါးများအား တွန်းထိုးဖယ်ရှားခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်ပြီး လုပ်ငန်းခွင်မှ စစ်သည်များနှင့် လုပ်သား ဝန်ထမ်းများအား အုတ်ကျိုးများဖြင့် ပစ်ပေါက်ခြင်း၊ ဝင်ရောက်ပြီး တုတ်ဖြင့်ရိုက်နှက်ခြင်း စသည့်လူစု လူဝေးဖြင့် အကြမ်းဖက်မှုအသွင် ပြုလုပ်ခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် သင်တန်းကျောင်းမှ တပ်သား ချစ်ပိုင်ဦးသည် ဦးခေါင်းနောက်စေ့ (ဝဲ) တွင် အုတ်ခဲကျိုး ထိမှန်ပြီး နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ တပ်သားအောင်ဇင်ဖြိုးတွင် ဦးခေါင်းနောက်စေ့ (ယာ) တွင် တစ်လက် မခန့် ပေါက်ပြဲဒဏ်ရာနှင့် တပ်သားဝေယံမြင့်လွင် ယာမေးရိုးထိမှန် ဖူးရောင်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။
တပ်ပိုင်မြေဧရိယာအတွင်း သံတံခါးတပ်ဆင်မှုပြုလုပ်စဉ် အကြမ်းဖက် ဝင်ရောက်နှောင့် ယှက်ခဲ့သူများအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး တရားဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။


No comments:

Post a Comment