Sunday, December 28, 2014

အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့်အတူ မြောင်းမြမြို့ ရွှေသာလျောင်းဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံ အလှူတော်မင်္ဂလာ ရေစက်ချ အခမ်းအနားတက်ရောက်ပြီး မြောင်းမြမြို့ ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲနှင့် မြဧရာ အားကစားပွဲတော် ပိတ်ပွဲအခမ်းအနားတက်ရောက်




ရန်ကုန်၊ စက်တင်ဘာလ ၂၈ 

မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းသည် ယမန်နေ့နံက် (၆)နာရီတွင် မြောင်းမြမြို့ ဒီဇင်ဘာလူထုလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွဲ ပြီးနောက် မြောင်းမြမြို့ ပြည်လုံးချမ်းသာ ရွှေသာလျောင်းဘုရားကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် ဂန္ဓကုဋိတိုက် မှန်ကျောင်းဆောင် အသစ် ဆောက်လုပ်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဘက်စုံပြန်လည်မွမ်းမံခြင်း၊ အခါတော်မင်္ဂလာရေစက်ချ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးခင်ရီနှင့်အတူ တက်ရောက်ကာ မြောင်းမြမြို့ မြဧရာအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားအား ထပ်မံ တက်ရောက်ခဲ့ပါသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် မြောင်းမြမြို့ ဒီဇင်ဘာလူထုလမ်းလျှောက်သို့၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကို၊ အမျိုးသားလွှတ်တော် ဒေါက်တာဌေးနိုင်၊ တိုင်းဒေသကြီး လွှတ်တော် ဦးပြုံးချို၊ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် ဒေသခံပြည်သူအင်အား ၂၀၀၀ ခန့် နှင့်အတူ တက်ရောက်၍ လူထုလမ်းလျှောက်ပွဲအား မြောင်းမြမြို့ နောင်ရိုးအားကစားခန်းမရှေ့မှ စတင်၍ တာလွှတ်ကာ မြောင်းမြမြို့ (၁၁)လမ်းမကြီး၊ ထိုမှတဆင့် ဗိုလ်ချုပ်လမ်း၊ ထိုမှတဆင့် (၇)လမ်းကြီးအတိုင်းတို့မှ တဆင့် (၁၁)လမ်းမကြီး ပြန်ဝင်ကာ မြောင်းမြမြို့ ပြည်သူ့အားကစားကွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကာ ပြည်ထောင်စုဝန်ကြီးသည် လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွဲကြသော ပြည်သူများအား ရေသန့်နှင့် စားစရာများကို ဝေငှကာ၊ ပြည်သူများနှင့်အတူ ကိုယ်လက်လေ့ကျင့်ခန်း အတွဲ(၁)(၂)အားပြုလုပ်၍ မြောင်းမြမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ တပျော်တပါး ပါဝင်ဆင်နွဲခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ နှင့်အတူ နံနက် (၈)နာရီတွင် မြောင်းမြမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာ ရွှေသာလျောင်း ဘုရားကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် ဂန္ဓကုဋိတိုက်မှန် ကျောင်းဆောင်အသစ်ဆောက်လုပ်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်း၊ ဘတ်စုံပြန်လည် မွမ်းမံ ပြင်ဆင်ခြင်း၊ အလှူတော် မင်္ဂလာရေစက်ချ အခမ်းအနားသို့တက်ရောက်ပါသည်။ 

ရှေးဦးစွာ အခမ်းအနား ဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးတင့်ဆန်း၊ ဦးခင်ရီနှင့် တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကို၊ မြောင်းမြမြို့ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွေးမြင့်၊ ဘုရားကြီး ဂေါပကဥက္ကဌ တို့နှင့်အတူ မင်္ဂလာအချိန်၌ ဖဲကြိုးဖြတ်၍ အခမ်းအနားအား ဖွင့်လှစ်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနား တက်ရောက်လာကြသော ဧည့်သည်တော်များ ဘုရားကြီး အဝင်ဝမုဒ်ဦးအား အမွေးနံသာများဖြင့် ပက်ဖျန်းကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းနှင့် ဧည့်သည်တော်များသည် ရွှေသာလျောင်းဘုရားကြီးအား ရွှေသင်္ကန်းများ ကပ်လှူခြင်း၊ ပန်း၊ ဆီမီး၊ အမွှေးတိုင်များ ထွန်းညှိပူဇော်ခြင်း၊ သစ်သီးဝလံများနှင့် မြသပိတ်ဆွမ်းတော် တို့ကို ကပ်လှူပူဇော်၍ ရှိခိုး ကန်တော့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် အခမ်းအနားတက်ရောက်လာကြသော ဆရာတော်ကြီးများနှင့် အတူ နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ကာ အခမ်းအနားကို စတင်ခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော ဗဟိုသဃာ့ နာယက အလယ်တောရ ဆရာတော်ကြီးထံတွင် ဘုရားကန်တော့၍ ကိုးပါးသီလခံယူကြပါသည်။

ဆက်လက်၍ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ကြိုးများအား ဆရာတော်ကြီးများထံ ဆည်းကပ်၍ အခမ်းအနားတက်ရောက်လာသော ဆရာတော်ကြီးများမှ ပရိတ်တရားတော်များကို ရွတ်ဆိုကြပါသည်။

ဆက်လက်၍ ရွှေသာလျောင်းဘုရားကြီးအား ပြန်လည်ပြုပြင်မွမ်းမံဆောက်လုပ်ခဲ့သော ဗိသုကာပညာရှင်များ မှ အလှူရှင် ဒါယိကာ၊ ဒါယိကာမများဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့် ဇနီး ဒေါက်တာဒေါ်ဌေးဌေးငြိမ်း တို့မှ ရွှေသာလျောင်းဘုရားကြီးအား ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီး၍ ပြန်လည် အပ်နှံကြောင်းကို ဖတ်ကြားပါသည်။

ဆက်လက်၍ အလှူရှင် ဒါယိကာ၊ ဒါယိကာမ များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့် ဇနီး ဒေါက်တာ ဒေါ်ဌေးဌေးငြိမ်းတို့သည် အခမ်းအနားတက်ရောက်လာကြသော ဆရာတော်ကြီးများထံမှ ဘက်စုံမွမ်းမံတည်ဆောက်ပြီးစီးသော ရွှေသာလျောင်းဘုရားကြီးအား ပြန်လည်အပ်နှံဆည်းကပ်ပြီးနောက် ဆရာတော်ကြီးများ အား လှူဖွယ်ပစ္စည်းများ န၀ကမ္မအလှူငွေများ လှူဒါန်းပူဇော်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ဧည့်သည်တော်များမှ လှူဖွယ်ပစ္စည်းများအား ဆရာတော်ကြီးများထံ ဆည်းကပ်လှူဒါန်းပြီးနောက် ဗဟိုသဃာ့ နာယက အလယ်တောရ ဆရာတော်ကြီးထံတွင် ရေစက်ချ တရားတော်များ နာယူခဲ့ကြသည်။

ထို့နောက် အခမ်းအနား တက်ရောက်လာကြသော ဆရာတော်ကြီးများမှ ရွှေသာလျောင်းဘုရားကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်ခြင်းနှင့် ဘိသိပ်သွန်းပူဇော်ခြင်းများကို ပြုလုပ်ကြပြီး ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနားတက်ရောက်လာကြသူများမှ ဆရာတော်ကြီးများအား ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော်ကာ နေ့ဆွမ်းများကပ်လှူပူဇော်ခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် ညနေ(၃)နာရီတွင် မြောင်းမြမြို့ မြဧရာအားကစားပွဲတော် ဘောလုံးဗိုလ်လုပွဲအဖြစ် ငါးမြင်းချောင်း(က)ဘောလုံးအသင်းနှင့် မြို့မ(မရမ်းကုန်း) ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးပါသည်။

ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချိုမှ ပွဲစဉ်တစ်လျှောက်နေရာလိုက် အကောင်းဆုံးရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို ချီးမြှင့် ကြပါသည်။
ဆက်လက်၍အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဌေးနိုင်မှ ဒုတိယဆုရရှိသော မြို့မ (မရမ်းကုန်း) ဘောလုံးအသင်းအား ဆုတံဆိပ်ငွေသားဆုများကို ချီးမြှင့်ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုမှ ပထမဆုရ ငါးမြင်းချောင်း(က) ဘောလုံး အသင်းအား တစ်ဦးခြင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ချီးမြှင့်ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှ ပထမဆုရငါးမြင်းချောင်း(က)ဘောလုံးအသင်းအား တံခွန်စိုက် ဆုဖလားကြီးအား ချီးမြှင့်ခဲ့ပါသည်။ 

ဆက်လက်၍ မြဧရာအားကစားပိတ်ပွဲအခမ်းအနားကို ဆက်လက် ကျင်းပပြုလုပ်ရာ မြောင်းမြမြို့၊ ပညာရေး ကောလိပ်မှ သင်တန်းသား/သူ လေးများမှ ကရင်ဒုံးယိမ်း အကဖြင့်လည်းကောင်း၊ မြောင်းမြမြို့ အထက(၁)ကျောင်းသူ လေးများနှင့် ပညာရေးကောလိပ်မှ ကျောင်းသူ လေးများမှ “သွေးချင်းတို့ဌာနေ မြန်မာပြည်သီချင်း” ဖြင့် ကပြဖျော်ဖြေ ပြီး မြောင်းမြမြို့ တံတားနှင့် မြဧရာ အားကစားပွဲတော် စာလုံးများဖြင့် သရုပ်ဖော် ကပြခဲ့ကြပါသည်။


ဆက်လက်၍ မြောင်းမြမြို့ ထူးချွန်ကျောင်းသား/ သူများ၊ ပညာရေးကောလိပ်မှ သင်တန်းသား/ သူများ၊ မြောင်းမြ အထက(၁)မှ ကျောင်းသူလေးများနှင့် အခမ်းအနား ပါဝင်ကြသူများအားလုံး တို့မှ “သွေးချင်းတို့ရေ” နှုတ်ဆက်သီချင်းဖြင့် သရုပ်ပြဖျော်ဖြေကာ ပြည်ထောင်စုဝန်ကြီးမှ အခမ်းအနား တက်ရောက်လာသူများ အားလုံးကို လက်ပြနှုတ်ဆက်၍ မြဧရာ အားကစားပွဲတော်အား တပျော်တပါးအခမ်းအနားကို ပိတ်သိမ်း ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment