Wednesday, December 31, 2014

စွမ်းဆောင်ရည်မရှိသူကို ချီးမြှောက်ခြင်းသည် တော်နေသူကို အပြစ်ပေးခြင်းနှင့်တူ

မန္တလေး ဒီဇင်ဘာ ၃ဝ
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများက အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ နိုင်ငံ့ဝန်ထမ်းများအား တွေ့ဆုံပွဲကို မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အထက်မြန်မာပြည်အဆင့် ဌာနဆိုင်ရာများ တိုင်းအဆင့်ဌာနဆိုင်ရာများမှ ဌာနပေါင်း ၁၃၆ ခုရှိ အရာထမ်း၊ အမှုထမ်း ၆၂၅ ဦး တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ယခုအချိန်အခါသည် နိုင်ငံရေး စနစ်ဟောင်းတစ်ခုမှ စနစ်သစ်တစ်ခုသို့ ကူးပြောင်းနေသော ကာလတစ်ခုဖြစ်ပြီး စိန်ခေါ်မှုများကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့သည်ကို တွေ့ရမှာ ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတကြီးကို ပြုပြင်ပြောင်းလဲရေး အမှတ်အသားတစ်ခု အနေနှင့် သတ်မှတ်ခံရသည် အထိ အောင်မြင်ခဲ့သည်ကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများထံမှ ရရှိသော အခွန်အခများကို အလုပ်အကျွေးပြုသည့် အနေနှင့်ပြန်ပြီး အလုပ်အကျွေး ပြုရန်အတွက် ဝန်ထမ်းလစာပေးခြင်း ဖြစ်ကြောင်း၊ အလုပ်အကျွေးပြုရန် တာဝန်များကို တိတိကျကျနှင့် ထမ်းဆောင်ရန် လိုကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် မိမိ၏ အသက်မွေးဝမ်းကျောင်းကို အထောက်အကူ ပြုနေသကဲ့သို့ မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ ဥပဒေ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းပြီး လုပ်နိုင်ရန်၊ စွမ်းအင်မြင့်မားရန် လိုအပ်ကြောင်း၊ ရာထူးတိုးမြှင့်ရေး ကိစ္စများတွင် စွမ်းဆောင်ရည် အခြေပြုစီမံခန့်ခွဲမှု၊ တစ်နည်း ရလဒ်အခြေပြု စီမံခန့်ခွဲမှုကို ကျင့်သုံးသွားမှာ ဖြစ်ကြောင်း၊ စွမ်းဆောင်ရည် မရှိသူကို ချီးမြှောက် ခြင်းသည် တော်နေသူကို အပြစ်ပေးခြင်းနှင့် တူကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ အတွေးအခေါ် အယူအဆ ပြောင်းလဲဖို့လိုကြောင်း၊ ပြည်သူအခြေပြု စီမံခန့်ခွဲရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် Mind Set များကို ပြုပြင်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေနှင့် ဝန်ထမ်းလစာတိုးရေး တစ်ခုတည်းသာ စဉ်းစားရမည် မဟုတ်ဘဲ နောင်ရေး စိတ်အေးရမည့် စနစ်ကောင်းတွေကို ရယူသွားရမည် ဖြစ်ကြောင်း၊ တစ်ဦးချင်းဝင်ငွေ စုဆောင်းငွေစနစ်က ရေရှည်တွင် အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိက ဝန်ထမ်းများအတွက်ပါ ဘဝရေရှည် ရည်မှန်းချက်ကို လျှောက်လှမ်းရန် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အနေနှင့် နိုင်ငံတော်၏ လမ်းညွှန်ချက်များကို စနစ်တကျ အကောင်အထည်ဖော်ရင်း တာဝန်ရှိသည်၊ တာဝန်သိသည်၊ တာဝန်ခံယူသည်၊ တာဝန် ကျေပွန်သည်ဆိုသည့် ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် ပြောကြားလိုကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံများတွင် စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းများရှိရန် ရာထူးတိုးမြှင့်ရေး ကိစ္စရပ်များတွင် စွမ်းဆောင်ရည် အခြေပြု စီမံခန့်ခွဲမှု၊ ရလဒ်အခြေပြု စီမံခန့်ခွဲမှုကို ကျင့်သုံးသွားရမည် ဖြစ်ကြောင်း၊ ပြည်သူ့ ဝန်ထမ်းများအနေနှင့် ပြည်သူ့ဆန္ဒ၊ ပြည်သူ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း၊ ခံယူချက်ထားပြီး ကြိုးစား လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေနှင့်လည်း ဝန်ထမ်းများ၏ နောင်ရေး စိတ်အေးရမည့်အိမ်ရာပိုင်ဆိုင်ရေး၊ ကျန်းမာ ရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍများကို အကောင်အထည် ဖော်ပေးရန် ဆောင်ရွက် လျက်ရှိကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့်လည်း ကိုယ်တိုင်အရည် အသွေးမြင့်မားရေးနှင့် ကိုယ်ကျင့်တရား ကောင်းမွန်ရေးကို ဆောင်ရွက်ပြီး အောက်ခြေအဆင့်များအပေါ်တွင် မှန်ကန်သော ခေါင်းဆောင်မှုပေးရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဝန်ထမ်းလစာ တိုးမြှင့်ပေးနိုင်ရေးနှင့် ပတ်သက်၍ ဝန်ထမ်းမိသားစု၏ ကုန်ကျစရိတ်များကို အထောက်အပံ့ ဖြစ်စေနိုင်မည့် အစီအမံများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ခြင်းကိစ္စကို လာမည့်ဘဏ္ဍာရေးနှစ်မှ စတင်ပြီး အကောင်အထည်ဖော် ပေးနိုင်ရန် အသေးစိတ် တွက်ချက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမည်ဟု အသံထွက်လာတိုင်း ကုန်ဈေးနှုန်းကအရင် ခုန်ခုန်တက် နေသည်ကို တွေ့ရကြောင်း၊ ပြန်ကြည့်မည်ဆိုလျှင် နိုင်ငံ့ဝန်ထမ်းများသည် နှစ်ရာခိုင်နှုန်းသာရှိပြီး ကျန် ၉၈ ရာခိုင်နှုန်းမှာ ပြည်သူများ ဖြစ်သည့်အတွက် စာနာဖို့လိုကြောင်း၊ ပြည်သူကို အလုပ်အကျွေး ပြုရမည့်သူများသည် ပြည်သူကို ဒုက္ခပေးမည့်သူများ မဖြစ်စေရန် ဆောင်ရွက်ဖို့လိုကြောင်း၊ ဝန်ထမ်းများလစာ တိုးမြှင့်ပေးရေးကို အလေးထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လစာ တိုးမြှင့်ရေးနှင့်အတူ ဝန်ထမ်းများ အငြိမ်းစား ယူပြီးသည့်အခါ ကိုယ်ပိုင်အိမ်နှင့် နေနိုင်ရေး၊ ကျန်းမာရေးနှင့် သုံးစွဲကုန်ကျမှုများကို အထောက်အပံ့ ဖြစ်စေနိုင်မည့် အစီအမံများကို ဖော်ဆောင်ပေးသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ ဖော်ဆောင်ရာတွင် နိုင်ငံတကာတွင် အောင်မြင်စွာ ကျင့်သုံးနေပြီး ပြည်သူများ၏ အကျိုးစီးပွားကို ဘေးထွက်ဆိုးကျိုး သက်ရောက်မှုအနည်းဆုံး ဖြစ်စေမည့် ဝင်ငွေစုဆောင်းသည့် ရန်ပုံငွေစနစ်တစ်ခု ထူထောင်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ စုဆောင်းငွေနှင့် နေစရာမပူပင်ရဘဲ ရင်သွေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များတွင် စိတ်ချမ်းမြေ့ဖွယ် ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း၊ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်၊ ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်မှု အာမခံစနစ် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် အခမဲ့ အထက်တန်းအထိ ပညာရေးစနစ်ကို ဆောင်ရွက်ပေးရန် စီစဉ်ထားကြောင်း ပြောကြားသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးများက ဝန်ကြီးဌာနအလိုက် ဝန်ထမ်းများနှင့် ပြည်သူများ သက်သာ ချောင်ချိရေးဆိုင်ရာ အခြေအနေများကို ဘဏ္ဍာရေးနှစ်အလိုက် ကိန်းဂဏန်း အချက်အလက်နှင့် ရှင်းလင်း တင်ပြကြသည်။

No comments:

Post a Comment