Wednesday, December 31, 2014

လင်းခေးမြို့နယ် ၀မ်စလောင်းကျေးရွာအနီး၌ တရားမ၀င်သစ်ဖမ်းဆီးရမှုနှင့် သစ်တောဝန်ထမ်းများ ပစ်ခတ်တိုက်ခိုက် ခံရမှုဖြစ်စဉ်အပေါ် သတင်းစာရှင်းလင်းပွဲကျင်းပ





နေပြည်တော် ဒီဇင်ဘာ ၃ဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန သစ်တောဦးစီးဌာနက လင်းခေးခရိုင် လင်းခေးမြို့နယ် ဝမ်စလောင်းကျေးရွာ အနီးတွင် တရားမဝင်သစ် ဖမ်းဆီးရမိမှုနှင့် သစ်တောဝန်ထမ်းများ ပစ်ခတ်တိုက်ခိုက်ခံရမှု ဖြစ်စဉ်အပေါ် သတင်းစာရှင်းလင်းပွဲကို သစ်တောဦးစီးဌာန ရုံးအမှတ်(၃၉) အစည်းအဝေးခန်းမ၌် ဒီဇင်ဘာ ၃ဝ ရက် နံနက် ၁၁ နာရီက ကျင်းပရာ သတင်းမီဒီယာများမှ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးများဖြစ်သော ဦးဇော်မင်းနှင့် ဦးကျော်ကျော်လွင်တို့က သစ်တောဝန်ထမ်းများ ပစ်ခတ် တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။
ညွှန်ကြားရေးမှူး ဦးဇော်မင်းက ဖြစ်စဉ်ကို ရှင်းလင်းပြောကြားရာတွင် လင်းခေးခရိုင် ဝမ်စလောင်းရွာအနီးတွင် ပိတောက်သစ်များ ခိုးထုတ်နေကြောင်း ရှမ်းပြည်နယ် သစ်တော/ သတ္တုဝန်ကြီးမှ ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီခန့်က ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံးသို့ ဖုန်းဖြင့်ဆက်သွယ်၍ အကြောင်းကြားချက်အရ လင်းခေး ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမင်း၊ ဦးစီးအရာရှိ ဦးခိုင်မွန်နှင့် ဘိနယ်သစ်တောဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက်တွင် ဝမ်ဟတ်ရဲစခန်းမှ စခန်းမှူးပါ ရဲတပ်ဖွဲ့ဝင်အင်အား လေးဦးနှင့်အတူ ဝမ်စလောင်းရွာသို့ ကွင်းဆင်းရှာဖွေ ခဲ့ရာ ထူးခြားမှုမရှိသဖြင့် လင်းခေးသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း။
ဒီဇင်ဘာ ၂၆ ရက်က ဝမ် စလောင်းရွာအနီး ရှာဖွေခဲ့ရာ မွန်းလွဲ ၁ နာရီခွဲတွင် ရွာမြောက်ဘက်နေရာမှ တရားမဝင် ပိတောက်သစ်လုံး ၂ဝ၂ လုံး (ခန့်မှန်း ၃၄ တန်ခန့်) နှင့် ညနေ ၄ နာရီခွဲတွင် ဝမ်စလောင်းရွာ အရှေ့ဘက်နေရာမှ တရားမဝင် ပိတောက်သစ်လုံး ၈ဝဝ ကျော် (ခန့်မှန်း ၁၇ဝ တန်ခန့်) ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး သစ်လုံးထိပ်များပေါ်တွင် အင်္ဂလိပ်အက္ခရာ (S)(အက်စ်)သုံးခု ရိုက်နှိပ်ထားသည်ကို တွေ့ရှိရကြောင်း၊ ထို့နောက် လင်းခေးသို့ ပြန်လည် ထွက်ခွာလာခဲ့ကြောင်း။
ဒီဇင်ဘာ ၂၇ ရက် နံနက် ၁ဝ နာရီခွဲတွင် လက်ထောက်ညွှန်ကြား ရေးမှူး ဦးလှမင်း၊ ဦးစီးအရာရှိ ဦးခိုင် မွန်၊ လင်းခေးမြို့နယ်မှ တောအုပ် ဦးစောစစ်မထွန်း၊ တောခေါင်းဦးသန်း ထိုက်အောင်၊ တောခေါင်း(ယာဉ် မောင်း) ဦးဗိုလ်မင်း၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးဝင်းလွင်၊ တောခေါင်း ဦးစစ်ထွေး၊ စုစုပေါင်း ခုနစ်ဦး ပါဝင်သောအဖွဲ့ သည် လင်းခေးမြို့မှ မော်တော်ယာဉ် နှစ်စီးဖြင့် ဝမ်စလောင်းရွာဘက်သို့ ထွက်ခွာခဲ့ကြောင်း၊ တောအုပ် ဦးစောစစ်မထွန်းနှင့် အရပ်သားသုံးဦးအား လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမင်းက ဝမ်စလောင်းရွာမှ လင်းခေးသို့ ကြိုတင် ပြန်လည်စေလွှတ် ခဲ့သဖြင့် အဆိုပါအဖွဲ့သည် ဒီဇင်ဘာ ၂၇ ရက် ညနေ ၅ နာရီခွဲက မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ခွာ သွားခဲ့ကြောင်း၊ ကျန်ရှိခဲ့သူများ အနက် လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမင်း၊ ဦးစီးအရာရှိ ဦးခိုင်မွန်၊ တောအုပ် ဦးဝင်းလွင်၊ တောခေါင်း (ယာဉ်မောင်း) ဦးဗိုလ်မင်းတို့သည် မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ တောခေါင်း ဦးစစ်ထွေးနှင့် ဦးသန်းထိုက်အောင်တို့သည် ဆိုင်ကယ်နှစ်စီး ဖြင့်လည်းကောင်း ဝမ်စလောင်းရွာမှ ညနေ ၆ နာရီ ၁၅ မိနစ်တွင် လင်းခေး သို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း။
ဝမ်စလောင်းရွာမှ လေးမိုင်ခန့် အကွာသို့အရောက်တွင် ပြောက်ကျား ယူနီဖောင်းဝတ် လက်နက်ကိုင် သောင်းကျန်းသူ ငါးဦးခန့်မှ ဆိုင်ကယ်နှင့်ကားများကို သေနတ်ဖြင့် ချိန်ရွယ်၍ တားဆီးခဲ့သဖြင့် လက်ထောက် ညွှန်ကြားရေးမှူး ဦးလှမင်းက အတင်း မောင်းနှင်ထွက်ပြေးစေခဲ့ရာ သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ တောအုပ် ဦးဝင်း လွင်မှာ ကားပေါ်မှခုန်ချထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း။
ဖြစ်စဉ်အား သိလျှင်သိချင်း ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့သည် အခြေချစစ်ဗျူဟာမှူးထံ သတင်းပို့၍ ရတခမရ(၁၃၂) စစ်ကြောင်းဖြင့် တောအုပ် ဦးဝင်းလွင်လိုက်ပါကာ အခင်းဖြစ်နေရာသို့ ချီတက်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၈ ရက် မွန်းတည့် ၁၂ နာရီတွင် ရောက်ရှိခဲ့ကြောင်း၊ ပစ်ခတ် ခံထားရသော မော်တော်ယာဉ်နှင့် ဆိုင်ကယ်တို့နှင့်အတူ အလောင်း လေးလောင်းကို တွေ့ရှိခဲ့ကြောင်း၊ တောအုပ်ဦးဝင်းလွင်၏ အတည်ပြု ချက်အရ သေဆုံးသူများမှာ လက်လောက်ညွှန်ကြားရေးမှူး ဦးလှမင်း၊ တောခေါင်း ဦးစစ်ထွေး၊ တောခေါင်း ဦးသန်းထိုက်အောင်နှင့် တောခေါင်း(ယာဉ်မောင်း) ဦးဗိုလ်မင်းတို့ ဖြစ်ကြောင်း၊ ဦးစီးအရာရှိ ဦးခိုင်မွန် မှာမူ ပစ်ခတ်မှုဖြစ်ပွားစဉ် ထွက်ပြေး လွတ်မြောက်ခဲ့ပြီးနောက် အခင်းဖြစ် နေရာနှင့်တစ်မိုင်ခန့်အကွာတွင် ပုန်း အောင်းနေခဲ့ရာမှ ရောက်ရှိလာသော တပ်မတော်စစ်ကြောင်းနှင့် ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းတွင် ပြန်လည် တွေ့ဆုံခဲ့ကြောင်း။
သစ်တောဦးစီးဌာန အနေဖြင့် နိုင်ငံတော်၏ အဖိုးတန်သစ်တော သယံဇာတများကို နောင်သားစဉ်မြေး ဆက်တိုင် စဉ်ဆက်မပြတ်ထုတ်ယူ သုံးစွဲနိုင်ရေး အစဉ်အလေးထား၍ တရားမဝင် သစ်ခိုးထုတ်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စီမံချက်များ ချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေရာ ဒေသခံပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို အဓိကအားပြု ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးအရ အားနည်းသော နယ်မြေများတွင် တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များ၏ အကာအကွယ်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း။
ယခုဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်အရ မော်တော်ယာဉ်ကို ရှေ့မှပစ်ခြင်း၊ ကားနှင့်အလောင်းများ အနေအထား အရ ယာဉ်ပေါ်မှဆွဲချပြီး ပစ်သတ် ထားခြင်း၊ တရားမဝင်သစ်လုံးများ တွင် (S.S.S) သုံးလုံးတံဆိပ် ပါရှိနေ သောကြောင့် လက်နက်ကိုင်အဖွဲ့ အစည်းအချို့နှင့် ပတ်သက်သည်ဟု ယူဆရကြောင်း၊ ယခုကဲ့သို့ ငြိမ်းချမ်းရေး တည်ဆောက်နေစဉ် တွင် ဥပဒေနှင့် မညီသော တရားမဝင်သစ်ခိုး ထုတ်နေခြင်းသည် နိုင်ငံတော်၏ သစ်တောသယံဇာတများ ပြုန်းတီး ဆုံးရှုံးစေခြင်း၊ အခွန်ဘဏ္ဍာများ နစ်နာဆုံးရှုံးစေခြင်း ဖြစ်စေသည့် အပြင် တရားမဝင်သစ်ခိုးထုတ်လုပ် မှုမှရရှိလာသော အကျိုးအမြတ်များကို မျှော်ကိုး၍ အပြစ်မဲ့ လက်နက်မဲ့ ပြည်သူ့ဝန်ထမ်းများကို သတ်ဖြတ်နေ ခြင်းမှာ လုံးဝသင့်လျော်မှုမရှိကြောင်း၊ ဆက်လက်၍ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က ဤဖြစ်စဉ်ကဲ့သို့ ဆိုးရွားခြင်း မရှိသော်လည်း လက်နက်ကိုင် အဖွဲ့အစည်းအချို့ နှင့် ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ဖြစ်စဉ် ခြောက်ခု၊ ၂ဝ၁၂ -၂ဝ၁၃ ခုနှစ်တွင် ဖြစ်စဉ်ကိုးခု၊ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ဖြစ်စဉ်သုံးခု ရှိခဲ့ဖူးကြောင်း၊ ၄င်းတို့သည် တရားမဝင်သစ် ထုတ်လုပ်မှုများနှင့် တစ်နည်းမဟုတ် တစ်နည်း ပတ်သက်မှုရှိနေပါကြောင်း၊ ယခု ဖြစ်စဉ်သည် သစ်တောဦးစီးဌာန အတွက်သာမက နိုင်ငံတော်အတွက်လည်း ဝန်ထမ်းကောင်းများ ဆုံးရှုံးစေမှုကို ဖြစ်စေပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူး ဦးဇော်မင်းက သေဆုံးသွားသော ဝန်ထမ်းလေးဦး၏ကျန်ရှိမိသားစုများ အပေါ် ဝန်ကြီးဌာနမှ ကူညီပံ့ပိုး ထောက်ပံ့ပေးရန် ဆောင်ရွက်ထားရှိမှု၊ သားသမီးများ၏ ပညာရေးဆုံးခန်း တိုင်အောင် ကူညီနိုင်ရေးစီမံဆောင် ရွက်ထားရှိမှုများအား ရှင်းလင်းပြော ကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က သစ်တော ဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ သစ်တောသယံဇာတ ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်အပေါ် ဆောင်ရွက်နေမှု၊ တရားမဝင်သစ် ဖမ်းဆီးရေးဆောင်ရွက်မှု အခြေအနေ များ၊ လက်နက်ကိုင်အဖွဲ့အစည်းအချို့ ၏တရားမဝင်သစ် ခိုးထုတ်မှုများတွင် ပါဝင်ပတ်သက်ဆောင်ရွက်မှုများနှင့် ယခင် ဖြစ်ပွားခဲ့သော သစ်တော ဝန်ထမ်းများအား လက်နက်ကိုင်တိုက် ခိုက်မှုဖြစ်စဉ်များကို အထောက်အထား မှတ်တမ်းဓာတ်ပုံများနှင့်တကွ ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက သိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြား ခဲ့ကြကြောင်း သတင်းရရှိသည်။




No comments:

Post a Comment