Wednesday, December 31, 2014

အမျိုးသားပညာရေး စီမံကိန်း ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၃ဝ
အခြေခံပညာရေး ကဏ္ဍဆိုင်ရာ ဆက်စပ်ဥပဒေ (မူကြမ်း)များ ရှင်းလင်းခြင်းနှင့် အမျိုးသား ပညာရေး စီမံကိန်း ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (ဒုတိယနေ့)ကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည်။

အစီအစဉ်အရ အခမဲ့မသင် မနေရ မူလတန်း ပညာရေးဥပဒေ (မူကြမ်း) ကို သင်ရိုးညွှန်းတမ်း ပညာရှင် ဒေါက်တာ မြင့်သိန်းက လည်းကောင်း၊ နည်းပညာနှင့် သက်မွေး ပညာရေးဥပဒေ (မူကြမ်း)ကို နည်းပညာ တက္ကသိုလ် (မအူပင်) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဇော်မင်းနိုင်က လည်းကောင်း ရှင်းလင်းကြသည်။
ဆက်လက်၍ အမျိုးသားပညာရေး စီမံကိန်းများ ရှင်းလင်းပွဲကို ၂ဝ၁၅ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြုလုပ်မည့် အစီအစဉ်များကို ဘက်စုံ လွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာ သုံးသပ်ရေး လုပ်ငန်း (CESR) မှ စီမံကိန်းနှင့် အုပ်ချုပ်မှုဌာန အကြံပေး Dr. Jonathan Caseley က တင်ပြသည်။

ယင်းနောက် အဆိုပါ(မူကြမ်း) ၂ ခုကို အုပ်စုအလိုက် အဖွဲ့ခွဲကာ ဆွေးနွေးကြပြီး တက်ရောက် လာကြသူများ၏ အကြံပြု ပြောကြားချက်များကို ပြန်လည် သုံးသပ်ကြသည်။ အဆိုပါ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၃၁ ရက်အထိ ကျင်းပမည် ဖြစ်သည်။ 

No comments:

Post a Comment