Monday, October 27, 2014

အိုလံပစ်သွေးစည်းညီညွှတ်ရေး အစီအစဉ်အရ ဖွင့်လှစ်သည့် အမျိုးသားအဆင့်အားကစား စီမံခန့်ခွဲသူများသင်တန်း (၂/၂၀၁၄) သင်တန်းဖွင့်လှစ်



နေပြည်တော် အောက်တိုဘာ ၂၇
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီတို့၏ ပူးပေါင်းမှုဖြင့် အိုလံပစ် သွေးစည်း ညီညွှတ်ရေး အစီအစဉ်အရ ဖွင့်လှစ်သည့် အမျိုးသားအဆင့် အားကစား စီမံခန့်ခွဲသူများသင်တန်း (၂/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈နာရီ)က နေပြည်တော်ရှိ အားကစားလေ့ကျင့်ရေးစခန်း သင်တန်းခန်းမတွင် ပြုလုပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားပါသည်။
ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယနေ့အချိန်ကာလသည် မြန်မာနိုင်ငံအနေဖြင့် တတိယအဆင့် ပြုပြင်ပြောင်းလဲရေးကာလကို အရှိန်အဟုန်မြင့် ဖြတ်သန်းနေတဲ့ ကာလဖြစ်ကြောင်း၊ ယင်းကဲ့သို့ အချိန်မျိုးတွင် လူစွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုသည်မှာ လွန်စွာအရေးကြီးလှကြောင်း၊ ယခုကဲ့သို့ သင်တန်း များ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာပြီး မိမိတို့၏နိုင်ငံတော် အတွက် ကြရာအခန်းကဏ္ဍမှ တာဝန်အသိသိဖြင့် တာဝန်ထမ်းဆောင်နိုင်သော ထူးချွန်ထက်မြက်သည့် ဝန်ထမ်းကောင်းများ ပေါ်ထွက်လာစေရေးနှင့် အားကစားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော စီမံအုပ်ချုပ်သူများနှင့် နည်းပြ များအနေဖြင့်လည်း စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု နည်းပညာများကို တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကြုံတွေ့နေရသော အခက်အခဲများကိုလည်း စာတွေ့လက်တွေ့ပေါင်းစပ်လေ့လာနိုင်ရန် ရည်ရွယ်ပါကြောင်း၊  မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်သွားကြရာမှာလည်း နိုင်ငံတကာ အားကစား လုပ်ငန်းများနဲ့ ထိတွေ့ဆက်စပ်ပြီး၊ နိုင်ငံတကာနှင့်အတူ ရင်ဘောင်တန်းဆောင်ရွက် အကောင်အထည် ဖော်သွား နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ချမှတ်ပေးထားသော အိုလံပစ်မူဝါဒများ၊ အိုလံပစ် အတွေး အခေါ်နဲ့ ယဉ်ကျေးမှု၊ ပညာပေးမှု ဆိုင်ရာနှင့် မွန်မြတ်လသည့် အိုလံပစ်အသိပညာ ခံယူချက်များကိုလည်း အခြေခံ ကစပြီး၊ သိရှိနားလည် သဘောပေါက်ထားကြဖို့ လိုအပ်လှပါကြောင်း၊ အလားတူ အားကစားဆိုင်ရာ တာဝန်ရှိသူ တွေအနေဖြင့် အားကစားဆိုင်ရာ ခေတ်မီနည်းစနစ်များ၊ နည်းဗျူဟာများ၊ အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေသော ခေတ်မီအားကစားဆိုင်ရာ စီမံခန့်ခွဲရေး ပညာရပ်များကို အချိန်နဲ့တပြေးညီ လေ့လာဆည်းပူးသွားကြဖို့ အထူးလိုအပ် လှပါကြောင်း၊ အားကစားဆိုသည်မှာ အသားအရောင်ခွဲခြားခြင်းမရှိပဲ လူတန်းစားမရွေးပါဝင်ကစားနိုင်သည့် လူထု လှုပ်ရှားမှု တစ်ခုပင်ဖြစ်ပါသဖြင့် ယခုလို အမျိုးသားအဆင့် အားကစားစီမံခန့်ခွဲသူများ သင်တန်း (၂/၂၀၁၄) ကို ဖွင့်လှစ်ပေးပြီး ဒီသင်တန်းကို တက်ရောက်ကြမည့် သင်တန်းသားများအနေဖြင့် သင်တန်းကပို့ချပေးမယ့် အားကစား အသိပညာအတတ်ပညာများကို မိမိတို့ရှိပြီးသား အတွေ့အကြုံကောင်းများနဲ့ ပေါင်းစပ်ကာ မြန်မာအားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အစွမ်းကုန် ပြန်လည်အသုံးချ အကောင်အထည်ဖော် ဆောင်ရွက်သွား နိုင်ရန် ကြိုးပမ်းသွားကြဖို့ လိုအပ်ကြောင်း မှာကြားခဲ့သည်။

ယနေ့ဖွင့်လှစ်သည့် အမျိုးသားအဆင့် အားကစား စီမံခန့်ခွဲသူများသင်တန်း (၂/၂၀၁၄) သို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၄) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂၇.၁၀.၂၀၁၄) မှ (၃၁.၁၀.၂၀၁၄) အထိ ဖြစ်ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment