Monday, October 27, 2014

ပြည်ထောင်စုအဆင့် မွေးမြူရေးပြခန်း၊ ပြပွဲ၊ ပြိုင်ပွဲ နှင့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ကျင်းပ


နေပြည်တော် အောက်တိုဘာ ၂၇
ပြည်ထောင်စုအဆင့် မွေးမြူရေးပြခန်း၊ ပြပွဲ၊ ပြိုင်ပွဲကျင်းပနိုင်ရေးနှင့် သားငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား အောက်တိုဘာလ (၂၆) ရက်နေ့ မွန်းလွဲ (၂) နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ မွေးမြူရေး ပညာရှင်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက် ကြသည်။

အဆိုပါအစည်းအဝေးတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေပြည်တော်၊ ရွှေမြို့ရှိ မြစိမ်းရောင်မွေးမြူရေး ကျေးရွာ၌ ပြည်ထောင်စုအဆင့် မွေးမြူရေးဆိုင်ရာပြခန်း၊ ပြပွဲနှင့် ပြိုင်ပွဲများ ခင်းကျင်းပြုလုပ် ပြသသွားမည်ဖြစ်သည့်အတွက် မိမိတို့နိုင်ငံအတွင်း မွေးမြူလုပ်ကိုင် လျက်ရှိသော မွေးမြူရေး တိရစ္ဆာန်များ၊ တိရစ္ဆာန်သုံး ပစ္စည်းများ၊ ဆေးဝါးများ ခင်းကျင်းပြသနိုင်ရေးနှင့် တိရစ္ဆာန် အလှပြိုင်ပွဲများ ပြုလုပ်နိုင်ရေးအတွက် မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်၊ မွေးမြူရေးပညာရှင်များနှင့် လုပ်ငန်းရှင်များမှ ဝိုင်းဝန်း အကြံပြု ဆွေးနွေး ကြစေလိုကြောင်း၊ ပြည်သူအများ မွေးမြူရေး အသိပညာများရရှိလာပြီး ကိုယ်တိုင်မွေး၊ ကိုယ်တိုင် ထုတ်လုပ်၍ အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်ရရှိရေး၊ မိသားစုအပိုဝင်ငွေ ရရှိရေး၊ မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များအား သိရှိပြီး မွေးမြူပျံ့နှံ့နိုင်ရေး၊ တိုင်းနှင့်ပြည်နယ်များရှိ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၊ ငါးလုပ်ငန်း အဖွဲ့ချုပ်များမှလည်း မိမိတို့ ဒေသများအတွင်း မွေးမြူရေးပြခန်း၊ ပြိုင်ပွဲများခင်းကျင်းပြသသွားနိုင်ရေး၊ သန့်ရှင်း လတ်ဆတ်သော မိမိတို့ မွေးမြူရေးထွက်ကုန် ပစ္စည်းများနှင့်တိရစ္ဆာန် သုံးဆေးဝါးများအား ပြည်သူအများ သို့ ရောင်းချနိုင်ရေးရည်ရွယ်၍ မွေးမြူရေးပြခန်း၊ ပြပွဲနှင့်ပြိုင်ပွဲများအား ခင်းကျင်းပြသရခြင်း ဖြစ်ကြောင်း၊ ဆက်လက်၍ နိုင်ငံအတွင်း သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကူးသန်းရောင်းဝယ်ရေး အဆင်ပြေချောမွေ့ စေရေးအတွက် Meat Inspection Board ကို ထူထောင်သွားပြီး ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးခြင်းအား လုပ်ထုံးလုပ်နည်းများနှင့် အညီ အဆိုပါ Board မှ တာဝန်ယူစစ်ဆေးကာ ဝန်ကြီးဌာနမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့် လက်မှတ် ထုတ်ပေး သွားနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် မိမိတို့ပစ္စည်းများ အရည်အသွေး ပြည့်မီရေးအတွက် ယှဉ်ပြိုင်ကြိုးစား နေကြရမည်ဖြစ်ကြောင်း၊ Meat Inspection Board ထူထောင် ခြင်းဖြင့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ မိမိတို့ စိတ်တိုင်းကျ ပြည်တွင်းပြည်ပများမှ တိရစ္ဆာန်များ၊ ထွက်ကုန် ပစ္စည်း များအား တင်သွင်းခြင်း၊ ပို့ဆောင် ခြင်းစသည့် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများ လွယ်ကူလျှင်မြန်စွာ ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် Myanmar International Cooperation Agency(MICA)နှင့်လည်း ဆက်သွယ်၍ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ပါကြောင်း၊ ထို့ကဲ့သို့ ပြည်တွင်း ၌ လွတ်လပ်စွာ ရောင်းဝယ် သယ်ဆောင်နိုင်မည် ဖြစ်သောကြောင့် လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခြင်းဖြင့် နိုင်ငံအတွင်း သားငါးကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ ထို့အပြင် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Disease free zone (ရောဂါကင်းရှင်းဇုံ)  များအား ကွတ်ခိုင်၊ ကြာအင်းဆိပ်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်တို့တွင် တည်ထောင်နိုင်ရေး၊ ဝန်ကြီးဌာနပိုင်ခြံ၊ စက်ရုံ၊ (၅၀) အား MICA နှင့် လုပ်ငန်းရှင်များ၊ ပြည်သူများနှင် ပူးပေါင်း လုပ်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မွေးမြူရေးပညာရှင် ဒေါက်တာထွန်းစိန်က သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ မွေးမြူရေး လုပ်ငန်းများအား တစိုက်မတ်မတ် လုပ်ကိုင်ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ ဒေါက်တာမြတ်ဟန်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးဝင်းကြိုင်တို့က သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် Meat Inspection Board ထူထောင်ခြင်းသည် Food Safety and Food Security ထုတ်လုပ်နိုင်ရေးအတွက် အထူးအရေးကြီးကြောင်း မွေးမြူရေးပြခန်း၊ပြပွဲနှင့်ပြိုင်ပွဲအား အာဆီယံ ထိပ်သီးအစည်းအဝေးမှ ဧည့်သည်တော်များ လာရောက်လေ့လာ ကြမည်ဖြစ်၍ အထူးဂရုစိုက် ပြသသွား နိုင်ရေး ပြည်တွင်းမွေးမြူလျက်ရှိသော ငါးမျိုးများနှင့် တိုင်းရင်းငါးမျိုးများ မွေးမြူပြသ သွားနိုင်ရေး ရှင်းလင်း ဆွေးနွေး ကြပါသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ မြန်မာ့ခိုင်းနွား မျိုးကောင်း မျိုးသန့်များ ဖော်ထုတ်နိုင်ရေး၊ မြန်မာ့ခိုင်းနွားမျိုးများကို မေထုန်မဲ့နည်းဖြင့် လည်းကောင်း၊ သဘာဝနည်း ဖြင့်လည်းကောင်း ပျံ့ပွားနိုင်ရေး၊ ဒေသအလိုက် ပြပွဲပြိုင်ပွဲများ ပြုလုပ်၍ ကျယ်ကျယ် ပြန့်ပြန့် ရောင်းဝယ်ဖြန့်ဖြူး နိုင်ရေးအတွက်  ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ကျင်းပရန် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ပြိုင်ပွဲများ အနေဖြင့် နွားအလှပြိုင်ပွဲတွင် နို့စားနွား (ဖရီရှန်/ဂျာစီ)၊ အသားတိုးနွား (ဘရာမန်/ အင်ဒိုဘရာဇီး) နှင့် ခိုင်နွား (ရွှေနီ/နွားပြာစိမ်း)၊ နွားနောက်၊ နွားလှည်းယဉ်အလှပြိုင်ပွဲ (အလွတ်တန်း)၊ နွားအလှ မောင်း ပြိုင်ပွဲ (ကြိုး မောင်း)၊ နွားဒုန်းမောင်းပြိုင်ပွဲ (နှစ်ကောင်တတ်/ တစ်ကောင်တတ်)၊ ဒေသအလိုက် သိုးဆိတ် (ဂျိတ်နီ/ဝေသာလီ/ ထိန်စမ်း) ပြိုင်ပွဲများ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုများ အသီးသီး ချီးမြှင့်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment