Tuesday, October 28, 2014

ကျေးလက် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်နေမှုနှင့် ကျေးလက်သောက်သုံးရေ ရရှိရေး ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ဒီးမော့ဆို အောက်တိုဘာ  ၂၇
ကျေးလက်နေ ပြည်သူများ လူမူဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်တန်ဖိုးနည်း အိမ်ရာ တည်ဆောက်ခြင်း၊ ကျေးလက်သောက်သုံးရေ ရရှိရေး၊ ကျေးလက်မီးလင်းရေး၊ ကျေးရွာ ချင်းဆက်လမ်းများ အသစ်ဖောက်လုပ်ခြင်းနှင့် လမ်းများအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အလေးထား အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ



ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှလည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးလက်တန်ဖိုးနည်းအိမ်ရာ တည်ဆောက်နေမှုနှင့် ကျေးလက်သောက်သုံးရေ ရရှိရေး ဆောက်ရွက်နေမှုများကို အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်အထောက် အကူပြု ကော်မတီ ဥက္ကဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးမျိုးနိုင် နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ဒီးမော့ဆို မြို့နယ်တွင် ကျေးလက် တန်ဖိုးနည်း အိမ်ရာ ဆောင်ရွက်လျက်ရှိသော ကျေးရွာ ၅ ရွာမှ ဒေါပဲကျေးရွာနှင့် ပတိုငံ ကျေးရွာတို့ကို လည်းကောင်း၊ ကျေးလက်သောက်သုံးရေ ရရှိရေးအတွက် ကျေးရွာ ၆၃ ရွာမှ ဆောင်ရွက်ပြီးစီးသော အိုကေ ကျေးရွာ၊ ဒေါဘူးကူးကျေးရွာနှင့် ဆောင်ရွက်ဆဲကျေးရွာများကို လည်းကောင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကျေးလက်တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရာ ဒေါပဲကျေးရွာတွင် ၂၀ လုံး၊ ပတိုငံကျေးရွာတွင် ၄၀ လုံး၊ တဖိုကျေးရွာတွင် ၂၀ လုံး၊ ဒေါဆိုဖျကျေးရွာတွင် ၂၂ လုံးနှင့် ဒေါဖာကျေးရွာတွင် ၁၈ လုံး စုစုပေါင်း ၁၂၀ လုံးကို ခွင့်ပြုရန်ပုံငွေကျပ် ၃၆၀ သန်းဖြင့် Royal Cobber ကုမ္ပဏီက လည်းကောင်း၊ ကျေးလက်သောက်သုံးရေရရှိရေးအတွက် ကျေးရွာ ၆၃ ရွာမှ လက်တူးတွင်း ၈ တွင်း၊ မြေသားကန် ၅ ကန်၊ တွင်းနက် ၉ တွင်း၊ ဂါလံ ၅၀၀၀ ဆံ အုတ်ကန် ၈၁ ကန်နှင့် ဂါလံ ၂၀၀၀ ဆံ အုတ်ကန် ၄၅ ကန်တို့ကို ခွင့်ပြုငွေ ကျပ် ၄၅၃ ဒသမ ၂၀ သန်းဖြင့် စိုးလွင်အောင်ကုမ္ပဏီက လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment