Tuesday, October 28, 2014

ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ်ရောဂါ သတိပေးနှိုးဆော်ချက်

          အီဘိုလာဗိုင်းရပ်စ်ရောဂါသည် ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်ပြီး ကုသရန်ခက်ခဲသည့်အပြင် ရောဂါ ပြန့်ပွားမှုအား ထိန်းချုပ် ရန် ခက်ခဲသော ရောဂါဖြစ်ပါသည်။
          ယခုအခါ အာဖရိကအနောက်ပိုင်းဒေသရှိ Guinea, Liberia, Nigeria,  Sierra Leone, Senegal, Mali, DR Congo နိုင်ငံ များနှင့် ကမ္ဘာ့နိုင်ငံအချို့ (ဥပမာ-အမေရိကန်နိုင်ငံ၊ စပိန်နိုင်ငံ)တို့ တွင် ရောဂါကူး စက် ဖြစ်ပွားနေပြီး ရောဂါဖြစ်ပွား သူများ၏ (၅၀)မှ(၉၀)ရာခိုင်နှုန်း ခန့် အသက်ဆုံးရှုံး နိုင်ပါသည်။

   ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကူးစက်မြန်အီဘိုလာ ဗိုင်းရပ်စ်ရောဂါအား ကမ္ဘာ့နိုင်ငံများအနေဖြင့်  ပြည်သူ့ ကျန်းမာရေး ပြဿနာတစ်ရပ် အဖြစ် သတ်မှတ်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ယင်းကပ်ရောဂါသည် ကာလအတန်ကြာ ဆက်လက် ဖြစ်ပွားနေမည်ဟု ခန့်မှန်းရကြောင်း နှိုးဆော်ထားရှိပါသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်နိုင်သောနည်းလမ်းများ
အီဘိုလာဗိုင်းရပ်စ်ရောဂါသည်  ရောဂါပိုးရှိသော လူ(သို့မဟုတ်)တိရစ္ဆာန်၏ တံတွေး၊ သွေး၊ ခန္ဓာကိုယ် မှ ထွက်သော အရည်တို့နှင့် တိုက်ရိုက်ထိတွေ့ကိုင်တွယ်ခြင်း၊
    လူနာ၏သွေးနှင့် ခန္ဓာကိုယ်မှ အရည်များ ထိတွေ့ထားသော အရာဝတ္တုများနှင့် ထိတွေ့ကိုင်တွယ် ခြင်းတို့မှ ကူးစက်နိုင်သည်။
    အီဘိုလာဗိုင်းရပ်စ်ရောဂါသည် လေ၊ ရေ၊ အစားအစာတို့မှ တစ်ဆင့် မကူးစက်နိုင်ပါ။
ယခုအချိန်အထိ အီဘိုလာဗိုင်းရပ်စ်ရောဂါကို ကာကွယ်ကုသရန် ဆေးမရှိသေးပါ။ ရောဂါ မဖြစ်ပွားရန် ကာကွယ်ရန် အရေးကြီးပါသည်။
    ရောဂါပိုးရှိသော လူနာနှင့် တိရစ္ဆာန်တို့၏ တံတွေး၊ သွေး စသော ခန္ဓာကိုယ် အရည်များအား ကိုင်တွယ် ထိတွေ့သူများတွင် အဓိကရောဂါ ကူးစက်နိုင်ခြေရှိသဖြင့် ကာကွယ်သည့် နည်းလမ်း များကို တိကျစွာလိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါသံသယလက္ခဏာများ
အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားနေသော နိုင်ငံများ (အထူးသဖြင့်  အနောက်အာဖရိက နိုင်ငံများ)သို့ သွားရောက်ခဲ့သူများ (သို့မဟုတ်)နိုင်ငံတကာ ခရီးသွားသူများ၊ ကူးစက်မြန်အီဘိုလာ ရောဂါလူနာအား တိုက်ရိုက် ပြုစုကုသထိတွေ့ ကိုင်တွယ်ခဲ့ သူများ၊ ရောဂါရှိသော တောရိုင်းတိရစ္ဆာန်များအား ထိတွေ့ ကိုင်တွယ် သူများတွင်-
          ဖျားခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက် ခြင်း၊ လည်ချောင်းနာခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာမျိုရခက်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ကြို့ထိုးခြင်း၊ အန်ခြင်း၊ အရည်ဝမ်းသွားခြင်း၊ ဗိုက်နာခြင်း၊
အီဘိုလာဗိုင်းရပ်စ်ပိုးသည် အသည်းနှင့် ကျောက်ကပ်များ ပျက်စီးနိုင်သဖြင့် ခန္ဓာကိုယ် အတွင်း နှင့် အပြင်သွေးယိုထွက်မှု ရှိခြင်းကြောင့် အသက်အန္တရာယ်ဖြစ်နိုင်ပါသည်။
အီဘိုလာရောဂါ ကူးစက်မှု မရှိစေရေး ကာကွယ်ရန် နည်းလမ်းများ
၁။         တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုပါ။
၂။         လက်ကိုရေနှင့်ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောပါ။
၃။         ရောဂါပိုးရှိသူ၏ သွေးနှင့် ၎င်းခန္ဓာကိုယ်မှ ထွက်သော အရည်များအား ထိတွေ့ကိုင်တွယ်ခြင်း မပြုရ။
၎။         ရောဂါပိုးရှိသော လူ၊ တိရစ္ဆာန်တို့၏ သွေးနှင့် ၎င်းခန္ဓာကိုယ်မှ ထွက်သော အရည်များရှိ နိုင်သည့် အရာ ဝတ္တုပစ္စည်း (ခုံများ၊ စားပွဲများ၊ အိပ်ရာ၊ လှေကား လက်ရန်း၊ နံရံစသည်)တို့အား ထိတွေ့ကိုင်တွယ်ခြင်း မပြုရ။
၅။ အထူးသဖြင့် လွန်ခဲ့သော(၁)လအတွင်း အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားသော နိုင်ငံများသို့ သွားရောက်ခဲ့ သူများနှင့် နိုင်ငံတကာခရီးသွားသူများတွင် အောက်ဖော်ပြပါ သံသယလက္ခဏာများ ဖြစ်ပေါ် လာပါက ကျန်းမာရေးဌာနသို့ ချက်ချင်း သတင်းပို့ ဆေးကုသ မှုခံယူပါ။
ဖျားခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာမျိုရခက်ခြင်း၊ အသက်ရှူ ရခက်ခြင်း၊ ကြို့ထိုးခြင်း၊ အန်ခြင်း၊ အရည်ဝမ်းသွားခြင်း၊ ဗိုက်နာခြင်း၊ ခန္ဓာကိုယ်အတွင်းနှင့်အပြင် သွေးယို ထွက်မှုရှိခြင်း။
၆။         အထက်ပါ သံသယလက္ခဏာဖြစ်ပွားသူများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း သတင်းပို့ပါ။
၇။  နိုင်ငံခြားသို့ ခရီးသွားရောက်ရန် အစီအစဉ်ရှိပါက ရောဂါဖြစ်ပွား ကူးစက်နေသည့် နိုင်ငံများသို့ သွားရောက်ခြင်း ကို ရှောင်ကြဉ်ပါ။
၈။  ရောဂါဖြစ်ပွားကူးစက်လျက်ရှိသော နိုင်ငံများမှ မြန်မာနိုင်ငံတွင်း ပြန်လည် ဝင်ရောက်လာသူများ အနေဖြင့် ကျန်းမာရေး ဌာနများသို့ ဆက်သွယ်သတင်းပေးပို့၍ ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ အကြံ ဥာဏ်ရယူဆောင်ရွက်ပါ။
၉။   ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အီဘိုလာဗိုင်းရပ်စ်ရောဂါလူနာများ ကာကွယ်ကုသရာတွင် ကိုယ်ခန္ဓာ ကာကွယ်ရေးဝတ်စုံနှင့် ပစ္စည်းများ ပြည့်စုံစွာ စနစ်တကျ ဝတ်ဆင်၍ လုပ်ငန်းဆောင် ရွက်ရမည်။ ပြည့်စုံသော ကိုယ်ခန္ဓာကာကွယ်ရေးဝတ်စုံနှင့် ပစ္စည်းများ ဝတ်ဆင်ခြင်းမပြုဘဲ လူနာအား ထိတွေ့ ကိုင်တွယ်ခြင်းမပြုရပါ။
ကျန်းမာရေး ဝန်ကြီးဌာနမှ အီဘိုလာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ် ကုသထိန်းချုပ်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက် လျက်ရှိသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေး နှိုးဆော်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပါ။
ကျန်းမာရေးဝန်ကြီးဌာန

No comments:

Post a Comment