Monday, October 27, 2014

ရွှေ(၁)၊ ငွေ (၁) နှင့် ကြေး (၅) ခု ဆွတ်ခူးရရှိခဲ့သော မြန်မာမသန်စွမ်း အားကစားအဖွဲ့အား ကြိုဆို


ရန်ကုန် အောက်တိုဘာ ၂၇
ကိုရီးယားနိုင်ငံ (အင်ချုံမြို့) ၌ အောက်တိုဘာ (၁၈) ရက် နေ့မှ (၂၄) ရက်နေ့အထိ ကျင်းပခဲ့သော (၂) ကြိမ်မြောက် အာရှမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဌ ဗိုလ်ချုပ်နေလင်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမား (၄၁) ဦးတို့သည် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘောနှင့် မြားပစ်အားကစား ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၁) ခု နှင့် ကြေးတံဆိပ် (၅) ခု
ဆွတ်ခူးခဲ့ပြီး နိုင်ငံအလိုက်အဆင့် (၂၂) ရရှိခဲ့ပါသည်။ အဆိုပါ မြန်မာ့လက်ရွေးစင် မသန်စွမ်း အားကစားအဖွဲ့သည် ယမန်နေ့ည (၁၀) နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာရာ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်မျာ၊ နည်းပြဆရာများ၊ ရွှေမင်းသား ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါပြိုင်ပွဲများ၌ မီတာ (၄၀၀) ဒူးအောက်တဖက်ပြတ် အပြေးပြိုင်ပွဲ၌ ကျော်ကျော်ဝင်းက ရွှေတံဆိပ် (၁) ခုနှင့် မီတာ (၂၀၀) ဒူးအောက်တဖက်ပြတ် အပြေးပြိုင်ပွဲတွင် ကြေးတံဆိပ် (၁) ခု၊ မီတာ (၂၀၀) လေးမျိုးကူး (ပိုလီယို) ရေကူးပြိုင်ပွဲ၌ နိုင်စစ်အောင်က ငွေတံဆိပ် (၁) ခုနှင့် မီတာ (၁၀၀) ရင်ဘောင်တန်းကူး (ပိုလီယို) ရေကူးပြိုင်ပွဲတွင် ကြေးတံဆိပ် (၁) ခု၊ ရင်ဘောင်တန်းကူး မီတာ(၁၀၀)လက်နှစ်ဖက်ပြတ်ရေကူး ပြိုင်ပွဲ၌ အောင်ငြိမ်းဦးက ကြေး တံဆိပ်(၁)ခု၊ အလွတ်ကူး မီတာ (၁၀၀) ပိုလီယိုရေကူးပြိုင်ပွဲ အောင်မြင့်မြတ်က ကြေးတံဆိပ် (၁) ခုနှင့် ရင်ဘောင် တန်းကူး မီတာ (၁၀၀) လက်တဖက်ပြတ် ရေကူးပြိုင်ပွဲ၌ သင်းသင်းခိုင်က ကြေးတံဆိပ် (၁) ခုတို့ အသီးသီးရရှိခဲ့ ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment