Tuesday, October 14, 2014

ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာတွင် ရှေးဟောင်း အုတ်ခွက်ဘုရားများ တွေ့ရှိ



 နေပြည်တော် အောက်တိုဘာ ၁၃
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာရှိ ရွာသူရွာသားများမှ အစဉ်အဆက် တည်ထား ကိုးကွယ်ခဲ့ကြသည့် ရှေးဟောင်းသမိုင်းဝင် ဆင်မယဉ်သာဘွဲ့အမည်ရ စေတီတော်ဝင်းအတွင်း စေတီတော်၏ အရှေ့ဘက် ၁၂ပေခန့် အကွာတွင် အဆိုပါရွာနေ ကိုဇော်လွင် နှင့် အဖွဲ့က အောက်တိုဘာ ၁၁ရက် နံနက် ၈နာရီက ဆွမ်းချက်ဆောင် ဆောက်လုပ်ရန် မြေကျင်းတူးရာမှရှေးဟောင်း အုတ်ခွက်ဘုရားများကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ရှိသော ဘုရား၏ ပုံသဏ္ဌာန်နှင့် အရွယ်အစားမှာ ညောင်ရွက်ပုံဖြစ်၍ စေတီများ ဝန်း ရံပြီး အလျား ခြောက်လက်မ၊ အနံလေးလက်မရှိကာ နဂိုမူလအကောင်း အတိုင်း ၇၃ဆူ ပြုပြင်ရန် ၃၉ဆူ စုစုပေါင်း ၁၁၂ ဆူဖြစ်သည်။ ဘုရား ၏ အောက်ခံပုလ္လင်တွင် ရှေးဟောင်း လက်ရာ ရှေးဟောင်းစာဟု ယူဆရသည့် အက္ခရာအချို့ကိုလည်း တွေ့ရှိ ရသည်။ ယခုအခါတွင် အနီးဝန်းကျင်များမှ ဘုရားဖူးပြည်သူများဖြင့် စည် ကားလျက်ရှိပြီး ဆက်လက်ဖူးမြော် နိုင်ရန် ယင်းစေတီတော်ဝင်းအတွင်းရှိ အောင်ဆုထူးပန်ဓမ္မာရုံတွင် အကြည်ညိုခံ ပူဇော်ထားရှိကာ အဆိုပါ တူးဖော်တွေ့ရှိချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများသို့ ဆက်သွယ် အကြောင်းကြားထားကြောင်း သိရသည်။

No comments:

Post a Comment