Monday, October 13, 2014

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါး ရေးနေ့ အခမ်းအနားသို့ တက်ရောက်




နေပြည်တော် အောက်တိုဘာ  ၁၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည်  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီး များနှင့် အတူယနေ့နံနက်  (၉) နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC 2) ၌ ကျင်းပသော ၂၀၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ၊   ဒုတိယသမ္မတက အမှာစကားပြောကြားရာ၌  ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် (၆၄/၂၀၀) အရ အောက်တိုဘာလ ၁၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ ပါးရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း။
ယခုနှစ် ကျရောက်သည့် အပြည်ပြည် ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အတွက် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေး မဟာဗျူဟာက သတ်မှတ်ထားသည့် ဆောင်ပုဒ်မှာ သဘာဝဘေးဒဏ် ခုခံဖို့ သက်ကြီးများနှင့် လက်တွဲစို့ ဟူ၍ ဖြစ်ပါကြောင်း။
ယနေ့ ကမ္ဘာနိုင်ငံများသည် ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုတို့၏ ဆိုးကျိုး သက်ရောက်မှုများကို ရင်ဆိုင်တွေ့ကြုံ ခံစားနေရပါကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာတစ်လွှား အဖျက်စွမ်းအား ကြီးမားသည့် ဘေးအန္တရာယ် ဖြစ်ပွားမှု (၂၉၆) ကြိမ် ရှိခဲ့ပြီး လူပေါင်း (၂၁၂၅၀) ဦး အသက်ဆုံးရှုံးခဲ့ရပါကြောင်း၊ စီးပွားရေးအရ ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ (၁၉၂) ဘီလီယံ ရှိခဲ့ပါကြောင်း။
မြန်မာနိုင်ငံတွင်လည်း (၂၀၁၃-၁၄) ဘဏ္ဍာရေးနှစ်အတွင်း ဘေးအန္တရာယ် (၃၆၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ဘေးသင့်သူဦးရေ (၁၇၄၃၅၈) ဦးရှိခဲ့ပါကြောင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း (၈၅၃ ဒသမ ၃၉ ) သန်းရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း။
မိမိတို့ အာဆီယံနိုင်ငံများသည်လည်း ယခုနှစ်ပိုင်းအတွင်း၌ ရာသီဥတု ပြောင်းလဲ လာမှု၏ ဆိုးကျိုး သက်ရောက်မှုများဖြစ်သည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှုနှင့် ဘေးဒဏ်ထိခိုက် ခံစားရမှု များကို ပိုမို ခံစားလာရခြင်းကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ယခုနှစ်အတွင်း အာဆီယံနိုင်ငံများသည် ပြင်းထန်သည့် သဘာဝဘေး အန္တရာယ် (၁၄) ကြိမ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပြီး ဖြစ်ပါကြောင်း။
ထို့အတွက် အာဆီယံဥက္ကဋ္ဌဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် ၊ သြဂုတ်လ (၈) ရက်တွင် ကျရောက်ခဲ့သည့် (၄၇) နှစ်မြောက် အာဆီယံနေ့ အထိမ်း အမှတ် အခမ်းအနားတွင် ထိုသို့သော ဖြစ်ရပ်များကို ကာကွယ်နိုင်ရန်အတွက် အာဆီယံ အဖွဲ့ အတွင်းသာမက ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် အပြန်အလှန်နားလည်မှုတို့ကို မြှင့်တင်သွားကြရန် ပြောကြားခဲ့ပါ ကြောင်း။
သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက် နိုင်စေရေးအတွက် နေပြည်တော်တွင် မေလ (၁၁) ရက်က ကျင်းပခဲ့သည့် (၂၄) ကြိမ်မြောက် ASEAN Summit တွင် ထုတ်ပြန်ခဲ့သည့် နေပြည်တော် ကြေညာ စာတမ်း၏ သဘောတူညီချက် (၂၄) တွင် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှု ဌာန၏ စွမ်းဆောင်နိုင်မှုကို မြှင့်တင်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အရေးပေါ် တုံ့ပြန်ရေး ဆိုင်ရာ အာဆီယံ သဘောတူစာချုပ် ကို ဒေသတွင်း မူဘောင်တစ်ရပ်အဖြစ် ခံယူပြီး အာဆီယံ၏ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါကြောင်း။
သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများတွင် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နေကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီက ဦးဆောင်ကာ တိုင်းဒေသ ကြီး ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်အထိ သဘာဝဘေး အန္တရာယ် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့များ ၊ ကော်မတီများကို ဖွဲ့စည်းကာ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၁၃ ခုနှစ် ၊ဇူလိုင်လ (၃၁) ရက်နေ့တွင် မြန်မာနိုင်ငံ သဘာဝဘေး  အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို အတည်ပြု ပြဌာန်းနိုင်ခဲ့ပြီး ယင်းဥပဒေတွင် ဘေးအန္တရာယ် ဖြစ်နိုင်ချေ အများဆုံး ဖြစ်ကြသည့် ကလေးသူငယ်များ၊ မိခင်များနှင့် သက်ကြီးရွယ်အို များ၊ မသန်စွမ်းသူများနှင့် အမျိုးသမီးများ (အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် သားသည်မိခင်များ) အား ဦးစားပေး ကူညီစောင့်ရှောက်ရမည်ဟု ထည့်သွင်းရေးဆွဲ ပြဌာန်းထားပါကြောင်း။
သဘာဝဘေးအန္တရာယ်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေသည့် အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်သည့် အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ လုပ်ငန်းစဉ်များ၊ စီမံကိန်း များတွင် သဘာဝဘေးအန္တရာယ် လျော့့ပါးရေး လုပ်ငန်းစဉ်များ ပေါင်းစပ်ထည့်သွင်း ဆောင်ရွက် သွားကြရန်လည်း လိုပါကြောင်း။
သဘာဝဘေး အန္တရာယ်များ ကျရောက်ဖြစ်ပွားသည့်အခါ ဖြစ်ပွားရာဒေသရှိ ရပ်ရွာလူ ထုသည် ပထမဦးဆုံး ရင်ဆိုင်ဖြေရှင်းရသူများ ဖြစ်ကြပြီး စီမံတုံ့ပြန် ဆောင်ရွက်ရ သည်မှာ ဒေသခံအစိုးရများပင် ဖြစ်ပါကြောင်း၊ ဘေးဒဏ်ကျရောက်နိုင်ခြေ ရှိသည့် ဒေသများရှိ ပြည်သူလူထု ၊ ၀န်ထမ်းများနှင့် အစိုးရများ၏ ရင်ဆိုင်ဖြေရှင်းနိုင် သည့် စွမ်းဆောင်ရည် တိုးတက် မြင့်မားလာစေရန်အတွက် သဘာဝဘေး အန္တရာယ် လျော့ပါးရေးဆိုင်ရာ နည်းပြသင်တန်းများ၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းများ၊ သဘာဝဘေး အန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်အဖွဲ့ သင်တန်းများလေ့ကျင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဘာသာရပ်ကို ပြည်သူလူထုအတွင်း ကျယ်ပြန့်စွာ သိရှိလုပ်ဆောင် နိုင်စေရေးအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်း ကျောင်းကို  ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် တည်ထောင် ဖွင့်လှစ်နိုင် ရေးကိုလည်း စီမံဆောင်ရွက်လျက် ရှိပါကြောင်း။
ထို့အပြင် နိုင်ငံတော် အစိုးရအနေဖြင့် သဘာဝဘေး အန္တရာယ် လျော့ပါးရေး လုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန်အတွက် ယိဂိုမူဘောင် လုပ်ငန်းစဉ်များ နှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာ အာဆီယံသဘောတူညီချက် လုပ်ငန်းစဉ်များအတိုင်း အာဆီယံနိုင်ငံများအတွင်း သတင်းအချက်အလက် ဖလှယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံ ၊ဂျကာတာ မြို့တွင် တည်ထောင်ထားသည့် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ လူသားချင်း စာနာမှု အကူအညီပေးရေး ညှိနှိုင်းမှု ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။
မိမိတို့နိုင်ငံတွင် ၂၀၀၈ ခုနှစ်က နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဘေး၊ ၂၀၁၀ ခုနှစ်တွင် ဂီရိမုန်တိုင်းဘေး၊ ၂၀၁၁ ခုနှစ်မှာ တာလေငလျင်ဘေးနှင့် မကွေးတိုင်း ဒေသကြီး လျှပ်တစ်ပြက် ရေကြီးမှု၊ ၂၀၁၂ ခုနှစ်တွင် သပိတ်ကျင်းငလျင်ဘေးနှင့် ယခုနှစ် မိုးတွင်းကာလ၌ ရေကြီးမှုများ ဖြစ်ပွားခဲ့သော ဒေသများရှိ ဘေးသင့် ပြည်သူများ အတွက် ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို နိုင်ငံတော်၊ ပြည်သူ၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့ အစည်းများ ပူးပေါင်း ဆောင်ရွက်ခြင်း နည်းလမ်းများဖြင့် စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
သဘာဝ ဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများတွင် ဆောင်ရွက် နေကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဘက်စုံကဏ္ဍစုံတွင် ထည့်သွင်းပူးပေါင်း ဆောင်ရွက်နေပြီ ဖြစ်သည့်အတွက် လူတစ်ဦးတစ်ယောက် ချင်းစီက တာဝန်သိစိတ်ဖြင့် ဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များမှ ဘေးကင်းလုံခြုံသော လူနေမှု ဘ၀များတည်ဆောက် ကြပါစို့ဟု တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ဌာနေကိုယ်စားလှယ် Ms. Renata Dessallien က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သ၀ဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်နှင့် ပြည် ထောင်စုဝန်ကြီးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ဌာနေကိုယ်စားလှယ် Ms. Renata Dessallien တို့က အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံး ၊ ဆောင်းပါး၊ ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့် ပေးကြသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းအား ပြသပြီး ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မှတ်တမ်းဓါတ်ပုံများ ခင်းကျင်းပြသထားသည့် ပြခန်းငယ်အတွင်း လှည့်လှည်ကြည့်ရှုအားပေးကြသည်။
                                                                               (သတင်းစဉ်)

No comments:

Post a Comment