နေပြည်တော် အောက်တိုဘာ ၁၃
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကဏ္ဍများ၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု ဆိုင်ရာ ရည်မှန်းချက်များ၊ ရင်နှီးမြှုပ်နှံမှုဆိုင်ရာ ရည်မှန်းချက်များအပေါ်တွင် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ရည်မှန်းရန် အဆိုပြုချက်များ အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် အမျိုးသားစီမံကိန်းနှင့်
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ အမျိုးသားစီမံကိန်းနှင့် စီပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ စီမံကိန်းဦးစီမှူးများ၊ စုစုပေါင်း (၁၉၇) ဦး တက်ရောက်ခဲ့ကြပါသည်။
ညှိနှိုင်းအစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမကာလတို ငါးနှစ်စီမံကိန်း၏ စတုတ္တနှစ်ဖြစ်သည့်
အမျိုးသားစီမံကိန်းများ ပထမ(၆)လပတ် အကောင်အထည်ဖော်မှု အခြေအနေနှင့် စီမံကိန်းရည်မှန်းချက် ပြည့်မီမှု အခြေအနေများ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းရည်မှန်းချက်များ ရေးဆွဲရာတွင် နိုင်ငံတော်၏ စီးပွားရေးမူဝါဒ(၄)ရပ်၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာမူဘောင်(၁၀)ချက်၊ နိုင်ငံတော်၏ ဦးစားပေး လုပ်ငန်းစဉ် (၇)ရပ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး လုပ်ငန်းစဉ် (၈)ရပ် တို့ကို အခြေခံ၍ အဆိုပြု ရေးဆွဲရေး၊ စီမံကိန်းများရေးဆွဲတွင် ပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူ ဆောင်ရွက်သည့် ကဏ္ဍအလိုက်စီမံကိန်း(Sectoral Plan)နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက တာဝန်ယူ ဆောင်ရွက်ရသည့် ဒေသန္တရစီမံကိန်း (Regional Plan) တို့ အချင်းချင်း ပေါင်းစပ် ညှိနှိုင်းရေးဆွဲရေး၊ ဒေသန္တရစီမံကိန်းများအား ပြည်သူတို့၏ လိုအပ်ချက်များ (People Needs) ကို အခြေခံ၍ မြို့နယ်အဆင့်မှစ၍ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်ထိ Top Down and Bottom Up နည်းလမ်းဖြင့် ရေးဆွဲ အကောင်အထည် ဖော်ရေး၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ရည်မှန်း အဆိုပြုချက်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုချက်များ ချမှတ်နိုင်ရေးတို့ကို ဆွေးနွေးကြမည် ဖြစ်ပါသည်။
ယနေ့အစည်းအဝေးတွင် တိုင်းဒေသကြီး၊ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးများက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမ (၆) လပတ်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်ကဏ္ဍများ၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ ဆောင်ရွက်ချက်များ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများနှင့် လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော်နိုင်မှုတို့နှင့် စပ်လျဉ်း၍ တင်ပြကြပြီး၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက ကဏ္ဍအလိုက် စီမံကိန်းများ အကောင် အထည်ဖော်နိုင်မှုများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးလှထွန်း တို့နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့ ဦးဆောင်ပြီး ဆက်လက် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:
Post a Comment