ရန်ကုန်
အောက်တိုဘာ ၅
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၊
ဦးဝင်းရှိန်နှင့် ဒေါက်တာကံဇော် တို့သည် ယနေ့ မွန်းလွဲ(၁)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ မီဒီယာများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်
ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ရန်ကုန်မြို့ရှိ နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်များ၊ ပြည်တွင်းသတင်းစာ၊ ဂျာနယ်၊
မဂ္ဂဇင်းတို့မှ မီဒီယာများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးစိုးသိန်းက အဖွင့်အမှာ စကားပြောကြားရာ၌ ယနေ့ဆိုလျှင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဆောင်ရွက်လာသည်မှာ
လေးနှစ်အတွင်းသို့ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အောင်မြင်သည်များ
ရှိသကဲ့သို့ အခက်အခဲ၊ အကျပ်အတည်းများလည်း များစွာရှိကြောင်း၊ ယနေ့ကြုံတွေ့နေရသည့် အခက်အခဲများ၌
ပြည်သူလူထု၏မျှော်လင့်ချက်များ မြင့်မားစွာပါဝင် ကြောင်း။
ယနေ့အစိုးရ၊ လွှတ်တော်နှင့် အခြားအဖွဲ့အစည်းများအနေဖြင့်
တစ်ဖက်က စွမ်းရည်ကို မြှင့်တင်နေ သကဲ့သို့ တစ်ဖက်ကလည်း ဖွဲ့စည်းတည်ဆောက်မှုပုံစံကိုလည်း
တစ်ပြိုင်တည်း ပြန်လည်ဖွဲ့စည်းခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ အသစ်တည်ဆောက်ခြင်း
စသည့် ဒီမိုကရေစီ နှင့်လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက် နေကြောင်း၊ ဖွဲ့စည်းတည်ဆောက်မှု ပုံစံများကို
ပြန်လည်တည်ဆောက်ခြင်း၊ အကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်ကလည်း စနစ်နှင့်အံဝင်ခွင်ကျမည့်သူများဖြစ်အောင်
အတွေးအခေါ်၊ စွမ်းရည်များ ကိုပါ ပြုပြင်ပြောင်းလဲ ရမည်ဖြစ်ကြောင်း၊ စွမ်းရည်တည်ဆောက်ရာတွင် တစ်ပြိုင်တည်း စိတ်ပိုင်း
ဆိုင်ရာခံယူချက် များကိုပါ ပြောင်းလဲနိုင်အောင် လူတိုင်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊
အထူးသဖြင့် တာဝန်ယူထားသူ၊ တာဝန်ခံထားသူများ ပို၍လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ အချို့လုပ်ငန်းများတွင်
ရှေ့တိုးသည်များရှိသလို တိုးနှုန်းနှေးသွားသည်လည်း ရှိကြောင်း၊ သို့သော် ဒီမိုကရေစီစနစ်နှင့်အညီ
ပြုပြင်ပြောင်းလဲ ရမည့်လမ်းကြောင်းမှာ မှန်နေသည်ဟု ယုံကြည်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ
တော်ဖြစ်ရန် မိမိတို့ အားလုံးရှေ့ကိုတိုးပြီး သွားနေကြောင်း၊ သို့သော် လမ်းကြောင်းမှန်နေသော်လည်း
ပမာဏအရ တစ်ခါတရံ အခက်အခဲများ၊ အကျပ်အတည်းများလည်း မိမိတို့မှာရှိကြောင်း၊ အစိုးရ၏ယန္တရားစနစ်နှင့်
စီမံကိန်းများကို မည်ကဲ့သို့ဆောင်ရွက်နေကြောင်း၊ ပြည်သူများအား သိစေလိုသည့် ရည်ရွယ်ချက်ဖြင့်
ယခုကဲ့သို့ တွေ့ဆုံရှင်းလင်း ပြောကြားရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မိမိတို့အစိုးရအဖွဲ့ တာဝန်ယူပြီးနောက် အသွင်ကူးပြောင်းရေး
ကာလအဖြစ် လိုအပ်သည့် နိုင်ငံ၏စီးပွားရေးမူဝါဒ (၄)ချက်ကို ချမှတ်ခဲ့ကြောင်း၊ စီးပွားရေးနှင့်လူမှုရေး
ပြုပြင်ပြောင်းလဲရေးမူဘောင်(၁၀)ချက်ကို အခြေခံပြီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ
အခြေခံ မူဘောင်(၁၀)ချက်နှင့်အညီ ပထမ(၅)နှစ်စီမံကိန်းလုပ်ငန်း များကို အကောင်အထည်ဖော်
ဆောင်ရွက် လျက် ရှိကြောင်း၊ မူဘောင်အတွင်းမှနေ၍ လုပ်ငန်းစဉ်များကို အစီအစဉ်တကျ ရေးဆွဲအကောင်အထည်
ဖော်ဆောင် ရွက်လျက်ရှိကြောင်း။
နိုင်ငံတော်အနေဖြင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုအတွက်
ပထမ(၅)နှစ် စီမံကိန်းကို ၂၀၁၁ ခုနှစ် ဧပြီ(၁)ရက်မှ ၂၀၁၆ ခုနှစ် မတ်(၃၁)ရက်အထိ ရေးဆွဲအကောင်အထည်
ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ယခု ရေးဆွဲနေသည့်ပုံစံမှာ ပြည်သူဗဟိုပြု ပုံစံဖြစ်သကဲ့သို့
အခြေခံမူဘောင် (၁၀)ချက်ကို စီးပွားရေးမူဝါဒ(၄)ချက်နှင့် ကိုက်ညီအောင်နှင့် နိုင်ငံကို
စက်မှု နိုင်ငံဖြစ်ရေး အဓိကဦးတည်ချက်ထားခြင်းဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝင်းရှိန်က ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်သည့် ဘတ်ဂျက်ဆိုင်ရာလုပ်ငန်းစဉ်များနှင့်
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်သည့်
စီမံကိန်းဆိုင်ရာများဆက်စပ် ဆောင်ရွက်မှု၊ စီမံကိန်းနှင့်ဘတ်ဂျက် အပြန်အလှန် ဆက်စပ်ဆောင်ရွက်မှု၊
ရငွေများအား ခွဲဝေ သုံးစွဲမှု၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘတ်ဂျက်ရေးဆွဲမှု၊ နိုင်ငံတော်စီးပွားရေး
အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးမှု၊ ပွင့်လင်းမြင်သာသော ဘတ်ဂျက် ဖြစ်အောင်
ဆောင်ရွက်နေမှု၊ ကြွေးမြီများရှင်းလင်းရေးဆောင်ရွက်မှု၊ ကြွေးမြီများချေးယူရာတွင် အတိုးနှုန်း
သက်သာမှု၊ ချေးယူသည့်သက်တမ်း၊ ပြန်ဆပ်ရမည့်ကာလတို့ကို စိစစ်ဆောင်ရွက်မှု၊ ချေးငွေများကို
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်သည့်၊ ထိရောက်သည့် အဓိကလုပ်ငန်းများ၌သုံးစွဲမှု၊ ဘဏ္ဍာရေးဆိုင်ရာဥပဒေများ
ပြုပြင်ပြောင်းလဲမှု များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့
ဥက္ကဋ္ဌ သူရဦးသောင်းလွင်က အခွန် ကောက်ခံခြင်းဆိုင်ရာ များနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် မီဒီယာများက သိလိုသည်များနှင့်စပ်လျဉ်း၍
မေးမြန်းကြရာ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြပြီး
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိဂုံးချုပ်စကား ပြောကြားသည်။
No comments:
Post a Comment