Sunday, October 5, 2014

မဏ္ဍိုင်(၃)ရပ်နှင့် သတင်းမီဒီယာ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ




နေပြည်တော်  အောက်တိုဘာ 
ပြန်ကြားရေးဝန်ကြီးဌာန Deutsche Welle နှင့် International Media Support တို့ ပူးပေါင်းကျင်းပမည့် မဏ္ဍိုင်(၃)ရပ်နှင့် သတင်းမီဒီယာ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

နိုင်ငံတော်၏ မဏ္ဍိုင်(၃)ရပ်နှင့် သတင်းမီဒီယာများထိတွေ့ ဆက်ဆံရေးတွင် အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုနှင့် အပြုသဘောဆောင်သည့် ဆက်ဆံရေးများ ပိုမိုရရှိရန်ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၊ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အုပ်ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများက သတင်းမီဒီယာဆိုင်ရာကိစ္စရပ်များ၊ Secretariat Team  မှ တွေ့ရှိချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးသုံးသပ်ခဲ့ကြသည်။
အဆိုပါမဏ္ဍိုင်(၃)ရပ်နှင့် သတင်းမီဒီယာ တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသူတို့၏ စကားသံများထဲမှ ကြားမိ သမျှကို ပြန်လည်ဖော်ပြလိုက်ပါသည်။
ဦးကိုနီ(တရားလွှတ်တော်ရှေ့နေ)
မီဒီယာလောကအပေါ်မှ ဌာနဆိုင်ရာတွေ နားလည်ထားတာနဲ့၊ ဌာနဆိုင်ရာတွေအပေါ် မီဒီယာတွေ နားလည်ထား တာတွေမှာ ကွာဟမှုတွေရှိနေပါတယ်။ တစ်ဖက်ကိုတစ်ဖက် အကောင်းမြင်ဖို့ အခက်အခဲတွေ ရှိနေတာပေါ့။ ဒီအခြေအနေ တွေကို ကျော်လွှားနိုင်အောင် ဆွေးနွေးပွဲကို တက်ရောက်လာတာဖြစ်ပါတယ်။ အခုကျွန်တော်တို့ ဆွေးနွေးတဲ့အခါ တစ်ဖက်နဲ့ တစ်ဖက် အပြုသဘောနဲ့ဆွေးနွေးကြတာကို တွေ့ရပါတယ်။ မီဒီယာက ဥပဒေပြုရေးမဏ္ဍိုင်၊ တရားရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်တွေကို ဝေဖန်ထောက်ပြ၊ အကြံပေးတာတွေ လုပ်တဲ့အတွက် မီဒီယာနဲ့မဏ္ဍိုင်(၃)ရပ်ဆိုတာ ကင်းလို့မ ရပါဘူး။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတိုင်းမှာ မီဒီယာရဲ့ အခန်းကဏ္ဍကို သက်ဆိုင်ရာအာဏာပိုင်တွေက အသိအမှတ်ပြု ရပါတယ်။ ဒီဆွေးနွေးပွဲကနေ ရှေ့လျှောက်ပြီး မဏ္ဍိုင်(၃)ရပ်နဲ့ မီဒီယာတွေ နားလည်အောင်အဆင်ပြေသွားမယ်လို့ မျှော်လင့် ထားပါတယ်။

ပါမောက္ခဒေါက်တာအောင်ထွန်းသက်
ပွင့်လင်းပြောင်းလဲလာတဲ့အနေအထားမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ သတင်းမီဒီယာ ဆိုပြီး မဏ္ဍိုင်(၄)ခုရှိပါတယ်။ အဲဒီ(၄)ခုကို ဟန်ချက်ညီညီနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုဆောင်ရွက် ကြမလဲဆိုတာကို အမြင်ချင်းဆွေးနွေးကြတဲ့ပွဲဖြစ်ပါတယ်။ ဒီမဏ္ဍိုင်(၄)ခုက အင်မတန်အားကြီးပါတယ်။ ဒီမဏ္ဍိုင် (၄)ခုကို ဟန်ချက် ညီညီ ရွှေ့နိုင်ရင် နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ပိုပြီးအကျိုးဖြစ်ထွန်းစေမှာပါ။ ဒီဆွေးနွေးပွဲက ရတဲ့အဖြေ တွေကနေ မီဒီယာဆက်သွယ်ဆက်ဆံရေးအတွက် အခြေခံမယ့်အရာတစ်ခု ရအောင်ကြိုးစားသွားမှာ ဖြစ်ပါတယ်။
အခုဆွေးနွေးပွဲကနေ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုတွေနဲ့ ယုံကြည်မှုတွေတည်ဆောက်ပြီး ကိုယ့်လိုအပ်ချက် သူ့လိုအပ်ချက်တွေ သူမှန်တယ်၊ ကိုယ်မှန်တယ်မဟုတ်ဘဲ နှစ်ဖက်နားလည်အောင် ဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီကမှ အားသာချက်တွေကို ဆွဲထုတ်ပြီး အားနည်းချက်တွေကို လျော့ကျအောင် လုပ်တာဖြစ်ပါတယ်။
ဦးဇော်သက်ထွေး ဟ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင်
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို သွားတဲ့အချိန်မှာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို မဏ္ဍိုင်(၃)ရပ်က ပိုင်ဆိုင်ပါတယ်၊ အဲ့ဒီမဏ္ဍိုင်(၃)ရပ်ကို ထောက်ပြဝေဖန်နေတာက သတင်းမီဒီယာဖြစ်ပါတယ်။ အဲဒီတော့ ထောက်ပြဝေဖန်တဲ့သူနဲ့ တိုင်းပြည်ကို ဦးဆောင်နေတဲ့ မဏ္ဍိုင်(၃)ရပ်ကြားမှာ အပြန်အလှန် နားလည်မှုတွေရှိဖို့ အတွက် ဆွေးနွေးကြတာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲက ဌာနဆိုင်ရာအကြီးအကဲတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ အတွက် အားရကျေနပ်စရာကောင်းပါတယ်၊ ဒီဆွေးနွေးပွဲမှာ တစ်ဖက်ရဲ့အခက်အခဲကို တစ်ဖက်က နားထောင်ရပါတယ်။ သူတို့ဘာတွေ ကြိုးစားရုန်းကန်နေရတယ်ဆိုတာကိုလည်း သိရပြီး ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲဆိုတာတွေကို တွေ့ရပါ တယ်။ ဒီနေ့ တွေ့ဆုံဆွေးနွေးမှုကနေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပူးပေါင်းဆောင်ရွက် မှုတွေ၊ လက်တွဲလုပ်ဆောင်မှုတွေ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ အဲဒီကနေ တိုင်းပြည်ရဲ့ ငြိမ်းချမ်းသာယာဝပြောတဲ့ အခြေအနေကို မြန်မြန်ဆန်ဆန် ရောက်မယ်လို့ မျှော်လင့်ထားပါတယ်။
ဒီဆွေးနွေးပွဲမှာ မဏ္ဍိုင်(၃)ရပ်ရဲ့ ဆောင်ရွက်နေရတဲ့ ကျင့်ဝတ်နဲ့ တာဝန်ဝတ္တရားတွေကို သိခွင့်ရခဲ့သလို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ဦးဆောင်ပြီး မီဒီယာတွေထဲမှာ ကျင့်ဝတ်တွေ ဆောင်ရွက်နိုင်အောင် လည်း အသိပေးနိုင်ခဲ့ပါတယ်။
ဦးစိန်သန်း(ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး)
အခုလို ဆွေးနွေးပွဲလုပ်တာ ကောင်းပါတယ်။ မီဒီယာတွေနဲ့ တရားရုံးတွေရဲ့ ဆက်ဆံရေးကို ဆောင်ရွက်ဖို့ အတွက် အချိန်ယူပြီးလေ့လာခဲ့ပါတယ်။ မီဒီယာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ သတင်းပြန်ကြား ရေးအဖွဲ့ ဖွဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်(၁၄)ခုမှာလည်း သတင်းပြန်ကြားရေးအဖွဲ့တွေ ဖွဲ့ပါမယ်။ နောက်ပြီး ခရိုင်တရားရုံး အားလုံးနဲ့ မြို့နယ်တရားရုံးအားလုံးမှာ ပြန်ကြားရေးအရာရှိတွေ ထားပါမယ်။ အဲဒီလိုဖွဲ့စည်းပြီး ထုတ်ဖော်ပြောကြားသင့်တဲ့ အကြောင်းအရာတွေ အားလုံးကို ပြည်သူတွေအားလုံး သိရှိအောင် ထုတ်ပြန်သွားဖို့ ဆောင်ရွက်နေပါတယ်။ မီဒီယာဘက်ကလည်း စောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်အတိုင်း ဆောင်ရွက်ဖို့ လိုပါတယ်။  

No comments:

Post a Comment