Wednesday, October 29, 2014

ဇမ္ဗူသီရိမြို့နယ်၊ လက်ပံခါးလှနှင့် အောင်ချမ်းသာကျေးရွာ အဝင် ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ - ၂၉
နိုင်ငံတော်အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုဘ၀မြင့်မားစေရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိရာ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီပွားရေး လုပ်ငန်းများ နှောင့်နှေးကြံ့ကြာမှုမရှိစေပဲ အမြန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နေပြည်တော်ကောင်စီ၏ ၂၀၁၄-၂၀၁၅ ငွေလုံးငွေရင်း ခွင့်ပြုရံ ပုံငွေဖြင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူ ဆောင်ရွက်သည့် ဇမ္ဗူသီရိ မြို့နယ် လက်ပံခါးလှနှင့် အောင်ချမ်းသာကျေးရွာအဝင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက်(၇)နာရီ မိနစ်(၂၀)တွင် အဆိုပါကတ္တရာ လမ်းသစ်၌ကျင်းပသည်။



ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ်တာဝန်ခံ နေပြည်တော်ကောင်စီဝင် ဦးမျိုးညွန့်က ဇမ္ဗူသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ညွှန်ကြားရေးမှူး(အင်ဂျင်နီယာ) ဦးအောင်မိုးက ဇမ္ဗူသီရိမြို့နယ် လက်ပံခါးလှနှင့် အောင်ချမ်းသာကျေးရွာအဝင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ဒေသခံပြည်သူများ ကိုယ်စား ရပ်မိရပ်ဖ ဒေါ်ဝင်းဝင်းစိန်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် လက်ပံခါးလှနှင့် အောင်ချမ်းသာကျေးရွာအဝင်လမ်း ကတ္တရာ လမ်းသစ်အား နေပြည်တော်ကောင်စီဝင် ဦးမျိုးညွန့်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန် ဦးသန်းကျော်ထူးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးကံချွန်၊ ဦးမျိုးညွန့်နှင့် တာဝန်ရှိသူများက ကတ္တရာ လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြသည်။
ယခုဖွင့်လှစ်လိုက်သည့် ကတ္တရာလမ်းသစ်သည် လမ်းအရှည် (၂၂၀၀)ပေ၊ အကျယ်(၁၂)ပေရှိကြောင်း သိရှိရသည်။ အဆိုပါ ကတ္တရာလမ်းသစ်ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ၊ ကျောင်းသား/သူများ အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ နှောင့်နှေးကြန့်ကြာမှုမရှိပဲ အဆင်ပြေချောမွေ့စွာ ရာသီ မရွေးအလွယ်တကူ သွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များ ဖြစ်သည့် ဦးကံချွန်၊ ဦးမျိုးညွန့်၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးသန်းကျော်ထူး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ ဒက္ခိဏခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

No comments:

Post a Comment