Tuesday, September 30, 2014

ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် PMG အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပါဝင်တက်ရောက်



နေပြည်တော်  စက်တင်ဘာ  ၂၉
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဆွေများအဖွဲ့ (Group of Friends of the Secretary  General on Myanmar)  မှ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံတော် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီရေး ဆိုင်ရာ မိတ်ဖက်အဖွဲ့ (Partnership  Group  for  Peace,  Development  and  Democracy  in  Myanmar-PMG)  အစည်းအဝေးကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ စက်တင်ဘာ(၂၆)ရက် ညနေပိုင်းတွင်ကျင်း ပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၊ အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်၊ PMG အဖွဲ့ဝင် (၁၅)နိုင်ငံစလုံးမှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်များ စုံညီစွာတက် ရောက်ကြသည်။

အစည်းအဝေးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက အဖွင့်မိန့်ခွန်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မြန်မာနိုင်ငံ၏ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ် ဖြစ်ပေါ်တိုးတက်မှု အကျဉ်းကို ရှင်းလင်းသည်။
ထို့အတူ အဖွဲ့ဝင်(၁၅)နိုင်ငံစလုံးမှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်အား အောင်မြင်စွာ ထမ်းဆောင်နေမှု၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်း လဲမှုများ အောင်မြင်စွာဆောင်ရွက်လျက်ရှိမှုအပေါ် ချီးကျူးပြောကြားခဲ့ကြပြီး လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အား မြန်မာ့နိုင်ငံရေးတွင် အထူးအရေးပါသည့် ဖြစ်စဉ်တစ်ရပ်အဖြစ် အလေးထား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ(၂၃)ရက် မွန်းလွဲပိုင်းတွင် Assistant  to  the  President  and  Deputy  National  Security  Advisor  for  Strategic  Communications, Mr. Benjamin  J. Rhodes, Bureau  of  East  Asian  and  Pacific  Affairs, Mr.  Daniel  R. Russel  တို့နှင့် Waldrof  Astonia  Hotel ၌လည်းကောင်း၊ စက်တင်ဘာ(၂၄)ရက် မွန်းလွဲပိုင်းတွင် Congressmen  Joe  Crowley  ၌လည်းကောင်း၊ စက်တင်ဘာ(၂၅)ရက် မွန်းလွဲပိုင်းတွင် Bureau  of  Democracy, Human  Rights, and  Labor, Assistant  Secretary, Mr. Tom  Malinowski  နှင့်လည်းကောင်းတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ဖြစ်ပေါ် တိုးတက်မှုများကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek  J.  Mitchell လည်း တက်ရောက်ခဲ့သည်။


No comments:

Post a Comment