Tuesday, September 30, 2014

ဇောတိကသဘာဝဓာတ်ငွေ့တူးဖော်မှု မှ CNG ကုဗပေ တစ်နေ့ငါးသန်းခန့် ထပ်မံရရှိနိုင် CNGသုံး မော်တော်ယာဉ်များကို နေ့စဉ် ပိုမိုဖြန့်ဖြူးပေးနိုင်မည်



ရန်ကုန်  စက်တင်ဘာ  ၂၉
မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်ပေါင်း ၂၇၀၀၀ ကျော် ရှိနေကြောင်း မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လောလောဆယ်တွင် ယင်း မော်တော်ယာဉ်များ အတွက် သဘာဝ ဓာတ်ငွေ့များကို နေ့စဉ် ဖြန့်ဖြူးပေး လျက်ရှိနေသည်။ မြန်မာနိုင်ငံတွင် CNG ကို မော်တော်ယာဉ်များ၌ စတင် အသုံးပြု ရန် ၁၉၈၆ ခုနှစ်မှ စတင်စီစဉ်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်အောင် အကောင်အထည်ဖော် နိုင်ခဲ့သည်။၂၀၀၈ ခုနှစ်အထိ CNG မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် ပေါင်း ၂၆၈၄၈ စီးရှိခဲ့ပြီး ၂၀၁၃ ခုနှစ် ၌ ဘတ်စ်ကားအစီးရေ ၂၈၉ စီးကို CNG အသုံးပြုခွင့်ပေးခဲ့ရာ ယခုအခါ မြန်မာနိုင်ငံ၌ CNG သုံးစွဲသည့် မော် တော်ယာဉ် ပေါင်း ၂၇၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်သည်။

ဓာတ်ဆီ၊ ဒီဇယ်ဆီအသုံးပြု မောင်းနှင်ရသော မော်တော်ယာဉ် များထက် CNG အသုံးပြု မောင်းနှင် သော မော်တော်ယာဉ် များက လောင်စာအတွက် ငွေကြေးကုန်ကျမှု သက် သာလျက်ရှိရာ CNG အသုံးပြု မော် တော်ယာဉ်များအဖြစ် ပြောင်းလဲလိုသော ယာဉ်ပိုင်ရှင်များစွာရှိနေသည်။ သဘာဝဓာတ်ငွေ့သုံး မော်တော် ယာဉ်များ အတွက် တစ်နေ့လျှင် CNG ကုဗပေ ၂၁ သန်းခန့် နေ့စဉ် ဖြန့်ဖြူး ပေးရလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်း လက်ရှိ အချိန်၌ CNG ရောင်းချသည့် ဆိုင်ပေါင်း ၄၅ ဆိုင်ရှိသည်။ ယင်း CNG ဆိုင်များမှာ ရန်ကုန်တိုင်း ဒေသကြီးတွင် ဆိုင်ပေါင်း ၄၀ ရှိပြီး မန္တလေးမြို့နှင့် ဝန်းကျင်ဒေသ၌ CNG ဆိုင်ပေါင်း ငါးဆိုင်ခန့်ရှိနေသည်။
ယခုအခါ ဧရာဝတီတိုင်းဒေသ ကြီးရှိ ဇောတိကကမ်းလွန် သဘာဝ ဓာတ်ငွေ့တူးဖော်မှုမှ CNG ကုဗပေ တစ်နေ့ ငါးသန်း ခန့်အထိ ထပ်မံရရှိ နိုင်မည်ဖြစ်ရာ CNG သုံးစွဲသော မော် တော်ယာဉ်များကို နေ့စဉ် ပိုမိုဖြန့်ဖြူး ပေးနိုင်မည် ဖြစ်သည်။ ထိုသို့ ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ရန်ကုန်မြို့ ထောက်ကြန့်တွင် CNG ဆိုင်သစ် တစ်ဆိုင်ဖွင့်လှစ် ရန်လည်း စီစဉ်လျက်ရှိသည်။
သို့ရာတွင် ဇောတိကကမ်းလွန် သဘာဝဓာတ်ငွေ့တွင်းမှ ရရှိသော CNG များကို မော်တော်ယာဉ်များတွင် တိုက်ရိုက် အသုံးပြုရာ၌ အခက်အခဲ တစ်စုံတစ်ရာ ရှိ၊ မရှိ စမ်းသပ်လျက် ရှိသည်။ မြန်မာနိုင်ငံတွင် လက်ရှိ အချိန်၌ CNG တစ်ကီလို ဂရမ်လျှင် ၂၇၃ ကျပ်ခန့်ဖြင့် မော်တော်ယာဉ် များအတွက် ရောင်းချလျက်ရှိရာ အခြားနိုင်ငံများထက် ဈေးနှုန်း သက်သာသည့် အနေအထား ရှိနေသည်။

No comments:

Post a Comment