Tuesday, September 9, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နယ်သာလန်နိုင်ငံ ရှိ Mauritshuis ပြတိုက်ကို ကြည့်ရှု့လေ့လာ စီးပွားရေးအသိုက်အ၀န်းမှ အမှုဆောင် အရာရှိချုပ်များနှင့် စားပွဲဝိုင်းဆွေးနွေး


သည်ဟေ့ဂ် စက်တင်ဘာ ၉
နယ်သာလန်နိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ သည် စက်တင်ဘာ ၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅မိနစ် တွင် Rotterdam ဆိပ်ကမ်းမှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ကြပြီး Mauritshuis ပြတိုက်သို့ ရောက်ရှိကြရာ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းပန်းချီကား များနှင့် ကမ္ဘာကျော် ပန်းချီကားများ ကို လှည့်လည်ကြည့်ရှု့ လေ့လာကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ သည် Confederation of Netherlands Industry and Employers (VNO – NCW)သို့ ရောက်ရှိကြရာ နယ်သာလန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ် ရေးနှင့် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Ms. Lilianne Ploumen ၊ VNO – NCWဥက္ကဋ္ဌ Mr.Ben Van Beurden နှင့် တာဝန်ရှိသူများ က ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် နယ်သာလန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr.Lilianne Ploumen ၊ Confederation of Netherlands Industry and Employers (VNO – NCW) ဥက္ကဋ္ဌ Mr. Ben van Beurden ၊ နယ်သာလန်နိုင်ငံ စီးပွားရေးအသိုက်အ၀န်းမှ အမှုဆောင် အရာရှိချုပ်များနှင့် စားပွဲဝိုင်းဆွေးနွေးပွဲ ပြုလုပ်သည်။
ဆွေးနွေးပွဲ မစတင်မီ နိုင်ငံတော်သမ္မတအား စီးပွားရေးအသိုက်အ၀န်းမှ အမှုဆောင်အရာရှိချုပ်များ က တစ်ဦးချင်းရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
စားပွဲဝိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စီးပွားရေးပြုပြင်ပြောင်း လဲမှုများ ဆောင်ရွက်ခဲ့မှုအခြေအနေ နှင့် အနာဂတ်မျှော်မှန်းချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် နယ်သာလန်စီးပွားရေးလုပ်ငန်းရှင်များက စွမ်းအင်၊ အခြေခံ အဆောက်အအုံ၊ ငွေကြေး၊ စားနပ်ရိက္ခာထုတ်လုပ်ရေးကဏ္ဍများနှင့် ပတ်သက်ပြီး သိရှိ လိုသည်များကို မေးမြန်းခဲ့သည်။
ထို့ပြင် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် နယ်သာလန်နိုင်ငံရှိ Maeslandtkering ရေထိန်းတံခါးကို သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။
၁၉၅၃ခုနှစ် ရေလွှမ်းမိုးမှုဖြစ်စဉ်တွင် လူတစ်သောင်းရှစ်ထောင်ကျော် သေဆုံးခဲ့ပြီးနောက် ရိုင်းမြစ်ဝကျွန်းပေါ်ဒေသအပါအ၀င် နယ်သာလန်နိုင်ငံ၏ အနိမ့်ပိုင်း ဒေသများကို ကာကွယ်ရန်အတွက် မြစ်ဝကျွန်းပေါ်စီမံချက် ( Delta Plan ) ကို ရေးဆွဲခဲ့ပြီး မြစ်ဝကျွန်းပေါ်ရန်ပုံငွေ( Delta Fund)ကို ထူထောင်ခဲ့သည်။ ထိုစီမံချက် အရ မြစ်ဝကျွန်းပေါ်ဒေသကို ရေကြီးမှုနှင့် မုန်တိုင်းဒီရေဒဏ်မှ ကာကွယ်ရန်အတွက် ရေထိန်းတံခါးများ၊ တာတမံများဆောက်လုပ်ခဲ့သည်။
ယခု ရေထိန်းတံခါးကို မုန်တိုင်းကြောင့်ဖြစ်ပေါ်လာသည့် ရေလွှမ်းမိုးမှုမှာ ကာကွယ် ရန်အတွက် ၁၉၉၁ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။
ရိုင်းမြစ်ဝကျွန်းပေါ်ဒေသသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် အရွယ်အစား ၊ ပထ၀ီအနေအထားတူညီသည်။ ထို့ကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ရေလမ်း ကြောင်းဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ်မှ ကာကွယ်နိုင်ရေးတို့အတွက် မြန်မာနှင့် နယ်သာလန်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ MoU ကို ၂၀၁၃ ခုနှစ် မေလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ထိုစာချွန်လွှာအရ မြန်မာနိုင်ငံတွင်ရေသယံဇာတစီမံခန့်ခွဲမှုစနစ် (Integrated Water Resources Management , IWRM ) အတွက် အချက် အလက်များ စုဆောင်းခြင်း၊ တက္ကသိုလ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းများပေးအပ်ခြင်း၊ နယ်သာလန်နိုင်ငံမှ အဆင့်မြင့် ကျွမ်းကျင်သူပညာရှင်များက ပူးပေါင်းကူညီဆောင်ရွက်ခြင်း၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုအတွက် မဟာဗျူဟာအဆင့် လေ့လာမှုပြုလုပ်ခြင်းနှင့် အကောင်အထည် ဖော်သင့်သည့် စီမံကိန်းများရွေးချယ်ခြင်းစသည့် ကဏ္ဍငါးရပ်တွင် ပူးပေါင်းဆောင်ရွက် ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် စီမံကိန်းခြောက်ခုကို စမ်းသပ်ဆောင်ရွက်ရန်စီစဉ်လျက် ရှိပြီး ၎င်းတို့မှာ မိတ္ထီလာကန်ဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂံဒေသ ဘက်စုံရေကြောင်း သွားလာမှုဖွံ့ဖြိုးတိုးတက်ရေး၊ ပန်းလှိုင်မြစ်ရေတံခါးတည်ဆောက်ရေး ၊ မန္တလေးနှင့် ပုဂံကြား ဧရာဝတီမြစ်ကြောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်နိုင်ချေလေ့လာမှု၊ ပဲခူး- စစ်တောင်း တူးမြောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာမှု နှင့် စွမ်းဆောင် ရည်မြှင့်တင်မှု သင်တန်းများဖွင့်လှစ်ရေးတို့ဖြစ်သည်။

နိုင်ငံတော်သမ္မတသည် ရော့တာဒမ် (Rotterdam) ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားမှုအခြေအနေများ၊ ဆိပ်ကမ်းနယ်မြေအတွင်း ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ် နိုင်သည့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေ ဘဲ တည်ဆောက်လည်ပတ်နေမှုအခြေအနေများကို သဘောင်္ဖြင့်လှည့်လည် လေ့လာခဲ့ ကြသည်။ 

No comments:

Post a Comment