ရှမ်းပြည်နယ် (မြောက်ပိုင်း)
တွင် ရောက်ရှိနေသည့် ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်ထောင်စု ဝန်ကြီးများ၊
ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့
ဘာသာမရွေးနာရေး ကူညီမှုအသင်းအတွက် လူနာတင်ယာဉ်ပေးအပ် လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် အလှူရှင် နယူးစတားလိုက် ကုမ္ပဏီမှ တာဝန်ရှိသူ
တစ်ဦးက လားရှိုးမြို့ ဘာသာမရွေး နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ထံ လူနာတင်ယာဉ်နှင့်
သက်ဆိုင်သည့် စာရွက်စာတမ်းများ ပေးအပ်သည်။ ထို့နောက်
ဒုတိယသမ္မတနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများသည် အမှတ်တရ ဓာတ်ပုံရိုက်ကြပြီး ဒုတိယသမ္မတက
လူနာတင်ယာဉ်ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် လားရှိုးမြို့ လေ့ကျင့်ရေး အလယ်တန်းကျောင်း
ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်
ဦးစဝ်အောင်မြတ်နှင့် ဒုတိယဝန်ကြီး ဦးသန့်ရှင်းတို့က လေ့ကျင့်ရေး အလယ်တန်းကျောင်း မုခ်ဦးအား
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဒုတိယသမ္မတက လေ့ကျင့်ရေး
အလယ်တန်းကျောင်း ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး ကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု
စစ်ဆေးရာ လားရှိုးမြို့ ပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဦးစိုးသန့်က လိုက်လံ ရှင်းလင်း
ပြသသည်။ ယင်းနောက် ဒုတိယသမ္မတသည် ကျောင်းသားများ
ပညာသင်ကြားနေမှု အခြေအနေများကို ကြည့်ရှု အားပေးကာ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး
နှုတ်ဆက် အားပေးသည်။
ဆက်လက်၍ လားရှိုးမြို့ ပညာရေးကောလိပ်
ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဒုတိယသမ္မတက ပညာရေး ကောလိပ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်
ဖွင့်လှစ်ပေးသည်။ ယင်းနောက် ပညာရေးကောလိပ်
ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ပညာရေး ကောလိပ် ကျောင်းအုပ်ကြီး ဦးစိုးသန့်က ၂၀၁၃/၁၄
ပညာသင်နှစ်တွင် လက်ခံသင်ကြား ပေးနေသည့် သင်တန်းသား သင်တန်းသူ အင်အားနှင့် သင်ကြားရေး
ဝန်ထမ်းအင်အား အခြေအနေ၊ ကျောင်းပရိဝုဏ်အတွင်း စာသင်ဆောင်များနှင့် စာသင်ခန်းများ အခြေအနေများအပေါ်
အသေးစိတ် ရှင်းလင်းတင်ပြသည်။ ဒုတိယသမ္မတက တင်ပြချက်များအပေါ်
လိုအပ်သည်များကို လမ်းညွှန်မှာကြားရာတွင် ယခု လားရှိုး ပညာရေးကောလိပ်သည် ရှမ်းပြည်နယ်
(မြောက်ပိုင်း) တွင် ပထမဆုံး ဖွင့်လှစ်သည့် ကောလိပ်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာတွင်
ပညာရေးကောလိပ် (၂၂) ခုရှိပါကြောင်း၊ အခြေခံပညာ ကျောင်းသား ကျောင်းသူ (၈ ဒသမ ၇) သန်းကျော်ရှိသည့်
မြန်မာနိုင်ငံတွင် ဆရာ ဆရာမဦးရေမှာ (၂၉၉၉၀၀) ကျော်ရှိသည်ဖြစ်ရာ အမှန်တကယ် ဖြစ်သင့်သည့်
အချိုးအားဖြင့် (၃၀ ; ၁) ဖြစ်ရမည် ဖြစ်သော်လည်း ယခုအခါ၌ (၄၀ ; ၁) ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း။
တက္ကသိုလ်ပညာ သင်ကြားမှုတွင်မူ
ဆရာနှင့် ကျောင်းသားအချိုးသည် (၁ ; ၁၅) ဖြစ်နေသည်ကို တွေ့ရပါကြောင်း၊ ထို့အတွက် များပြားလှသည့်
(၄၀ ; ၁) အချိုးအရ ဆရာ ဆရာမများ အနေဖြင့် ကျောင်းသား ကျောင်းသူများကို ထိန်းသိမ်း ကြပ်မတ်နိုင်ရန်
ခက်ခဲမည်ဟု ထင်မြင်မိပါကြောင်း၊ ထို့အတူ အရေအတွက် သာမက အရည်အချင်းပါ လိုအပ်မည် ဖြစ်ပါကြောင်း။
ဘာသာရပ်ဆိုင်ရာ သင်ထောက်ကူပြုမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်က
တတ်နိုင်စွမ်းသလောက် ပံ့ပိုးကူညီ သွားမည် ဖြစ်ပါကြောင်း၊ အင်္ဂလိပ်ဘာသာရပ်ကို ပိုမိုတိုးတက်
အားကောင်းလာစေရန် ဆရာ ဆရာမများအနေဖြင့် ကြိုးစား အားထုတ်သင့်ပါကြောင်း၊ နိုင်ငံတကာနှင့်
ဆက်ဆံရာတွင် အင်္ဂလိပ်စာ စွမ်းရည်မနိမ့်ကျစေရန် ကြိုးပမ်း အားထုတ်သင့် ပါကြောင်း။
Globalization ခေတ်တွင် ကမ္ဘာသုံး
ဘာသာစကားရပ်ပေါင်းများစွာ ရှိလာနေပြီဖြစ်ရာ မြန်မာ ဘာသာ တစ်ခုတည်း၊ အင်္ဂလိပ်ဘာသာ တစ်ခုတည်းသာမက
အိမ်နီးချင်းနိုင်ငံများ၏ ဘာသာစကားများကိုလည်း လေ့လာ၍ တတ်ကျွမ်းမှုရှိစေရန် သင်ယူသင့်ပါကြောင်း၊
ဆရာ ဆရာမများ တော်မှ၊ တတ်မှသာ မိမိတို့သင်ကြားပေးနေသည့် ကျောင်းသား ကျောင်းသူများ လည်း
တော်မည်၊ တတ်မည်ဖြစ်ရာ ဆရာ ဆရာမများက ကြိုးစားအားထုတ်ကြရန် လိုအပ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် ပညာတော်သင်များကို
နိုင်ငံတကာသို့စေလွှတ်ပြီး နိုင်ငံအတွက်အကျိုးရှိမည့် ပညာရပ်များကို သွားရောက် သင်ယူစေလျက်
ရှိပါကြောင်း၊ ယင်းသို့ တန်ဖိုးရှိသည့် ပညာရပ်များကို သင်ယူ တတ်မြောက်လာပါက မိမိတို့
နိုင်ငံအတွက် တန်ဖိုးရှိမည့် အကျိုးရှိစေမည့် ကိစ္စရပ်များကို ပြန်လည်ဆောင်ရွက် နိုင်စေရန်
မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် ဗြိတိန်နိုင်ငံမှ
လာရောက်၍ ပညာသင်ကြားပေးလျက် ရှိနေသည့် Native Speaker ဖြစ်သူ Mr. Gregory
Quinlivan အား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများ၏ အင်္ဂလိပ်စာစွမ်းရည်
ပိုမိုမြင့်မား တိုးတက်လာစေရေးအတွက် သင်ကြားပေး နိုင်ရေးဆိုင်ရာများကို မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတနှင့်
အဖွဲ့ဝင်များသည် ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ထိုမှတစ် ဆင့် အေးရှားဝေါလ်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့်
လားရှိုးမြို့ မြို့ရှောင်လမ်း ကတ္တရာ ခင်းခြင်းလုပ်ငန်း ဆောင် ရွက်နေမှု လုပ်ငန်းခွင်သို့
ရောက်ရှိကြရာ စီမံကိန်း ရှင်းလင်းဆောင်တွင် အေးရှားဝေါလ် ကုမ္ပဏီဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်၊
စီမံကိန်းတာဝန်ခံ ဒေါ်နန်းကြာလီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်တို့က
မြို့ရှောင်လမ်းအတွက် လမ်းအူကြောင်း ဖောက်လုပ်နေမှု အခြေအနေ၊ မြေကာနံရံနှင့် ကွန်ကရစ်လုပ်ငန်း
ဆောင်ရွက်နေမှု အခြေအနေ၊ လမ်းအရည် အသွေး စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊
မြေကြီးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် လမ်းဖောက်လုပ်မှု လုပ်ငန်းဆိုင်ရာ အခြေအနေများကို
ရှင်းလင်း တင်ပြကြသည်။ ထို့နောက် ဒုတိယသမ္မတက ရှင်းလင်း
တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များအပေါ် လမ်းညွှန် မှာကြားကာ မြို့ရှောင်လမ်း
အထက်ပိုင်းကို မော်တော်ယာဉ်ဖြင့် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဆက်လက်၍ အေတီရေကျော်တံတား
တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြရာ တံတား တည်ဆောက်မှု လုပ်ငန်း အခြေအနေနှင့်
ရေစီးရေလာ ကောင်းမွန်မှု အခြေအနေများကို တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ရှင်းလင်း
တင်ပြချက် များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
No comments:
Post a Comment