ဘန်းမြို့-စက်တင်ဘာ
၇
ဆွစ်ဇာလန်နိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့်အဖွဲ့သည် စက်တင်ဘာ(၆)ရက် ဒေသစံတော်ချိန် မွန်းလွဲ(၃)နာရီတွင် ဘန်းမြို့နယ်အတွင်းရှိ
အသုံးချသိပ္ပံပညာတက္ကသိုလ်သို့ သွားရောက် ကြည့်ရှုလေ့လာကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည်
Zollikofen ကျေးရွာရှိ အသုံးချသိပ္ပံပညာ တက္ကသိုလ်
(Berne University of
Applied Sciences) သို့ ရောက်ရှိကြရာ
တက္ကသိုလ်၏ ညွှန်ကြားရေးမှူး Dr. Schindler Stokar
Magdalena က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဆွစ်ဇာလန် အုပ်ချုပ်ရေး စနစ်နှင့်
စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပရော်ဖက်ဆာ Fritz Schnelder က ဆွစ်ဇာလန်နိုင်ငံ၏ နို့နှင့်နို့ထွက်ပစ္စည်း
ထုတ်လုပ်မှုဆိုင်ရာ Value Chain နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပရော်ဖက်ဆာ Roland Burki က ဆွစ်ဇာလန်နိုင်ငံ၏ စိုက်ပျိုးရေး၊ စားသောက်
ကုန်ဆိုင်ရာ ပညာရေးစနစ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းပြောကြား ချက်များနှင့် စပ်လျဉ်း၍
နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး ပရော်ဖက်ဆာများအား အမှတ်တရလက်ဆောင်များ
ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် စားသောက်ကုန်
သိပ္ပံပညာနှင့်စပ်လျဉ်းသည့် Pilot Plant ကို ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် အသုံးချသိပ္ပံတက္ကသိုလ်၏ စိုက်ပျိုးမွေးမြူရေးခြံသို့
ရောက်ရှိကြပြီး Schupfen ကျေးရွာရှိ စိုက်ပျိုးမွေးမြူရေးခြံ အတွင်း နို့စားနွားများ
မွေးမြူထားရှိမှု၊ အစားအစာကျွေးမွေးမှုနှင့် နို့စားနွားစာများ စနစ်တကျ ထုတ်လုပ်မှုနှင့်
နို့စားနွားများအား စက်ဖြင့် နို့ညှစ်ယူ၍ ထုတ်လုပ်ဖြန့်ချိမှုတို့ကို ကြည့်ရှုလေ့လာရာ
Mr. Peter Spring က လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
စိုက်ပျိုးမွေးမြူရေးခြံ မိသားစုဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေး အပ်ပြီး စုပေါင်း၍
မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ဒေသထွက်ကုန်အစားအစာများဖြင့်
တည်ခင်းဧည့်ခံသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတသည် ခေတ္တတည်းခိုသည့်
ဘန်းမြို့ရှိ Hotel Bellevue Palace ၌ ဂျီနီဗာမြို့ရှိ မြန်မာသံအမတ်ကြီးနှင့်
သံရုံးမိသားစုဝင်များ၊ ပညာတော်သင်များအား တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားပြီး လက်ဆောင်ပစ္စည်းများ
ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး ဦးမောင်ဝေက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဒေသစံတော်ချိန်
နံနက်(၉)နာရီခွဲက ဘန်းမြို့ရှိ Payerne Air Base ပိုင်ယန်းလေတပ် စခန်း၌ နေရောင်ခြည်စွမ်းအင်သုံး
လေယာဉ်အား ကြည့်ရှုလေ့လာရာတွင် နေရောင်ခြည် စွမ်းအင်သုံး လေယာဉ် Solar Impulse ကို ၂၀၁၀
ခုနှစ် ဇွန်လတွင် စတင်ပျံသန်းခဲ့ပြီး ပထမဆုံးအကြိမ် လောင်စာဆီမသုံးဘဲ ၂၆ နာရီဆက်တိုက်
ပျံသန်းနိုင် သည့် လေယာဉ်အဖြစ် မှတ်တမ်းတင်ခံရကြောင်း၊ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုကို
ဖြတ်ကျော်ပျံသန်းခဲ့ပြီး ယခုလေယာဉ်သည် ဒုတိယမျိုးဆက် လေယာဉ် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်
မတ်လတွင် ကမ္ဘာတစ်ပတ် ပျံသန်းမှု ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရှိရသည်။
ထိုသို့ ပျံသန်းစဉ် မြန်မာနိုင်ငံတွင် ခရီးတစ်ထောက်
ဆင်းသက်ရပ်နားလိုကြောင်းဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ ဆုံချိန်တွင် ဆွစ်ဇာလန်နိုင်ငံ
သမ္မတ Mr. Didier Burkhalter က ကမ်းလှမ်းခဲ့သဖြင့် နိုင်ငံတော်သမ္မတက သဘောတူခဲ့ပြီး
မြန်မာနိုင်ငံအနေဖြင့် ခရီးစဉ်အောင်မြင်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ သည်။
၂၀၁၅ ခုနှစ် မတ်လတွင် အဆိုပါလေယာဉ်သည် မန္တလေးမြို့တွင်
ခရီးတစ်ထောက် ရပ်နား ဆင်းသက်မည်ဖြစ်ပြီး ထိုသို့ ရပ်နားစဉ်ကာလအတွင်း နေရောင်ခြည်စွမ်းအင်နှင့်ပတ်သက်သည့်
ဆွေးနွေးပွဲ များပြုလုပ်ခြင်း၊ အများပြည်သူလေ့လာနိုင်ရန် စီစဉ်ပေးခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း
သိရသည်။
လက်ရှိအစီအစဉ်အရ အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာ
ယင်းနေရောင် ခြည်စွမ်းအင်သုံး လေယာဉ်ခရီး တစ်ထောက် ရပ်နားမည်ဟု သိရှိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် Konolfingen
ရှိ Nestle စက်ရုံကို သွားရောက် ကြည့်ရှုလေ့လာကြသည်။
Nestle ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစတင်ပြီး
၆ နှစ်ကာလအတွင်း ဒေါ်လာသန်း ၅၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။ ၂၀၁၃ ခုနှစ်တွင် နက်စ်လေ
မြန်မာကုမ္ပဏီကို မြန်မာနိုင်ငံတွင် မှတ်ပုံတင်ခဲ့ပြီး ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို
၂၀၁၄ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြထားပြီးဖြစ်ကြောင်း
သိရသည်။
နက်စ်လေ ကုမ္ပဏီအနေဖြင့် ကော်ဖီ၊ နို့နှင့်
နို့ထွက်ပစ္စည်း၊ ရေသန့်နှင့် ဖျော်ရည်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း
သိရှိရသည်။
No comments:
Post a Comment